ကျေးဇူးတော်လက်ဆောင် ။ ။ ကျွန်ုပ်အတွက် သခင်ဘုရား ကြွဆင်းလာသည်။

“သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။” —၁ ယော ၄း၉

ဘုရားသခင်အကြောင်းနှင့်စပ်လျဉ်း၍ မသဲကွဲေ၀၀ါးနေသော ကျွန်တော့်အမြင်များကို သခင်ယေရှု ပြုပြင်ပေးခဲ့သည်။ ကျွန်ုပ်တို့ကိုရှာရန် ကြွလာသည့်ဘုရား၊ ကျွန်ုပ်တို့၏ လွတ်လပ်မှုကို ဖြစ်စေသည့်ဘုရား၊ ချစ်ခြင်းမေတ္တာဖြစ်တော်မူသောဘုရားကို သခင်ယေရှု ဖော်ပြခဲ့သည်။

ခရစ်ယာန်အသိုင်းအ၀န်း၌ ကြီးပြင်းခဲ့သူများအနေဖြင့် သခင်ယေရှု၏ သတင်းစကားများအပေါ် အံ့သြတုန်လှုပ်မှု ဖြစ်ချင်မှ ဖြစ်မည်။ ချစ်ခြင်းမေတ္တာသည် လူသားနှင့် ၎င်းတို့၏ကိုးကွယ်ရာ ဘုရားများအကြား ဖြစ်ပျက်သည့်အမှုအရာကို ဖော်ပြသည့် သာမန်နည်းလမ်းမျှသာ မဟုတ်ပါ။ ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က “ ဇုနတ်ဘုရား ကို ချစ်တယ်။  ဇုနတ်ဘုရား က လူတွေကို ချစ်တယ်လို့ တစ်ယောက်ယောက်က ပြောတယ်ဆိုရင် ဒါဟာ အင်မတန် ထူးဆန်းတာပဲ” ဘွင်းဘွင်းပြောချလိုက်သည်။ ခရစ်ယာန်တို့၏သမ္မာကျမ်းစာတွင်မူ သခင်ယေရှု ဤလောကသို့ ကြွဆင်းလာသည့်အကြောင်းရင်းမှာ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ “သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏” (၁ ယော ၄း၉)။

တစ်ခါက ကျွန်တော် ခရီးသွားရန် လေဆိပ်၌ စောင့်ဆိုင်းခဲ့ရသည်။ ထိုစဉ်က Disappointment with God ဟူသည့် စာအုပ်ကို ကျွန်တော် ရေးသားနေချိန်ဖြစ်ပြီး အခြားသူတို့၏ ၀မ်းနည်းခြင်း၊ သံသယနှင့် ဆုတောင်းချက်အဖြေမရသည့်အဖြစ်များနှင့် ကျွန်တော်ဝန်လေးဖိစီး ခံစားခဲ့ရသည်။

ဖြစ်ချင်တော့ ကျွန်တော့်မိတ်ဆွေ ကာရင်ကလည်း ကျွန်တော်သွားမည့် ညီလာခံသို့ သွားမည်ဖြစ်၍ လေဆိပ်၌ ဆုံမိကြသည်။ ကျွန်တော်ပြောသမျှကို ကာရင် ကြာမြင့်စွာ နားထောင်ပေးခဲ့သည်။ ပြီးမှ သူက “ဖိလစ်၊ ဘုရားသခင် နင့်ကို ချစ်ဖို့ကိုပဲ အခွင့်ပေးလိုက်ပါလား။ ဒါဟာ အရေးကြီးတယ်လို့ ငါထင်တယ်” ဟု ဆိုလိုက်သည်။

ခရစ်ယာန်ယုံကြည်ချက်၏ အရေးကြီးဆုံးသော သတင်းစကားကိုမှ ကျွန်ုပ်ကျော်သွား၊ လွတ်သွားကြောင်းကို ကျွန်ုပ် သိလိုက်သည်။ သခင်ယေရှုအကြောင်းသည် မေတ္တာအကြောင်းပင်ဖြစ်သည်။ ထိုမေတ္တာဇာတ်လမ်း၌ နာကျင်စရာ၊ စိတ်ပျက်စရာ၊ အားလျော့စရာအကြောင်းများ ပါဝင်သည်။ သို့သော် သူ့မိသားစုဝင်များကို ပြန်ရရန်အရေးအတွက် ဘုရားသခင်သည် မည်သည့် အတိုင်းအတာအထိ လိုက်ရသည်ဖြစ်စေ လိုက်မည့်ဘုရားသခင်၏ကတိတော်ကို သခင်ယေရှုက ပုံဖော်အသက်ဝင်စေခဲ့တော့သည်။ — PHILIP YANCEY

ဘုရားသခင်လူ့ဇာတိကို ခံယူသည်တွင် ချစ်ခြင်းမေတ္တာဖြစ်တည်ခဲ့သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၄း၁-၉

ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ၀ိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံသော ၀ိညာဉ်မည်သည်ကား ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ၀န်မခံသော ၀ိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သော ၀ိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏၀ိညာဉ်ဖြစ်၏။ ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသောသူထက်သာ၍ ကြီးမြတ်တော်မူ၏။ ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။ ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကို သိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည် ထောက်၍ သမ္မာဝိညာဉ်ကို လည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။ ချစ်သူတို့၊ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေ တော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ဖြစ်တော်မူ၏။ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။