အချို့သော စွဲလမ်းမှုများသည် ဇီဝကမ္မနှင့်ဆိုင်သည့်သဘော ရှိသည်။ ဥပမာ- မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်များကို အထိန်းအချုပ်မရှိ သုံးစွဲခြင်းသည် ဓာတုဆေးဝါးစွဲလမ်းခြင်းကို ဖြစ်စေသည်။ အချို့သော စွဲလမ်းမှုများမှာမူ အရာဝတ္ထုတစ်စုံတစ်ခုနှင့် ပတ်သက်မှုမျိုး မရှိပါ။ သို့သော် စွဲလမ်းမှုအားလုံး၌ စိတ်လှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှု ပမာဏသည် စွဲလမ်းမှုကို ပိုပြီးပြင်းထန်စေကြောင်း တူညီသည့် အချက်တစ်ချက်ကို တွေ့ရသည်။ လူတစ်ဦးသည် စိတ်ကျေနပ်မှု သို့မဟုတ် ဝမ်းမြောက်မှုကို ခံစားရသည့်အခါ ထိုသာယာမှုကိုဖြစ်စေသည့် ဒိုပါမင်း (Dopamine) ကဲ့သို့သော ဓာတုပစ္စည်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။ ဤဓာတ်ပစ္စည်းက လူ၏စိတ်သာယာမှုအရှိန်ကို မြင့်တက်စေပါသည်။
သို့သော်လည်း ဤသို့ အလွန်အမင်းသာယာမှု၏ ခံစားချက်က ကြာရှည်မခံပါ။ ထို့ကြောင့် ဤသာယာမှုကို ထပ်မံခံစားချင်သည့်ဆန္ဒကတစ်စုံတစ်ခုကို သုံးစွဲရန် (ဥပမာ – အရက်)၊ သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ရန် (ဥပမာ – လောင်းကစား)စသည်ဖြင့် စိတ်ကို ပြင်းပြ စေသည်။
မကြာမီမှာပင် ထိုသူသည် ဆေးဝါး သို့မဟုတ် အမူအကျင့်တစ်ခု၏ လက်အောက်ရောက်သွားကာ ထိန်းချုပ်နိုင်စွမ်း ပျောက်သွားသည်။
တစ်ချိန်က မူးယစ် ဆေးဝါး၊ အရက်၊ နီကိုတင်း ကဲ့သို့သော ဓာတုပစ္စည်းများသည် ဦးနှောက်အပေါ်သာ အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟု ယူဆ ခဲ့ကြသော်လည်း ယခုအခါ သုတေသနပြု ဆောင်ရွက်ချက်များအရ ၎င်းတို့သည် စွဲလမ်းမှု (ဆေးစွဲမှု) ကိုလည်း ဖြစ်စေနိုင်ကြောင်း တွေ့ရှိလာကြသည်။ သင်ယူမှု၊ မှတ်ဉာဏ်နှင့် ယစ်မူးသာယာသည့် အတွေ့အကြုံများအပေါ် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သည်ကို ချိတ်ဆက် ဆက်သွယ်ပေးမှုစနစ်ကို လေ့လာကြည့် မည်ဆိုလျှင် ၎င်းကို ကောင်းကောင်းနားလည်နိုင်မည်ဖြစ်သည်။
ကျေနပ်သာယာမှု၊ မှတ်ဉာဏ်နှင့် သင်ယူမှု
