စာရေးသူ။ ။ အဂျစ်သ် ဖါနန်ဒို(Ajith Fernando)၊ သီရိလင်္ကာ | ဘာသာပြန်သူ။ ။ ငြိမ်းသော်ထူး
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ COVID-19 and Psalm 91

“ဆာလံ ၉၁ သည် ကျွန်ုပ်တို့အား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအန္တရာယ်မှ အကာအကွယ်ပေးနိုင်သလား” ဆိုသည့်အရာကို ယနေ့ လူများစွာက မေးခွန်းထုတ်လျက်ရှိပါသည်။ သမ္မာကျမ်းစာတွင် မည်ကဲသို့ပြောထားသည်ကို လေ့လာကြည့်ကြပါစို့။

ဘုရားသခင်သည် ကျွန်ုပ်တို့အား စောင့်ထိန်းကွယ်ကာလျက်ရှိကြောင်း ဆာလံ ၉၁ က သွန်သင်ထားပါသည်။ ဤအရာသည် အကြွင်းမဲ့ နိယာမတစ်ခုဖြစ်သော်လည်း ဤကျမ်းချက်တွင် ခြွင်းချက်များလည်း ရှိနိုင်ပါသည်။

ထို့အတူပင် ဆာလံကျမ်း အခန်းကြီး ၉၁ မှာ ရှင်းလင်းစွာ ဆိုထားသကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကာကွယ်စောင့် ရှောက်လျက်ရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကွယ်ကာရန်အတွက် အံ့သြဖွယ်ရာများပြုလုပ်နိုင် သလို လုပ်လည်းလုပ်ဆောင်လျက်ရှိပါသည်။ အမှန်တကယ်ပင် ကျွန်ုပ်တို့အား ကာကွယ်စောင့်ရှောက်ရန် ဘုရားသခင်သည် သူ၏ကောင်းကင်တမန်များကို မှားထားတော်မူပါသည် (ဆာလံကျမ်း ၉၁:၁၁)။ ဤအရာသည် ထာဝရအမှန်တရားဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှာ ဘုရားသခင် ကွယ်ကာနိုင်ပါသည် (ဆာလံကျမ်း ၉၁:၁၂)။ သို့ရာတွင် မိမိတို့၏ယုံကြည်ခြင်းကြောင့် အသက်ပေးသွားသည့် မာတုရများစွာက ဤအချက် အမြဲမမှန်ကြောင်းကို ဖော်ပြလျက်ရှိပါသည်။ ဆာလံကျမ်း၏ သုံးတစ်ပုံတစ်ပုံမှာ ကံဆိုးမိုးမှောင်ကျမှုအဖြစ် လောကီသားတို့က သတ်မှတ်ထားသော ဒုက္ခဆင်းရဲများကြောင့် သန့်ရှင်း ဖြောင့်မတ်သူတို့၏ ငြီးတွားမြည်တမ်းခြင်းနှင့် ပြည့်နှက်လျက်ရှိပြီး ဘုရားသခင်ထံမှလည်း မည်သည့် အကူအညီမှ မရပုံ ပေါက်နေပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားစောင့်ထိန်းကာကွယ်လျက်ရှိကြောင်း ဆာလံ ၉၁ က သွန်သင်ထားပါသည်။ ဤအရာသည် အကြွင်းမဲ့ နိယာမဖြစ်ပါသည်။ ဘုရားသခင် ကျွန်ုပ်တို့အား စောင့်ရှောက်ကွယ်ကာလျက်ရှိကြောင်း ဖော်ပြထားသည့် သမ္မာကျမ်းစာထဲရှိ အခြားကျမ်းပိုဒ်များသည် ဆာလံ ၉၁ တွင် ဖော်ပြထားသည်နှင့် အမြဲတမ်းထပ်တူကျသည်တော့ မဟုတ်ပေ။ ဤယေဘုယျစည်းမျဉ်း၌ ခြွင်းချက်များရှိနိုင်ပါသည်။ သို့ရာတွင် မည်သည့်အခြေအနေမျိုးတွင်မဆို ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်ချီးပေးရန် အစဉ်မပြတ် လုပ်ဆောင်တော်မူလျက်ရှိပါသည်။

