ဇန်နဝါရီလခေါင်းစဥ် | ကယ်တင်ခြင်း

ထောင်ကျမည်မှာသေချာပြီဖြစ်၍ သူ့ဘဝအဆုံးသတ်ပြီဟု ဂျိုး ခံစားခဲ့ရသည်။ သူ့အပြစ်က ကြီးလေးလွန်း၍ သူ့ဘဝကိုလည်း သူအဆုံးသတ်ချင်လှပါပြီ။

သူအရက်မူးမူးနှင့် ကားမောင်းခဲ့၍ ယာဥ်တိုက်မှုဖြစ်ကာ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်။ ထောင်ထဲတွင် သူကျူးလွန်ခဲ့မိသည့် ကြေကွဲဖွယ်အဖြစ်၏ဖိစီးမှုက သူ့ကို လွှမ်းမိုးခဲ့သည်။

စီရင်ချက်ချမည့်နေ့ကို စောင့်နေစဥ် သူ့ဘဝကို တစ်ဖန်အခွင့်အရေးပေးရန် သူဆုံးဖြတ်ခဲ့သည်။ သောက်စား မူးယစ်ခြင်းအကျင့်ကို ဖြတ်ရန် ကူညီပေးသည့်အဖွဲ့သို့ သူနာမည်စာရင်း ပေးသွင်းခဲ့သည်။ ထိုနေရာ၌ ဧဝံဂေလိသတင်းစကားကို ကြားသိခဲ့ရပြီး၊ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် သူခေါ်ဖိတ်လက်ခံခဲ့ခြင်းဖြင့် သူ့ဘဝကို ပြန်လည်တည့်မတ်ပေးခဲ့သည့်အရာကို သူတွေ့ရှိခဲ့သည်။ ရန်ပြေငြိမ်းခြင်းနှင့် အပြစ်မှခွင့်လွှတ်ခြင်း အဖြစ်မှန်က ခရစ်တော်နှင့် မိတ်သဟာယပြုခြင်းအားဖြင့် သူ့ကို အသစ်သောမျှော်လင့်ချက်ပေးခဲ့သည်။

စီရင်ချက်ချချိန်၌ ဆယ်ကျော်သက်လေးအား သေစေခြင်း အပြစ်ကြောင့် ဂျိုး အား ထောင်ဒဏ် (၁၂) နှစ်ချမှတ်ခဲ့သည်။ ထောင်ကျနေစဥ်တွင် ဂျိုး သည် ထောင်သားအချင်းချင်းအပေါ် အစေခံလျက်၊ သခင်ယေရှု၏မေတ္တာတော်နှင့် အပြစ်ခွင့်လွှတ်ခြင်းသတင်းကောင်းကို သူတို့အား မျှဝေခဲ့သည်။ နောက်ဆုံး သူထောင်မှလွတ်လာသောအခါ သေဆုံးသွားသည့် ဆယ်ကျော်သက်မိန်းကလေး၏ မိသားစုနှင့် တွေ့ဆုံခွင့် သူတောင်းဆိုခဲ့သည်။ ထိုမိသားစုမှ ဖခင်၊ မိခင်နှင့် အစ်ကိုတို့က ဂျိုး လုံးဝပြောင်းလဲသွားသည်ကို ခံစားသိရှိခဲ့ပြီး၊ သူတို့ချစ်ခင်ရသူလေးကို အသက်ဆုံးပါးစေသူအား ခွင့်လွှတ်ခဲ့ကြ၍ ဂျိုး အလွန်အံ့ဩခဲ့ရသည်။

သခင်ယေရှု၏ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ရှာဖွေသောအခါ ဖြစ်ပေါ်လာသည့် နက်နဲသောပြောင်းလဲမှုကို ဆင်ခြင်ကြည့်ပါ။ “ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” ဟု ရှင်ပေါလု ကြွေးကြော်ခဲ့သည် (၂ ကော ၅:၁၇)။ ထိုအသက်တာသစ်တွင် ဘုရားသခင်နှင့်ရန်ငြိမ်းခြင်း၏တန်ခိုးကို ကျွန်ုပ်တို့ ခံစားရကြသည် (:၁၈)။ ထိုတန်ခိုးတော်က ရှုပ်ထွေးပွေလီသော ကျွန်ုပ်တို့၏ဘဝကို မျှော်လင့်ခြင်းကတိတော်သို့ ပြောင်းလဲပေးနိုင်ပါသည် (:၁၉)။ ထိုအခါ ရန်ပြေငြိမ်းခြင်းသတင်းစကားကို အခြားသူတို့အား ကျွန်ုပ်တို့ပြောပြ ဝေငှနိုင်လိမ့်မည် (:၂၀)။

သခင်ယေရှု အခမဲ့ပေးကမ်းသော ခွင့်လွှတ်ခြင်းနှင့် ရန်ပြေငြိမ်းခြင်းအခွင့်ကို ကျွန်ုပ်တို့လက်ခံသောအခါ ယခင်က ကြောက်ရွံ့စရာများနှင့် လေးလံသောဝန်များက အသစ်သောမျှော်လင့်ခြင်းကို နေရာပေး ဖယ်ပေးရတော့သည်။

Dave Branon ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်