ဇွန်လခေါင်းစဥ် | စေတနာသဒ္ဓါစိတ်ရက်ရောခြင်း

၆၉ နှစ်အရွယ် အဖွား Brenda Jones (ဘရန်ဒါဂျုံး) သည် တစ်နှစ်ကျော်မျှ အသည်း အလှူရှင်ကို စောင့်ဆိုင်းခဲ့ရသည်။ အချိန်တစ်ရွေ့ရွေ့ကုန်ဆုံးသည်နှင့်အမျှ အသည်းအစားထိုးခြင်းကို အချိန်မီမလုပ်ဆောင်နိုင်မည်ကို သူစိုးရိမ်ခဲ့သည်။ သူ့အလှည့်ရောက်ရန် သူ့ရှေ့၌ လူတစ်ဉီးသာရှိကြောင်း သတင်းကြားရသောအခါ သူအလွန်ဝမ်းသာမိသည်။ သို့သော် (၂၃)နှစ်သာ ရှိသေးသည့်အမျိုးသမီးလေးသည် အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ကြောင်း သူသိလိုက်ရသောအခါ သူ့ဆုံးဖြတ်ချက်က သူ့အတွက် မည်သို့ဖြစ်လာနိုင်သည်ကို သူမမှုဘဲ သူ့နေရာကို အစားထိုးယူရန် အခွင့်ပေးခဲ့သည်။ “ဒီကလေးမကို အသေခံစေပြီး ကျွန်မကတော့ အသည်းအသစ်နှင့် အသက်မရှင်နိုင်ပါဘူး”ဟု သူဆိုခဲ့သည်။ သို့သော် ဘရန်ဒါအတွက် နောက်ထပ်အလှူရှင်ကို ဆေးရုံမှ ရှာတွေ့ခဲ့ပြီး၊ ထိုအမျိုးသမီးနှစ်ဉီးတို့သည် ၎င်းတို့လိုအပ်သည့် ခွဲစိတ်မှုကို ခံယူနိုင်ခဲ့သည်။

လူတစ်ဉီးဉီး၏ကိုယ်ကျိုးစွန့်မှုထင်ရှားပေါ်လွင်သည့် ပေးလှူမှု၊ အလွန်မိုက်မဲစွာပြုမူပုံ ပေါ်သည့် ပေးလှူမှုများကို ကျွန်ုပ်တို့တွေ့ရသောအခါ ကျွန်ုပ်တို့အံ့သြမှင်သက်မိသည်။ ထိုကြောင့် သခင်ယေရှု၏ သူ့ကိုသတ်သူများအတွက် သူ့အသက်ကိုပေးအပ်ပြီး၊ ကျွန်ုပ်တို့အပေါ် သူ၏ခွင့်လွှတ်ခြင်းကို ကြွယ်ဝစွာသွန်းလောင်းပေးခြင်းက ကျွန်ုပ်တို့အား တုန်လှုပ် အံ့သြစေပါသည်။ သခင်ယေရှု၏အားကြီးသော ရက်ရောသောစေတနာစိတ်ဖြစ်ပါသည်။ မည်သည့်အကျိုးမျှ မမျှော်ကိုးသော၊ ကြီးမြတ်လွန်းသော ထိုစိတ်နှလုံးသဘောကို ကျွန်ုပ်တို့ နားမလည်နိုင်ပါ။

ပို၍ မစဉ်းစားတတ်အောင်ဖြစ်ရသည်မှာ သခင်ယေရှုက ကျွန်ုပ်တို့အား သူ့နောက် လိုက်ရန်၊ သူ့နည်းတူ ဘဝအသက်ရှင်ရန် အဖန်တစ်လဲလဲ အားပေးမှုအသံကို ကြားရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် အခြားသူတို့အတွက် သခင်ယေရှုနည်းတူ ကျွန်ုပ်တို့၏အသက်တာကို နှိမ့်ချစွာအပ်နှင်းရန် (ဖိ ၂:၁-၁၁)၊ ရက်ရောသော စေတနာစိတ်ဖြင့် မေတ္တာပြရန် (ယော ၁၅:၉-၁၇) ကျွန်ုပ်တို့ကို စေစားခေါ်ယူခံရပါသည်။ ဤဖိတ်ခေါ်မှုက အချိန်မရှိသော်လည်း အချိန်ပေးရန်၊ ငွေကြေးမရှိသော်လည်း ပေးကမ်းမစရန် ကျွန်ုပ်တို့ကို တောင်းဆိုကောင်းတောင်းဆိုမည်။ မိမိ၏ဂုဏ်သိက္ခာ၊ ပေါ်လွင်သင့်သည့် မိမိ၏ဘဝမျှော်မှန်းချက် စသည်တို့ကို ချနင်းရမည့်အဓိပ္ပာယ်ဖြစ်ကောင်းဖြစ်မည်။ မဖြစ်နိုင်သည့်ပုံပေါ်ကောင်းပေါ်နေမည်။ သို့သော် မိမိအစွမ်းကို စုစည်းလျက် သခင်ယေရှု နောက်တော်လိုက်လျှောက်သောအခါ မိမိသည် အားကြီးသော စေတနာစိတ် ရက်ရောသောအသက်တာဖြင့် လျှောက်လှမ်းနေကြောင်း တွေ့ရှိလာရလိမ့်မည်။

WINN COLLIER၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်