ဖေဖော်ဝါရီလခေါင်းစဥ် | ချစ်နှစ်သက်ဖွယ်သောလက္ခဏာအကျင့်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း

သူတစ်ပါးကိုချစ်ခြင်းနှင့် အချစ်ခံရခြင်း၏ အဓိပ္ပာယ်ဆိုလိုရင်းကား အဘယ်နည်း။ တစ်ခါတစ်ရံ ၎င်းတို့၏အဓိပ္ပာယ်ကို လိုသည်ထက်ပို၍ ရှုပ်ထွေးအောင် လုပ်မိသည်ဟု ကျွန်မထင်ပါသည်။ တစ်ချိန်ပြီးတစ်ချိန် ခံစားရသည့်ခံစားချက်များကို ခွဲခြမ်းစိတ်ဖြာရင်း မေတ္တာဆိုသည်မှာ ခံစားချက်သက်သက်မဟုတ်ကြောင်း ကျွန်မတို့ မေ့နေတတ်သည်။ မေတ္တာဆိုသည်မှာ ဘဝရှင်သန်ရမည့်လမ်းစဥ်နှင့် လောက၌ကျင်လည်ရမည့်လမ်းစဥ် ဖြစ်ပါသည်။ မည်သို့ချစ်ရမည်ကို စိတ်ဓာတ်ခိုင်မာခြင်း၊ ကောင်းကျိုးအလို့ငှာရည်ရွယ်သည့် စေတနာစိတ်တို့ဖြင့် သင်ယူ၍မရပါ။ မေတ္တာကို ခံစားရခြင်းနှင့် မေတ္တာဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ ချစ်ခြင်းသဘောကို သင်ယူရပါသည်။

ဒါရိုက်တာ Jerry Bock (ဂျယ်ရီဘော့)၏ ‘Fiddler on the Roof – ခေါင်မိုးပေါ်တွင် တယောထိုးသူ’ ရုပ်ရှင်ဇာတ်ကားတွင် အဓိကသရုပ်ဆောင် Teyve (ထဲဗီ)က (မိဘများစီစဉ်ပေးခဲ့သည့်) သူ့ဇနီး Golde (ဂိုး)အား “ကိုယ့်ကို ချစ်လား” ဟု ရုတ်တရက်မေးလိုက်သည့် ဇာတ်ဝင်ခန်းကို ကျွန်မသဘောကျမိသည်။ Golde က “ဘာ … ဘာ ဖြစ်တယ်”ဟု ပျာပျာသလဲ ပြန်မေးသည်။ ထိုမှစ၍ ၂၅ နှစ်တာ အတူတကွ ရုန်းကန်ရင်ဆိုင်လျက်၊ သားသမီးများကို ပျိုးထောင်ခြင်းက ချစ်ခြင်းမေတ္တာ မဟုတ်ပါလျှင် အချစ်ဆိုသည့်အရာကို Golde သိမည်မဟုတ်ဟု နောက်ဆုံး Golde ဝန်ခံခဲ့သည်။ သူတို့သည် တစ်ဉီးကိုတစ်ဉီး ချစ်မြတ်နိုးကြောင်းသိလျက် အချစ်ရေယာဉ်ကြော၌ မျောပါနှစ်မြှုပ်သွားသည့် အခန်းဖြင့် ရုပ်ရှင် အဆုံးသတ်သွားသည်။

ထိုဇာတ်ဝင်ခန်းက အချစ်ခံရခြင်းကြောင့် ဝမ်းသာပျော်ရွှင်မှု၊ ဘဝကို မျှဝေခံစားရင်း နေ့စဥ်ပြုမူဆောင်ရွက်မှုများအားဖြင့် မေတ္တာသည် ‘တစ်ရွေ့ရွေ့တိုးတက်ဖြစ်ပေါ်လာခြင်း’ ကို နားလည်သဘောပေါက်ကြောင်း ထင်ဟပ်ပြနေသည်။ ဘဝကို အေးအတူပူအမျှ မျှဝေခံစားရင်း သူတစ်ပါးအကျိုးအတွက် အသက်ရှင်သောအခါ ထိုအခိုက်အတန့်တွင် ကျွန်မတို့ အပြည့်အဝ နားမလည်သည့်တိုင် မေတ္တာသဘောက လိုက်ပါလာပြီး ကျွန်မတို့ကို ဝန်းရံထားပေသည်။

ဘဝကို အေးအတူပူအမျှ မျှဝေခံစားရင်း သူတစ်ပါးအကျိုးအတွက် အသက်ရှင်သောအခါ မေတ္တာသဘောက လိုက်ပါလာပါသည်။

၎င်းသည် ကိုယ်ကျိုးစွန့်သောမေတ္တာကို ထင်ဟပ်သည့် မေတ္တာချစ်ခြင်းနှင့်ပတ်သက်သည့် ပုံရိပ်ဖြစ်ပြီး ရှင်ပေါလုက “မေတ္တာတရား၌ ကျင်လည်”ရန်၊ “ချစ်ခြင်းမေတ္တာကို မီအောင်လိုက်”ရန် စသည်ဖြင့် သုံးနှုန်းထားသည် (ဧဖက်သြဝါဒစာ ၅:၂၊ ကောရိန္သုသြဝါဒစာ ပထမစောင် ၁၄:၁)။ ထိုမေတ္တာလမ်းစဥ်၏အစကား ‘မိမိသည် တောက်လျှောက် အချစ်ခံရသည်’ကို သိနားလည်ခြင်းပင် ဖြစ်သည်။ ခရစ်တော်၏ ကိုယ်ကိုယ်ကိုယ်စွန့်လျက် ဆက်ကပ်ပူဇော်မှုက တစ်ကြိမ်တည်းနှင့်အပြီးအစီးဖြစ်ပြီး၊ ၎င်းသည် အရာရာကို ပြောင်းလဲစေခဲ့တော့သည်။

