ကျေးဇူးတော်လက်ဆောင် ။ ။ ခရစ်တော်သည် ကြီးသောအမှုကို ပြုတော်မူပြီ။

“တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အား ပြုတော်မူပြီ။” —လု ၁း၄၉

စီးပွားရေးကျဆင်းပြီး ခရစ်စမတ်တွင် သုံးစွဲရန် ငွေအနည်းငယ်သာရှိတော့သည့် ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ကျွန်ုပ်ဖတ်ခဲ့ရသည်။ နှစ်သစ်ကူးပြီးလျှင် သူတို့အိမ်ပြောင်းရတော့မည်။ သို့သော် ထိုကိစ္စများကြောင့် ခရစ်စမတ်ပွ္ပဲ္ပ၌ ပျော်ရွှင်ရမည့်အရေးကို မထိခိုက်စေလို။ ထို့ကြောင့် ပါတီပွဲတစ်ခုကို ကျင်းပရန် စီစဉ်ခဲ့သည်။ ဧည့်သည်များရောက်ရှိချိန်၌ သစ်ကတိုးသစ်ပင်ပေါ်၌ မီးသီးလေးများ ထွန်းညှိထားပြီး အပင်၏ ရိုးတံပေါ်၌ သေးငယ်သော စက္ကူလိပ် အပိုင်းအစတို့ကို ဖဲပြားနှင့် ချည်ကာ တန်ဆာဆင်ထားသည့် သစ်ပင်ကို တွေ့ကြရသည်။

“ကောင်းချီးသစ်ပင်မှ ကြိုဆိုပါတယ်” ဟု ပြုံးရွှင်စွာ ဖိတ်ခေါ်လျက်၊ “ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို အသာထား၊ ဘုရားရှင်ဟာ နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ ကောင်းချီးပေးခဲ့တယ်။ ဒါကြောင့် ဒီသစ်ပင်ကို ကိုယ်တော့်ထံ ဆက်ကပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူအပိုင်းအစတစ်ခုစီဟာ ဒီနှစ်ထဲမှာ ဘုရားပေးခဲ့တဲ့ ကောင်းချီးတွေကို ပုံဆောင်ပါတယ်” ဟု ဆိုခဲ့သည်။

ထိုအချိန်မှစ၍ အခက်အခဲ ဒုက္ခများကို တိုး၍ ကြုံတွေ့ရသော်လည်း ဘုရားသခင်ကိုသာ အာရုံပြု ဦးထိပ်ထားခဲ့သည်။ ကောင်းချီးသစ်ပင်နှင့် ထိုခရစ်စမတ်သည် သူတို့၏ဘ၀၌ အတင့်တယ်ဆုံးဟု မှတ်ချက်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ငါ့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။… တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည် အံ့ဘွယ်သော ကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ” (လု ၁း၄၇-၄၉) ဟု မာရိနည်းတူ သက်သေခံနိုင်ခဲ့ကြသည်။

မည်သည့်အရာကမျှ ခရစ်တော်ကို မဖျက်ဆီးနိုင်သကဲ့သို့ မိမိ၏မည်သည့် ဒုက္ခအခက်အခဲများကမှ ခရစ်စမတ်ကို မဖျက်ဆီးနိုင်။ သခင်ယေရှုကို မျက်မှောက်ပြု ဦးထိပ်ထားပြီး – မိမိ၏ကိုယ်ပိုင် ကောင်းချီးသစ်ပင်အားဖြင့်ဖြစ်စေ- အခြားသူများနှင့် ကိုယ်တော်၏ ကောင်းချီးများကို ဝေငှရန် နည်းလမ်းရှာကြံပါလေ။ — JOANIE YODER

ခရစ်စမတ်၏အဓိပ္ပာယ် ဖွင့်ဆိုရန် ခရစ်တော်ကို ပထမနေရာ ဦးစားပေးပါ။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၁း၄၆-၅၅

၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ ၄၇ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ ၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသော လူအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။ ၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အား ပြုတော်မူပြီ။ ထိုဘုရား၏နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။ ၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်းကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။ ၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြုတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။ ၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။ ၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။ ၅၄ ငါတို့ဘိုးဘေးများ တို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊- ၅၅ အာဗြဟံမှစသော သူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။