ကျေးဇူးတော်လက်ဆောင် ။ ။ ကျွန်ုပ်တစ်ယောက်တည်း မဟုတ်တော့ပါ။

“ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။” —ဟေရှာ ၇း၁၄

မကြာမီကမှ အိမ်ထောင်ကျပြီး ကလေးအလွန်လိုချင်သည့် မိတ်ဆွေတစ်ဦးနှင့် ကျွန်တော် စကားပြောဖြစ်သည်။ သူတို့ ဇနီးမောင်နှံက ကလေးရအောင် အစီအစဉ်ဆွဲလျက် ဆုတောင်းနေကြသည်။ ကလေးနံမည်ပင် ရွေးထားပြီးပြီ။ သို့သော် သူ့ဇနီးက ကိုယ်ဝန်ပင် မရှိသေးပါ။

ဘီစီ ၇၃၅ က ၀ိညာဉ်ရေးရာ၌ ရုန်းကန်နေရသည့် ယုဒလူတို့အား ပရောဖက် ဟေရှာယမှ ဤသို့ ပရောဖက်ပြုထားသည်။ “ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့။ (ဧမာနွေလအနက်ကား ငါတို့နှင့် အတူရှိသော ဘုရားပေတည်း” (ဟေရှာ ၇း၁၄)။ သခင်ယေရှုကို သူမမွေးဖွားမီ နှစ်ပေါင်း ၇၃၀ ခန့်ကတည်းက ကြိုတင်နာမည်မှည့်ပေးထားသည်။

ခရစ်စမတ်နှင့် ပတ်သက်သည့် သမ္မာတရားအားလုံးကို “ငါတို့နှင့်အတူ ရှိတော်မူသောဘုရား”ဟူ၍ စာတစ်ကြောင်းတည်းနှင့် ပြောနိုင်သည်ဟု ပြောဆိုကြသည်ကိုလည်း ကျွန်တော်ကြားဖူးသည်။ သခင်ခရစ်တော် လူဇာတိခံကာ မွေးဖွားလာခြင်းအကြောင်းကို ခရစ်စမတ်အချိန်၌ ကျွန်တော်တို့ အာရုံပြုတတ်ကြသည်။ သို့သော် “ငါတို့နှင့်အတူ ရှိတော်မူသောဘုရား” ဟူသည့် ကိုယ်တော်၏ ဖြစ်တည်မှုအစစ်အမှန်၌ ပို၍ အာရုံပြုသင့်သည်။

ဧမာနွေလ၏ အဓိပ္ပာယ်မှာ အဝေးရှိ ပလ္လင်ပေါ်၌ထိုင်နေသည့် ဘုရားနှင့် တစ်သီးတစ်ခြား ဖြစ်မနေခြင်းကို ဆိုလိုသည်။ ကျွန်တော်တို့နှင့် အတူရှိရန် ကိုယ်တော်ကြွလာတော်မူသည်။ လူ့အသွေးအသားနှင့် လူသားကဲ့သို့ပင် ၀တ်စားသည်။ ယောသပ်နှင့် မာရိတို့က ၎င်းတို့၏ သားကို နာမည်နှင့်တကွ ခေါ်လိုက်တိုင်း ဘုရားသခင်သည် ၎င်းတို့နှင့် တစ်မိုးအောက်တည်းတွင် ရှိနေခြင်းကို သတိပေးသည်။

သင်တစ်ဦးတည်း ဖြစ်နေပါသလား။ ကြောက်ရွံ့ခံစားနေရပါသလား။ ဘုရားသခင်သည် အဝေးတစ်နေရာမှ သင့်ကို တိတ်တခိုးစောင့်ကြည့်နေသကဲ့သို့ ခံစားနေရပါသလား။ ခရစ်စမတ်၏သတင်းစကားမှာ သခင်ယေရှု ကြွလာတော်မူခြင်းကြောင့် သင်တစ်ဦးတည်း ဖြစ်မနေတော့ပါ။ ဧမာနွေလဘုရားသည် ငါတို့နှင့်အတူရှိတော်မူသော ဘုရားသခင်ဖြစ်သည်။ — K. T. SIM

ဧမာနွေလ – ငါတို့နှင့်အတူရှိတော်မူသောဘုရား


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ဟေရှာယအနာဂတ္တိကျမ်း ၇း၁၀-၁၄

၁၀ တစ်ဖန်ထာဝရဘုရားက၊ သင်၏ ဘုရားသခင် ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့။ ၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊- ၁၂ အာခတ်မင်းက၊ ကျွန်ုပ် မတောင်းပန်ပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။ ၁၃ ထိုအခါ ဟေရှာယက၊ အို ဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကို ငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော။ ၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။