သာသနာပြုများဖြစ်သည့် ဂျင်မ်အဲလီယော့(Jim Elliott)၊ နိတ်စိန့်(Nate Saint) နှင့် သူတို့၏လုပ်ဖော်ကိုင်ဖက်တို့သည် အီကွေဒေါ(Ecuador)နိုင်ငံတွင် ဟူဝေအိုရာနီ(Huaorani) (အော်ကာ-Auca)အင်ဒီးယန်းလူရိုင်းတို့၏ သတ်ဖြတ်ခြင်းကို ခံရချိန်တွင် ထိုလူရိုင်းတို့သည် အဲလီယော့တို့အထက်၌ ကောင်းကင်တမန်များ သီချင်းဆိုနေသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့ရာတွင် ဤအံံ့သြဖွယ်ရာ အဖြစ်အပျက်က အဲလီယော့တို့ အသတ်မခံရအောင် မတားဆီးနိုင်ခဲ့ပေ။ အဲလီယော့၏ဇနီးနှင့် နိတ်စိန့်၏ညီမဖြစ်သူတို့ အဆိုပါလူမျိုးစုများထံ သာသနာပြုများအဖြစ် သွားရောက် သည့်အခါမှာတော့ အဲလီယော့တို့အသတ်ခံရချိန်တွင် ကောင်းကင်မန်များဆိုခဲ့သည့်သီချင်းကိုပင် သူတို့ပြန်ဆိုကြသည်ကို ထိုလူမျိုးစုတို့ကြားခဲ့ရပြီးနောက် လူမျိုးစုတစ်စုလုံး ခရစ်တော်ကို မိမိတို့၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့ကြပါသည်။

ယခုလက်ရှိတွင် ကျွန်ုပ်သည် ယောဘဝတ္ထုကို ဆင်ခြင်လေ့လာနေပါသည်။ ဆာလံ ၉၁ ၌ ပြောထားသည့် အရာများနှင့်ဆန့်ကျင်လျက် ယောဘအား ခက်ခဲသည့်အတွေ့အကြုံများကို ဖြတ်သန်းစေခြင်းဖြင့် သူ၏ဘုန်းတော်ထင်ရှားစေရန် ဘုရားသခင်၌ အကြံအစည်ရှိခဲ့ပါသည်။ ဖြောင့်မတ်သောများကို ဘုရားသခင် မည်ကဲ့သို့စောင့်ရှောက်ကြောင်း သမ္မာကျမ်းစာနိယာမများကို ကိုးကားပြောဆိုခဲ့ကြသည့် ယောဘမိတ်ဆွေ များ၏လုပ်ရပ်သည် နောက်ဆုံးတွင် မှားယွင်းကြောင်း သက်သေထူခဲ့ပြီး ယောဘအပေါ် အကြင်အနာ ကင်းမဲ့သည့် သဘောပင် သက်ရောက်ခဲ့ပါသည်။ သူတို့၏ ပြောဆိုချက်များသည် ဆာလံ ၉၁ ရှုထောင့်အရကြည့်မည်ဆိုလျှင် အင်မတန် ခွန်အားရဖွယ်ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ဒုက္ခဝေဒနာ ခံစားကြုံတွေ့နေရသည့် ယောဘ၏ အခြေအနေအပေါ်တွင် ဤနိယာမများကို သူတို့ မှားယွင်းစွာ အသုံးချခဲ့ခြင်းဖြစ်ပါသည်။

ယေရှုခရစ်တော်ကဲ့သို့ပင် လောက၏ ဒုက္ခဝေဒနာများကို ကိုယ်တိုင်ကြုံတွေ့ခံစားရသလို သူတပါးတို့အား စာနာနားလည်ပေးခြင်းဖြင့် ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာလောကကြီးတွင် ကြီးမားသည့် အကျိုးသက်ရောက် မှုများကို ဖန်တီးနိုင်ပါသည်။