ထို့ကြောင့် ယုံကြည်သူအသိုင်းအဝန်းတွင် အတူတကွ မည်သို့ရှင်သန်ရမည်ကို ရှင်ပေါလုသွန်သင်ရာ၌ “သင်တို့သည် ဘုရားသခင်၏ချစ်သား ဖြစ်ကြသည်နှင့်အညီ” (ဧဖက်သြဝါဒစာ ၅:၁-၂)ဟု ဘုရားသခင်၏သနားခြင်းကရုဏာနှင့် ခရစ်တော်၌တည်သော မေတ္တာတော်ကို သတိပေးခြင်းဖြင့် အစပြုပါသည်။ ကျွန်မတို့သည် ချစ်ခြင်းမေတ္တာ၏ အဓိပ္ပာယ်နှင့် အချစ်ခံရခြင်း၏အဓိပ္ပာယ်ကို အလွယ်တကူမေ့လျော့တတ်သည့် ကလေး သူငယ်များဖြစ်ကြသည်။ ထို့ကြောင့် ကျမ်းစာ၌ ခရစ်တော်၏လက်ဆောင်သည် မေတ္တာတော်ရှင် ဘုရားသခင်ကို ပြညွှန်နေကြောင်း တစ်ကြိမ်ပြီးတစ်ကြိမ် သတိရရန် ကျွန်မတို့ကို နှိုးဆော်ဖိတ်ခေါ်သည်။ ထိုအဓိပ္ပာယ်နှစ်ခုလုံးကို အတူဆင်ခြင်သတိရရန် ဖြစ်သည်။

ကောရိန္သုသြဝါဒစာပထမစောင် ၁၃ မှ အံ့မခမ်းသောမေတ္တာပုံရိပ်၊ မင်္ဂလာပွဲများ၌ မကြာခဏ ဖတ်ရွတ်သောမေတ္တာစာကို ရှင်ပေါလုက ယုံကြည်သူ‘အသိုက်အဝန်း’ ဖြစ်သည့် အသင်းတော်သို့ ရေးသားပေးပို့ပြီး ထိုမေတ္တာကို ပျိုးထောင်လေ့ကျက်ရန် စေစားမိန့်ကြားကြောင်း ကျွန်မတို့ သတိရသင့်သည်။ လူတစ်ဉီးတစ်ယောက်အတွက် မေတ္တာပြရန်မဟုတ်ဘဲ အသက်ကို အတူမျှဝေဆက်ဆံကြသည့် ‘ခန္ဓာတစ်ခုတည်း’သို့ ခေါ်တော်မူခြင်း ခံရသည့် (၁၂:၁၃) ယုံကြည်သူ မိတ်သဟာယတစ်ခုလုံးအတွက် လေ့ကျက်ရပါမည်။

မေတ္တာသည် ဘဝ၏လက်ဆောင်ဖြစ်သလို ရှင်သန်ရမည့် ဘဝလမ်းစဥ်လည်းဖြစ်သည်။ ဘုရားချစ်သောသူများ၏ အတွေ့အကြုံအားဖြင့် ပေါင်းစည်းထားသည့် (ယုံကြည်သူ)အသိုက်အဝန်းမှ လူများနှင့်အတူ ဘဝခရီးကိုဖြတ်သန်းလျက် သင်ယူရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခံရသည့် ဘဝ၏လက်ဆောင်၊ ရှင်သန်ရမည့်ဘဝပုံစံဖြစ်သည်။ ၎င်းသည် ကျွန်မတို့၏အခြေခံအုတ်မြစ် ဖြစ်သောအခါ ကျွန်မတို့ကို ချုပ်ကိုင်မောင်းနှင်နေသည့် မနာလိုခြင်း၊ အမျက်ဒေါသ၊ ကိုယ်ကျိုးရှာခြင်း၊ မိမိကိုယ်ကိုကာကွယ်ခြင်း စသည်တို့ကို ရပ်တန့်နိုင်အောင် သင်ယူနိုင်လိမ့်မည် (ဧဖက်သြဝါဒစာ ၄:၃၁)။ ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်ရမည်ဟု ကနဦးက တွေးထားသည့်အတွေးများ၊ မိမိသည် ချစ်ခြင်းခံရကြောင်းမသိရှိမီက အတွေးများဖြစ်သည်။

“မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်း ကျတည်ခြင်း” ရှိသောအခါ “ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်”နှင့် ပြည့်ဝသောအခါ (၃:၁၇-၁၉) မေတ္တာသည် အဘယ့်ကြောင့် “အမြတ်ဆုံးသောဆုကျေးဇူး” (၁ ကော ၁၂:၃၁) ဖြစ်ရသည်ကို နားလည်နိုင်လိမ့်မည်။ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်၊ အကျိုးမရှိဖြစ်သည်ကို (၁၃:၃)သဘောပေါက်နိုင်လိမ့်မည်။။

ထိုအခါ ကယ်တင်ရှင်သခင်ပြင်ဆင်ပေးခဲ့သည့် မေတ္တာလမ်းစဥ်၏ကျေးဇူးတော်နှင့် လွတ်မြောက်မှုကို ကျွန်မတို့ ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရွေးချယ်နိုင်လိမ့်မည်ဖြစ်သည်။

Monica La Rose – “နေ့စဥ်ခွန်အား” စာရေးသူ