ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်ကို ကျွန်ုပ် သိကျွမ်းနိုင်သည်။

“ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ … အမှုတော်တို့ကို လူများတို့အား ပြသကြလော့။” —၅ ရာ ၁၆း၈

နယူးအင်္ဂလန်မြောက်ပိုင်း ဆောင်းရာသီ အားသစ်လောင်းအစီအစဉ်၌ လူတစ်ဦးက ‘‘သင် အကြိုက်ဆုံးခရစ်စမတ်လက်ဆောင်က ဘာလဲ’’ ဟု မေးခဲ့သည်။

အားကစားသမားတစ်ဦးက ဖြေရန် စိတ်အားထက်သန်နေသည်။ သူ့ဘေးမှ မိတ်ဆွေကို ကြည့်ရင်း ‘‘အဲဒါက လွယ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် ကောလိပ်ကျောင်းပြီးသွားတော့ ကြေးစားဘောလုံး ကစားမယ်လို့ အပိုင်တွက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာဘူး။ အဲဒီအခါ ကျွန်တော် ဒေါသထွက်ခဲ့တယ်။ ခါးသီးမှုက ကျွန်တော့်ကို ၀ါးမြိုသွားပြီး ကျွန်တော့်ကို ကူညီဖို့ ကြိုးစားတဲ့ လူတိုင်းကို အဲဒီ ခါးသီးမှုအကြောင်းပဲ ပြောဖြစ်ခဲ့တယ်။”

ဒီလိုနဲ့ နောက်ခရစ်စမတ်ရာသီတစ်ကြော့ပြန် ရောက်လာတယ်။ ဘောလုံးလည်း မကစားရသေးဘူး။ အဲဒီအချိန်မှာ ဒီမိတ်ဆွေရဲ့ အသင်းတော်မှာ ခရစ်စမတ်ပြဇာတ် သွားကြည့်ခဲ့တယ်။ ‘‘ခရစ်တော်ယေရှုကို လိုအပ်လို့ မဟုတ်ပါဘူး။ ကျွန်တော့် တူမလေးက ခရစ်စမတ် သရုပ်ဖော်မှာ ပါမှာမို့လို့ သွားကြည့် ဖြစ်တာ၊ ဘာဆက်ဖြစ်လဲဆိုတာ ပြောပြရမှာ အတော်လေး အူကြောင်ကြောင်နိုင်တယ်။ ကလေးတွေ ကပြတင်ဆက်နေတုံးမှာ အဲဒီသိုးထိန်းတွေ၊ ကောင်းကင်တမန်တွေနဲ့အတူ ကျွန်တော် သခင်ယေရှုကို တွေ့ဖို့ လိုနေတယ်လို့ ခံစား လိုက်ရတယ်။ ပရိသတ်က `တိတ်ဆိတ်ည´ ဓမ္မတေး ဆိုပြီးချိန်အထိ ကျွန်တော့်နေရာမှာဘဲ ဆက်ထိုင်ပြီး ငိုမိတယ်။’’

‘‘အဲဒီညမှာဘဲ ကျွန်တော့်ရဲ့အကောင်းဆုံးခရစ်စမတ်လက်ဆောင်ကို ရရှိခဲ့တယ်။’’ ဟု ပြောသည်။ တစ်ဖန် သူ့မိတ်ဆွေကို ညွှန်ပြပြီး ‘‘ဒီလူက သူ့မိသားစုကို အိမ်ပြန်လွှတ်လိုက်ပြီး သူက ကျန်နေခဲ့တယ်။ ပြီးတော့ ယေရှုကို ဘယ်လို တွေ့ဆုံရမယ်ဆိုတာ ကျွန်တော့်ကို ပြောပြခဲ့တယ်။’’

ထိုနေရာရောက်မှ သူ့မိတ်ဆွေက ‘‘ကိုယ့်လူတို့၊ အဲဒါက ကျုပ်ပေးတဲ့ အကောင်းဆုံး ခရစ်စမတ်လက်ဆောင်ပဲ’’ ဟု ဆက်ပြောလိုက်သည်။

ဤခရစ်စမတ်အချိန်၌ ၀မ်းမြောက်ဖွယ်ရာ ရိုးရှင်းသော သခင်ယေရှု၏ဖွားမြင်တော်မူခြင်းအကြောင်းသည် တစ်ပါးသူများကို ကျွန်ုပ်တို့ ပြောပြသောအကြောင်းအရာဖြစ်ပါစေသား။ — RANDY KILGORE

တစ်ပါးသူတို့အတွက် ငြိမ်သက်ခြင်းနှင့်ခွင့်လွှတ်ခြင်းကို သခင်ယေရှု ဆောင်ကြဉ်းပေးခြင်းအကြောင်းသည် အကောင်းဆုံး ခရစ်စမတ်လက်ဆောင်ဖြစ်သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရာဇ၀င်ချုပ်ပဌမစောင် ၁၆း၈-၁၃

ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သောအမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ ၁၀ သန့်ရှင်းသောနာမတော်၌ ၀ါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။ ၁၁ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ ၁၂ စီရင်တော်မူသော အံ့သြဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ ၁၃ ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊…။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။