စာကြိုးစားလေ့လာသည့် ကျောင်းသားတစ်ဦးသည် စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ခြင်းကြောင့် အောင်မြင်မှုရရှိသည့်အတွက် ပျော်ရွှင်မှု၊ ကျေနပ်သာယာမှုကို သဘာဝကျစွာ ခံစားမိတတ်ပါသည်။ ဤအတွေ့အကြုံနှင့် မသိစိတ်၏တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်သည့် ကျေနပ် သာယာမှုခံစားချက်ကို ဦးနှောက်က မှတ်တမ်းတင်သည်။ ဦးနှောက် အပေါ်လွှာအောက်ရှိ nucleus accumbens ကလာပ်စည်း အစုအဝေးတွင် ဒိုပါမင်းဟုခေါ်သည့် အာရုံခံစားမှုအားကို မြင့်မားစေသည့်ဒြပ်ကို ထုတ်ပေးသည်။ ဤသို့ထုတ်ပေးသည့်အတွက် ဖြစ်ပေါ်လာသည့် ကျေနပ်မှုနှင့် သာယာမှုကို စိတ်လှုပ်ရှားမှု၊ မှတ်ဉာဏ်တို့နှင့် ဆက်စပ်ပေး သည့် ရေနဂါးပုံသဏ္ဌာန်ဦးနှောက်၏ အစိတ်အပိုင်း (hippocampus) က မှတ်ထားပြီး၊ ၎င်းအနီးတွင်ရှိသည့် (အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုပြုပေးပြီး ကြောက်ရွံ့မှုကို ဖော်ထုတ်ပေးသည့် ဦးနှောက်အစိတ်အပိုင်း – amygdala) က အခြေအနေအပေါ်မူတည်ပြီး အလိုအလျောက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။ အထက်ပါဥပမာမှ ကျောင်းသားသည် စာကိုလေ့လာခြင်းမှ အောင်မြင်မှုရရှိပြီး၊ ဖြစ်လာသည့် စိတ်ကျေနပ်သာယာမှုကို လိုချင်ခြင်းကြောင့် ကျောင်းစာအုပ်များကိုမြင်လျှင် သူအပြင်းအထန် လေ့လာကျက်မှတ်ချင်အောင် ကျောင်းသားကို လှုံ့ဆော်မှု ဖြစ်စေသည်။
အထက်ပါ လူ၏ပြုမူလှုပ်ရှားမှု၊ အမူအကျင့်ပုံစံသည် လူသား၏ ဘ၀ရှင်သန်ရေးနှင့် အောင်မြင်ရေးကို အထောက်အကူ ပြုခြင်းကြောင့် ၎င်းဖြစ်စဉ်ကို မဖြစ်မနေ လေ့လာသိထားရန် လိုအပ်သည်။ ကျွန်ုပ်တို့ကို ရှင်သန်စေပြီး အောင်မြင်မှုများရအောင် အကူအညီပေးသည့် (လုပ်ရပ်) အမူအကျင့် ပုံစံများသည် ကျေနပ်မှုနှင့် သာယာမှုကိုပါ ဖြစ်စေသောအခါ ဝမ်းသာစရာကောင်းလှ သည်။ ဥပမာ – အစာစားခြင်းသည် အသက်ရှင်ရေး အတွက်ဖြစ်သောကြောင့် စားသောက်ခြင်းအမှုကို ကျွန်ုပ်တို့ ပျော်မွေ့သည်။ ၎င်းသည် လူ၏ပြုမူလှုပ်ရှားမှု ပုံစံပင်ဖြစ်သည်။
သို့သော် ဤဖြစ်စဉ်တွင် လုပ်ဆောင်မှုလွဲချော်သွားခြင်းမျိုးလည်း ရှိတတ်သည်။
ဖျက်လိုဖျက်ဆီးလုပ်လိုသည့် အပြုအမူက သာယာမှု – မှတ်ဉာဏ် – လှုံ့ဆော်မှု – သင်ယူမှု များအပေါ် လွှမ်းမိုးအနိုင်ယူသွားခြင်းမျိုး ဖြစ်တတ်သည်။
