စက်တင်ဘာလခေါင်းစဥ် | အသင်းတော်
အသင်းတော်ဟူသည့် စကားလုံးကို ကြားသည့်အခါ ဘုရားကျောင်းကို ကျွန်ုပ်တို့ မြင်လေ့ရှိသည်။ အသင်းတော်ဟု ဆိုတိုင်း အဆောက်အအုံထက် လူပရိသတ်- ယုံကြည်သူ
များကိုမြင်ရန် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကို အားပေးပါသည်။ အသင်းတော်ဟု ဘာသာပြန်ထားသည့် ဂရိစကားလုံး ekklesia ၏ အဓိပ္ပာယ်မှာ လူအစုအဝေးဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းတွင် အကြောင်းအရာ အများစု၌ သခင်ယေရှုကို ယုံကြည်သူများသည် သတ်မှတ်ထားသောနေရာတစ်ခု၌ စုဝေးခြင်းကို ရည်ညွှန်းသည်။
အသင်းတော်အတွက် ဘုရားသခင်၏အထူးဆက်ဆံရေးနှင့် အကြံအစည်တို့ကို ထိုစကားလုံး၌ ထင်ဟပ်ဖော်ပြနေပြီး၊ သရုပ်ပြစကားလုံးများက သရုပ်ဖော်လေ့ရှိသည်။ “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူ သောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုး ဖြစ် ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော် မူသော အပေါင်းအသင်းဖြစ်ကြ၏” (၁ ပေ ၂:၉)။ ရှင်ပေတရု၏ စကားအသုံးအနှုန်းက ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်က သူနှင့်ပဋိညာဥ်ပြုထားသည့် လူတို့နှင့်စကားပြောသည့်ပုံနှင့် ဆင်တူသည် (ထွ ၁၉:၅-၆ ကို ရှု)။ ထိုမျှမက ခရစ်တော်ကို ယုံကြည်သူများအား “ကရုဏာကျေးဇူးတော်” ကို (၁ ပေ ၂:၁၀) ခံရသည့်လူများရှိသည့် မိသားစုမှ ကြိုဆိုလက်ခံကြပြီး၊ “ချစ်သူတို့”(:၁၁) ဟု အခေါ်ခံရသည်။
၎င်းသည် ယုံကြည်သူများ တစ်ဦးနှင့်တစ်ဦးအပေါ် အပြန်အလှန် ဆက်ဆံခြင်း အတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဘုရားသခင်အတွက် အဖိုးတန်သူများသည် အချင်းချင်းကို တန်ဖိုးထားရန်နှင့် စောင်မရန်ဖြစ်သည်။ ဓမ္မသစ်ကျမ်းကို ရေးသားသည့် အခြားကျမ်းရေးသူများနည်းတူ ရှင်ပေတရုက တစ်ဦးနှင့်တစ်ဦးအပေါ် မည်သို့ဆက်ဆံပေါင်းသင်းရမည်ကို အလေးအနက်ပြုလျက် “အချင်းချင်း”ဟူသည့် စကားလုံးကို သုံးခဲ့သည်။ ရှင်ပေတရုဩဝါဒစာပထမစောင် ၄:၈-၁၁ က ဘုရားသခင်၏မိသားစုနှင့်သက်ဆိုင်သူများသည် “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ”ရှိသင့်ကြောင်း(:၈)၊ “မြည်တမ်းခြင်းမရှိဘဲ အချင်းချင်းဧည့်သည်ဝတ်ကို ”ပြုကြရန်(:၉)၊ အရာရာ၌ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေမည်အကြောင်း “ဆုကျေးဇူးတော်ကို အသီးသီး ခံရကြသည်နှင့်အညီ… အချင်းချင်းဝေငှပေးကမ်း”လျက် အစေခံကြရန် (:၁၀-၁၁) ဖော်ပြထားပေသည်။
နေ့စဉ်ခွန်အားစာရေးသူ | Arthur Jackson
