ဥပဒေ – တောလည်ရာကျမ်း
အကယ်၍ သင်သည် လမ်းလျှောက်တတ်ခါစကလေးငယ်တစ်ဦး သို့မဟုတ်၊ သင်္ချာဆရာတစ်ဦး မဟုတ်ပါက (အဲဂုတ္တုပြည်မှ မောရှေထုတ်ဆောင်သော ဣသရေလလူမျိုးတို့၏အရေအတွက် ကိန်းကဏန်းမှတ်တမ်းဖြစ်သည့်)
“တောလည်ရာကျမ်း”သည် စိတ်လှုပ်ရှားစရာကောင်းသည့်ကျမ်း ဖြစ်မည့်ပုံ မပေါ်သလို စိတ်လှုပ်ရှားဖွယ်ရာများစွာ မပါဝင်ပါ။ သို့သော်လည်း ထိုသို့ မထင်လိုက်ပါနှင့်။ လှည့်စားမှု မခံရပါစေနှင့်။ တောလည်ရာကျမ်းသည် ရသအဖုံဖုံ ဇာတ်လမ်းစုံ၊ မျှော်လင့်မထားသည့် ဇာတ်ကွက် အပြောင်းအလဲများ၊ ယနေ့ခေတ်အထိ အပြည့်အဝ ခေတ်မီဆီလျော်သော ဘဝသင်ခန်းစာများနှင့် ပြည့်နှက်လျက်ရှိသည့်ကျမ်းစာစောင် ဖြစ်သည်။
တောလည်ရာကျမ်း၌ ဘုရားသခင်၏လူမျိုးတော်တို့ သူတို့ဝင်ရောက်ရမည့်နယ်မြေအသစ်သို့ ကန္တာရတစ်လျှောက် ခရီးနှင်မှုအကြောင်းကို ဆက်လက်ဖော်ပြထားသည်။ နှစ်နှစ်ကြာပြီးနောက် သူတို့အား နယ်မြေအသစ်၏အစွန်အဖျား အထိ မောရှေ ခေါ်ဆောင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏တန်ခိုးတော်နှင့် ကတိတော်များအပေါ် ယုံကြည်ကိုးစားမည့်အစား ရင်ဆိုင်ရမည့်အန္တရာယ်များအပေါ်၌သာ သူတို့အာရုံစိုက်ကြသည်။အံ့ဖွယ်နိမိတ်လက္ခဏာများစွာကို သူတို့မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင် အား ယခုအချိန်ထိ ယုံကြည်ကိုးစားမှု မရှိနိုင်သေးပေ။
ထိုအကြောင်းအရာကို ကျွန်ုပ်တို့ဆက်စပ်နားလည်နိုင်ခြင်းက အံ့သြဖွယ် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက အသက်ရှင်ခဲ့ကြသည့် ထိုသူတို့သည် ကျွန်ုပ်တို့နှင့် အတူတူပင် ဖြစ်ပါသည်တကား။ အရာရာကို သူတို့စောဒကတက် အပြစ်တင်ကြသည်။ မည်သူက အကြီးအကဲလုပ်သင့်သည် ဆိုသည့်အပေါ် အချင်းချင်း တိုက်ခိုက်ကြသည်။ ဘုရားသခင်အား တွန့်တို သည်ဟု သူတို့ စွပ်စွဲကြသည်။ ယုံကြည်ကိုးစား နာခံလိုက်လျှောက်ရန်အရေး ထိုသူတို့ မည်မျှရုန်းကန်ရသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ မပျက်ယွင်းသော သစ္စာတည်ရှိမှုကိုလည်း ကျွန်ုပ်တို့ သိရှိနားလည်ရသည်။ ထိုသူတို့၏ အသက်တာများမှ မိမိအကြောင်းနှင့် ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့များစွာ လေ့လာသင်ယူနိုင်ပါသည်။
တောလည်ရာကျမ်းအား ဖွင့်လျက်ဖတ်ရှုသည့်အခါ ဘုရားသခင်နှင့် ဆက်နွယ်နေသည့် သင့်အသက်တာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မည့် ပြတင်းပေါက်တစ်ချပ်အား ဖွင့်နေခြင်းဖြစ်ကြောင်း မကြာမီမှာပင် သင် သိရှိနားလည် လာလိမ့်မည်။