ဥပမာ – လူတစ်ဦးသည် မူးယစ်ဆေးဝါးသုံးစွဲရာ၌ အားပြင်းပြီး လှုံ့ဆော်မှုကိုဖြစ်စေသည့် ဆေးဝါးများက ဦးနှောက်၏ဗဟိုချက် အနီးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်အထိ ဒိုပါမင်းကို အလျင်အမြန်နှင့် အမြောက်အများ ထုတ်လွှတ်ပေးပြီး လူကို အမြင့်ဆုံးသာယာမှုကို ခံစားရစေသည်။ သို့သော် မူးယစ်ဆေး၏ အာနိသင်သက်ရောက်မှုက လျင်မြန်စွာပျောက်ပျက်သွားပြီး မူးယစ်ဆေးသုံးစွဲသူအား အလားတူခံစား မှုမျိုး ထပ်မံခံစားရစေရေးအတွက် နောက်ထပ်ဆေးတစ်ဖုံ ထပ်သုံးရန် လှုံ့ဆော်မှုပြုပါသည်။ ဤသို့သောအားဖြင့် ထိုသူသည် မူးယစ်ဆေးစွဲခြင်း ချိတ်၌ ငြိတွယ်သွားသည်။ စွဲလမ်းမှုကိုဖြစ်စေသည့် ဆေးဝါးနှင့် လုပ်ရပ်အမူအကျင့်များသည် ဒိုပါမင်းပမာဏကို ပုံမှန်ပမာဏထက် ဆယ်ဆ ခန့်မျှ သေချာပေါက် အလျင်အမြန်ထုတ်ပေးခြင်းကြောင့် အလွန်အမင်း အစွမ်းထက်ရခြင်းဖြစ်သည်။ ၎င်းသည် စွဲလမ်းမှု၏စွမ်းအားပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မူးယစ်ဆေးကြောင့် ဒိုပါမင်း အလွန်အကျွံ ထုတ်လွှတ်မှုကို ဦးနှောက်က သူ့နည်းသူ့ဟန်ဖြင့် ကိုင်တွယ်ဖြေရှင်းပါသည်။ ထိုသို့ဖြေရှင်းရာ၌ ဒိုပါမင်းအပေါ် တုံ့ပြန်သည့် ဇီဝနှင့် ဓာတုဓာတ်ပြုမှုကို အားနည်းသွားစေသည်။ ရလဒ်အနေဖြင့် မူးယစ်ဆေးစွဲသူသည် တူညီသည့်သာယာမှုကို ရရန်အတွက် မူးယစ်ဆေးသုံးစွဲမှု ပမာဏကို အချိန်နဲ့အမျှ တိုးမြှင့်သုံးရခြင်းမျိုး ဖြစ်လာသည်။ ဤသို့ဖြစ်ခြင်းကို ခံနိုင်ရည်ရှိလာခြင်းဟု ခေါ်သည်။ ဤသို့ဖြစ်လာခြင်းက မူးယစ်ဆေးသုံးစွဲသူ၏ အခြေအနေကို ပိုဆိုးသွားစေသည်။
စွဲနေသည့်အရာ (သို့) စွဲနေသည့်အကျင့်ကို ရုတ်တရက် ဖြတ်လိုက်ခြင်းက စွဲနေသူ၏ ခန္ဓာကိုယ်နှင့်စိတ်တွင် ပြင်းထန်သည့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။ ၎င်းကို “ဆေးဖြတ်သည့် လက္ခဏာများ” (withdrawal symptoms) ဟု ခေါ်ပါသည်။ ထိုသို့ ဖြစ်ခြင်းသည် စွဲလမ်းနေသည့်အရာများကို ပြင်းပြစွာလိုချင်နေသည့် တောင့်တမှုကို ပြနေခြင်းပင်ဖြစ်သည်။ ဥပမာ – အရက်စွဲနေသူတစ်ဦးက အရက်သောက်ခွင့်မရသောအခါ ဆေးဖြတ်သည့် ရုပ်ပိုင်းဆိုင်ရာ ပြင်ပ လက္ခဏာနှင့် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဆေးအစိမ်းတိုက်ဖြတ်သူများအနေဖြင့် အထက်ပါလက္ခဏာများကို အချိန်အတိုင်းအတာတစ်ခုအထိ ခံစားရနိုင်ပါသည်။ ထိုသို့ ဆေးဝါး တစ်ခုခုကို လုံးဝဖြတ်ခြင်း၊ စွဲလမ်းနေသော အရာတစ်ခုခုကို လုံးဝမလုပ် အောင်ချုပ်တည်းလိုက်ခြင်း စသည့် “အစိမ်းတိုက်ဖြတ်ကုသမှုများ”သည် စွဲလမ်းမှုစက်ဝန်းကို ဖြတ်တောက်မှသာ၊ အခြေအနေအရ အလျှော့အတင်း ပြုခြင်း လုံးဝမပြုလုပ်မှသာ ထိရောက်မှုရှိပေသည်။
