ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် ကျွန်ုပ်ကို အလင်းသို့ ပြညွှန်သည်။

“…သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” —ဟေရှာ ၉း၂

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ပြည်နယ် ပင်မ်ပန်ဂါ ဒေသတွင် ဆန်ဖာနန်ဒို မြို့တော်တည်ရှိသည်။ ထိုသမိုင်းဝင် မြို့လေးတွင် ဖိလစ်ပိုင်လူမျိုးတို့၏ ငြိမ်သက်အေးချမ်းစွာ ရိုးရာခရစ်စမတ်ပွဲတော် ဆင်နွဲသည့် paróls ပွဲတော်ကို ကြီးမားသော မီးပုံးဖြင့် ဆင်နွဲကြသည်။ ၀ါး၊ စက္ကူရောင်စုံ၊ ဖရောင်းတိုင်များဖြင့် ပါရမီရှိသည့် လက်မှုပညာရှင်များက အံ့မခန်းလှပသည့် ကြယ်ပုံသဏ္ဌာန် မီးပုံးကြီးကို ပြုလုပ်ပြီး ခရစ်တော်မွေးဖွားခြင်းကို ကြိုဆိုကြသည်။

အိမ်နီးချင်းမြို့ပြဒေသများ၊ စီးပွားရေး အချက်အခြာကျသည့် လမ်းမထက်၊ အထပ်မြင့်ကွန်ဒိုတိုက်ခန်းများထိတိုင် ဤဓလေ့ကို ကမ္ဘာတစ်ဝှမ်းသို့ ဖိလစ်ပိုင်လူမျိုးတို့ ဆောင်ယူဆင်နွဲကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ တောကြိုအုံကြား ကျေးလက်တဲငယ်များတွင်ပင် ကြယ်မီးပုံး၏ အလင်းရောင် တစ်လက်လက်ကို မြင်ရသည်။ နေရာဒေသသာ ကွာခြားသည်။ ခရစ်စမတ်၏ ၀မ်းမြောက်ခြင်းကဖြင့် အတူတူပင်ဖြစ်သည်။

ရှေးပဝေသဏီက ကျေးလက်တောင်စောင်းအနီးတွင် “ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်ကြည့်နေကြစဉ်… ကောင်းကင်တမန်နှင့် အတူ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍ ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏” (လု ၂း၈၊ ၁၃-၁၄)။

Paróls ပွဲတော်သည် လောက၏အလင်းဖြစ်တော်မူသည့် သခင်ဘုရားထံ လက်ဆောင်ယူလာပေးသူ ပညာရှိမင်းတို့အား လမ်းပြညွှန်သည့် ဗက်လင်မြို့မှ ကြယ်ကို ကိုယ်စားပြုဖော်ပြသည်။ ကြွယ်ဝချမ်းသာသော ပညာရှိမင်းများနည်းတူ အိမ်ယာမဲ့ အခြေအနေမဲ့ သိုးထိန်းများကို အတူတူ လက်ခံကြိုဆိုခဲ့သည်။ ပရောဖက် ဟေရှာယ ကြိုတင်နိမိတ်ဖတ်သည့်နည်းတူ “သေမင်းနိုင်ငံ၏ အရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏” (၉း၂)။ ထိုအလင်းတော်သည် လူတိုင်းအတွက် ဖြစ်သည်။ — TIM GUSTAFSON

သခင်ခရစ်တော် ယူဆောင်လာသော အလင်းတော်သည် ကျွန်ုပ်တို့၏ အမှောင်မိုက်ဆုံး နေရက်များကိုပင် ထွန်းလင်းစေလိမ့်မည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂း၁၃-၂၀

၁၃ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊- ၁၄ ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။ ၁၅ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- ၁၆ အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစာခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကို လည်းကောင်း တွေ့ကြ၏။ ၁၇ တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏အကြောင်းစကားကို အနှံ့အပြားပြောကြ၏။ ၁၈ သိုးထိန်းတို့ပြောသောစကားကို ကြားသောသူရှိသမျှတို့သည် အံ့သြခြင်းရှိကြ၏။ ၁၉ မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။ ၂၀ သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့သြချီးမွမ်းလျက် ပြန်သွားကြ၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။