ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် သူ၏သားတော်ကို ပေးတော်မူပြီ။

“သားဦးကို ဘွားမြင်၍ အ၀တ်နှင့် ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့် သူငယ်ကို နွားစာခွက်၌ သိပ်ထားလေ၏။” —လုကာ ၂း၇

သတင်းစာ၏ စာမျက်နှာအပြည့် ကြော်ငြာက အာရုံကို ဖမ်းစားထားသည်။ အပြာရောင်ဖျော့ဖျော့ စာမျက်နှာ၏ထိပ်ပိုင်းတွင် ကြယ်ပုံကို တွေ့ရပြီး “သားယောက်ျားလေး” ဟု စာမျက်နှာအလယ်တွင် ရေးသားထားသည်။

“ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော် တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဘွားမြင်ခြင်းကို ခံတော်မူပြီ” ဟု လုကာ ၂း၁၁ ကျမ်းပိုဒ်ကို စာမျက်နှာ၏ အောက်ခြေတွင် ရေးထားသည်။

“သားယောက်ျားလေး” ဟူသော သတင်းရိုးရိုးလေးက ဤလောကသို့ သူငယ်တော်အဖြစ် ဆင်းကြွလာသော ကယ်တင်ရှင်၏ ထူးခြားခြား လက်ဆောင်ကို ကြေညာလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့် လူ့ဇာတိခံယူခဲ့ပါသနည်း။

အပြစ်ဒုစရိုက်ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဘုရားနှင့် ဝေးကွာလျက်ရှိသဖြင့် ဘုရားသခင်သည် ယေရှုခရစ်တော်ကို ဤလောကသို့ စေလွှတ်ရန် အထူးလိုအပ်သည် (ရော ၃း၂၃)။ ဘုရားနှင့်လူ ပြန်လည်ပေါင်းစည်းရေးအတွက် ကြားခံဆောင်ရွက် ပေးမည့်သူ၊ အပြစ်နှင့်ကင်းစင်လျက် စုံလင်သော ကယ်တင်ရှင်တစ်ပါး လိုအပ်သည်။ ဘုရားရှင် တစ်ပါးတည်းသာ ဤဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဆောင်ကြဉ်းပေးနိုင်၏။

ဘုရားသခင်သည် ယေရှုရှင်ကို စေလွှတ်ရန် အလိုရှိသည်။ ကျွန်ုပ်တို့ကို လွန်စွာချစ်သောကြောင့် သူ၏တစ်ပါးတည်းသော သားတော်ကို ပေးခဲ့ခြင်းဖြင့် (ယော ၃း၁၆) ဘုရားနှင့်လူ ပြန်လည်ဆက်ဆံပေါင်းစည်းခွင့်ရခဲ့သည်။ ခရစ်တော်တစ်ပါးတည်းသာ ဘုရားစိတ်တော်ကို ကျေနပ်စေမည့် အပြစ်အနာအဆာကင်းသော ယဇ်ကောင်ဖြစ်သည် (ဟေဗြဲ ၉း၁၁-၁၅)။ ခရစ်တော်မှ လိုလိုလားလားဖြင့် ကားတိုင်ပေါ်တွင် သူ့ကိုယ်သူ ပေးဆပ်ခဲ့သည်။ ဘုရားသခင်သည် ထိုပူဇော်သက္ကာကို လက်ခံခဲ့ပြီး ယေရှုခရစ်တော်ကို သေခြင်းမှ ထမြောက်စေခဲ့သည်။

ကျွန်ုပ်တို့ လိုအပ်နေ၍ တစ်ကြောင်း၊ မေတ္တာတော်ရှိခြင်းကြောင့်တစ်ကြောင်း၊ ခမည်းတော်သည် သားတော်ယေရှုကို လက်ဆောင်အဖြစ် ပေးခဲ့သည်။ ဘုရား၏ လက်ဆောင်ကို ယနေ့လက်ခံပါ။ အခမဲ့ဖြစ်၏။ — ANNE CETAS

ကျွန်ုပ်တို့ အသက်ရှင်ရန် အလို့ငှာ ယေရှုရှင် အသေခံခဲ့သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရောမသြ၀ါဒစာ ၃း၂၂-၂၆

၂၂ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။ ၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ၂၄ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ၂၅ ဘုရားသခင်သည် သည်းခံတော်မူ၍၊- ၂၆ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း၊ ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။