စိတ်ပိုင်းဆိုင်ရာမှီခိုမှု
သာယာမှု၊ ချီးမြှောက်မှု၊ မှတ်ဉာဏ်နှင့် လှုံ့ဆော်မှုများသည် ပုံမှန်အားဖြင့် ဆက်စပ်နေကြသည်။ သို့သော် (မသုံးရမနေနိုင်၊ မလုပ်ရ မနေနိုင်သော) စွဲလမ်းမှုက ဤဖြစ်စဉ်ကို ကြီးမားသည့်စွမ်းအားဖြင့် လွှမ်းမိုးကာ ထိခိုက်ပျက်စီးစေသည်။ ခံနိုင်ရည်ရှိလာခြင်းကြောင့် တူညီသည့် သာယာယစ်မူးမှုခံစားရအောင် စွဲလမ်းနေသည့်ဆေးကို တိုးပြီးသုံးရသည့် အတွက်၊ စွဲသောအရာကို တိုး၍လုပ်ဆောင်သည့်အတွက် ထိုအခြေအနေနှင့် ညီမျှသည့် အလိုအလျောက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။ ဥပမာ – ဘိန်းဖြူစွဲနေသူသည် ဆေးထိုးအပ်ကိုမြင်ရုံနှင့် ဘိန်းဖြူထပ်သုံးရန် ပြင်းထန်သည့်တွန်းအား ဖြစ်ပေါ်လာတတ်သည်။ စားသောက်ဆိုင်စင်ပေါ်ရှိ အရက်ပုလင်းက အရက်စွဲနေသူ (သို့) အရက်ပြတ်ခါစ လူ၏စိတ်၌ ပြင်းထန်သည့်တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။ ထိုနည်းတူစွာ လောင်းကစားရုံအနီး ဖြတ်လျှောက်သွားရုံနှင့် လောင်းကစားကို စွဲလမ်းသူ၏စိတ်၌ ပြင်းထန်သည့် ဆွဲဆောင် မှုကို ခံရတတ်သည်။
ဤသို့ ပြင်းထန်သည့် လှုံ့ဆော်မှုများက ပြင်းထန်သည့် တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေနိုင်သည်။
စွဲလမ်းမှုဖြစ်နေသူသည် သူစွဲလမ်းနေသည့်အရာအတွက် ခိုးဝှက်ခြင်း စသည့် မကောင်းမှု (သို့) ထိုထက်ပိုဆိုးသည့် ဒုစရိုက်ကို ကျူးလွန်ရန် ဖိအားပေးခံရနိုင်သည်။ ဤစွဲလမ်းမှု၌ အချုပ်အနှောင်မိနေ သည့်အတွက် ဤချုပ်နှောင်မှုမှ သူ့ကိုယ်သူ လွတ်အောင်ရုန်းထွက်ရန် ခွန်အားမရှိဘဲ စွဲလမ်းမှု၏ အကျဉ်းသားအဖြစ် အဆုံးသတ်ရတတ်သည်။ သူ၏ပုံမှန်ဘဝ ပြိုပျက်သွားရခြင်း၊ လူမှုရေးနှင့် မိသားစုဘဝများ ပျက်စီးသွားရခြင်းနှင့် ရာဇ၀တ်မှုကျူးလွန်ရန် ၀န်မလေးဘဲ ကြမ်းရမ်းပျက်စီးသည့်၊ နိမ့်ကျသည့် ဘဝလမ်းကြောင်းထဲ လျှောကျသွားကောင်းကျသွားနိုင်ပါသည်။
စာမူအားလုံးဖတ်ရန် စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း ကို နှိပ်ပါ။