ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် အသက်သစ်ကို ပေးတော်မူပြီ။

“ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း။” —ယော ၁၀း၁၀

ငယ်စဉ်ကလေးဘ၀က ကျွန်တော်၏ ခရစ်စမတ်အချိန်များသည် ကိုကိုးစိုက်ခင်း၊ မဟော်ဂနီနှင့် သဖန်းပင်များကြားရှိ ရွာငယ်လေးများတွင် ကုန်လွန် ဖြတ်သန်းခဲ့သည်ကို အမှတ်ရမိသည်။ အသက် ၈ နှစ် ၉ နှစ် အရွယ် ကျွန်တော်တို့ ကလေးတစ်သိုက်မှာ အလွန်ပျော်ရွှင်လျက်၊ ခရစ်စမတ်အတွက် မိဘများက ဆင်မြန်းပေးသည့် အ၀တ်အစားသစ်များ ၀တ်ဆင်ပြီး၊ သူငယ်တော်ယေရှုကို လှည့်လည်ရှာဖွေကြသည့် မာဂုပညာရှိများပမာ (မဿဲ ၂း၁-၂)၊ တစ်အိမ်တက် တစ်အိမ်ဆင်း တစ်ရွာမှတစ်ရွာသို့ ပျော်ရွှင်စွာ သွားရောက်ကြသည်။

ထိုနေရာများ၌ သူငယ်တော် ယေရှု ရှိမနေပါ။ သို့သော် ကျွန်တော်တို့ ကလေးတစ်သိုက်၏ ရင်းနှီးပျော်ရွှင်ပေါင်းဖော်မှု ပွားများ ခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် အမေက အိမ်နီးချင်းများထံသို့ မုန့်ဝေခဲ့သည်။ ကျွန်တော်တို့အတွက် ရွာခရစ်စမတ်သည် စေတနာ ယိုဖိတ်လျက် မေတ္တာအကြင်နာပြသည့် အချိန်အခါသမယပင်ဖြစ်သည်။

သို့သော် ခရစ်စမတ်၏စစ်မှန်သောအနှစ်သာရ လိုနေခဲ့သည်။ ပျော်ပွဲရွှင်ပွဲဆင်နွှဲရင်း ပွဲခံရသည့်အကြောင်းအရင်း ပျောက်ဆုံးနေသည်။ မည်သည့် ရွာတွင်မှ ဘုရားကျောင်းမရှိ၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ဘုရားသခင်သည် သားတော်ကို စေလွှတ်ခဲ့သည့်တိုင် ကျွန်တော်တို့ကို ချစ်သည့် ဘုရားသခင်အကြောင်း သတင်းကောင်းကို မည်သူမျှ ကျွန်ုပ်တို့ကို မပြောပြခဲ့ပါ (ယော ၃း၁၆) ။ မွေးနေ့ရှင်မရှိဘဲနှင့် မွေးနေ့ပါတီပွဲကျင်းပနေသကဲ့ ဖြစ်နေသည်။

မာဂုပညာရှင်များမှာ ထိုသို့မဟုတ်၊ ၎င်းတို့က အဓိက သခင်ယေရှုကို ရှာဖွေရန် ရောက်လာကြသည်။ “ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာ ရှိတော်မူသနည်း”(မ ၂း၂) ဟု မေးမြန်းစူးစမ်းသည်။ “မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ… ဆက်ကပ်ပူဇော်ကြ၏” (း၁၁)။ သူငယ်တော်ကို အရင်တွေ့ပြီး၊ ပြပ်ဝပ်ကိုးကွယ်ပြီးမှ လက်ဆောင်ကို ဆက်သသည်။

ကလေး၊ လူကြီး မည်သူပင်ဖြစ်စေ၊ သိနားလည်ရမည့်သမ္မာတရားမှာ ခရစ်စမတ်ပွဲသည် ပွဲလမ်းသဘင်မျှမကပါ။ ခရစ်စမတ်သည် ခရစ်တော်၌ဗဟိုပြုခြင်း အကြောင်းတည်း။ ကျွန်တော်တို့သည် “အထူးသဖြင့် (ကြွယ်ဝသော) အသက်နှင့် ပြည့်စုံစေခြင်းငှာ” ဘုရားသခင်၏သားတော် ကြွဆင်းလာခဲ့ပါသည်။ — LAWRENCE DARMANI

ခရစ်စမတ်ရာသီ၏ အဓိကအကြောင်းရင်းမှာ သခင်ယေရှုဖြစ်သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၂း၁-၁၁

ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကို ခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊- ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။ ထိုစကားကို ကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြိုသားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာ ရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။ ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသောအချက်ဟူမူကား၊- အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်၊ မြို့ယုတ်မဟုတ်၊ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြား လျှောက်ထားကြ၏။ ထိုအခါ ဟေရု၏မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသောအချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- သင်တို့ သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။ ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင် ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသောကြယ်သည် သူတို့ရှေ့က သွားသဖြင့်၊ သူငယ်တော်ရှိရာ အရပ်အပေါ်သို့ ရောက်၍ တည်လျက်နေ၏။ ၁၀ ထိုကြယ်ကို မြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍- ၁၁ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံသာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။