ရောမသြဝါဒစာ အခန်းကြီး ၈ က ဤအကြောင်းအရာကို ဓမ္မသဘောအရ ရှုမြင်ထားပါသည်။ ဤလောကတစ်ခုလုံးသည် အနိစ္စသဘောအတိုင်းဖြစ်ပျက်မည်ဖြစ်ကြောင်း သတ်မှတ်ထားပြီးဖြစ်ပါသည် (ရောမဩဝါဒစာ ၈:၂၀)။ ဖျားနာမှု၊ စိတ်ပျက်မှု၊ နာကြင်မှုဝေဒနာနှင့် သေခြင်းတရားတို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။ ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ကျွန်ုပ်တို့ယုံကြည့်သူများသည်လည်း ဤလောက၏ အနိစ္စသဘောနှင့် မလွတ်ကင်းနိုင်ပေ (ရောမဩဝါဒစာ ၈:၂၃)။ ကျွန်ုပ်တို့သည် ယခုအချိန်၌ပင် ဤလောကတွင် ကောင်းကင်ဘုံ၏ အရသာကို မြည်းစမ်းခွင့်ရသလို တစ်ဖက်မှာလည်း တလောကလုံးနှင့်အတူ တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရပါသည် (ရောမဩဝါဒစာ ၈:၂၂)။ ယေရှုကဲ့သို့ တလောကလုံးနှင့်အတူ တညီတညွတ်တည်း ညည်းတွားခြင်းအားဖြင့် ဤလောကကြီးအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ ကျွနု်ပ်တို့၏ ဘဝနေထိုင်မှုပုံစံသည် လူ့ဇာတိခံယူသည့်ပုံသဏ္ဍာန်မျိုးဖြစ်ပါသည်။ လူ့ဇာတိခံယူသည့်အကြောင်းပြောလျှင် ယေရှုသည် အနိစ္စသဘောတရားနှင့် မကင်းလွတ်သည့် လူသားတို့၏ ဇာတိအသွေးအသားကို ခံယူခြင်းအကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယေရှုကဲ့သို့ပင် လောက၏ ဒုက္ခဝေဒနာများကို ကိုယ်တိုင်ကြုံတွေ့ခံစားရသလို သူတပါးတို့အား စာနာနားလည်ပေးခြင်းဖြင့် ကျွန်ုပ်တို့အနေဖြင့် ဤကမ္ဘာလောကကြီးတွင် ကြီးမားသည့်အကျိုးရလဒ်များကို ဖန်တီးနိုင်ပါသည်။ သတေဖန် အသေခံခဲ့ရသည့်အဖြစ်အပျက်က ဖော်ပြသကဲ့သို့ပင် နားလည်ရန်ခက်ခဲသည့် နည်းလမ်းအားဖြင့် ဒုက္ခဆင်းရဲဝေဒနာက အသင်းတော်ရှင်သန်ကြီးထွားရန် ပံ့ပိုးပေးနေပါသည်။

သီရိလင်္ကာနိုင်ငံသို့ ဆူနာမီလှိုင်းလုံးများ ဝင်ရောက်ရိုက်ခတ်ချိန်တွင် ယုံကြည်သူခရစ်ယာန်အချို့သည် အံ့သြဖွယ်ရာ ကယ်ဆယ်ခြင်းခံခဲ့ရပြီး မိမိတို့အဖြစ်အပျက်ကို သက်သေခံခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေခဲ့ပါသည်။ အခြားယုံကြည်သူများမှာမူ ဒုက္ခကြုံတွေ့ခဲ့ရပါသည်။ မာလက်အီထီဗူး(Mullaitivu)မြို့ရှိ အသင်းတော်တစ်ခုတွင် ခရစ္စမတ်ပြီးဆုံးပြီး နောက်တစ်နေ့၌ ဘုရားကျောင်းလာတက်သော ယုံကြည်ခြင်း အားကြီးသော ခရစ်ယာန်များသည် အသက်ဆုံးရှုံးခဲ့ရပြီး မိမိတို့အိမ်၌နေသူများမှာ အသက်ဘေးနှင့် ကင်းလွတ်ခဲ့ပါသည်။ ထိုအသင်းတော်၏ သင်းအုပ်ဆရာသည် သူ၏ဇနီးသည်နှင့် သားဖြစ်သူ(ကျွန်ုပ်အထင်အရ)ကို ဆုံးရှုံ ခဲ့ရပါသည်။ သို့ရာတွင် သူသည် ဆက်လက်ရှင်သန်ရပ်တည်ခဲ့ပြီး သူ၏အသင်းသားများကို ဆက်လက် အစေခံ ခဲ့ကာ ယခုဆိုလျှင် သူ၏သမီးနှစ်ယောက်မှာ သိရိလင်္ကာနိုင်ငံတွင် ကြီးမားသည့်အောင်မြင်မှုအဖြစ် သတ်မှတ်ခံထားရသော တက္ကသိုလ်ပညာကို သင်ကြားနေကြပြီဖြစ်သည်။ ထိုသင်းအုပ်ဆရာသည် သူခံစားရသည့် ဒုက္ခဝေဒနာများအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခဲ့ပါသည်။

ကျွန်ုပ်တို့၏ စိတ်ပျက်စရာအခြေအနေနှင့် ဒုက္ခဝေဒနာများကြားတွင် ကျွန်ုပ်တို့အား ထိန်းကွပ်အုပ်စိုးနေသည့် ပိုမိုလေးနက်အရေးပါသော အမှန်တရားအချို့ရှိနေပါသည်။

• ကျွန်ုပ်တို့ညည်းတွားသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ နှုတ်မမြွက် နိုင်သော ညည်းတွားခြင်းအားဖြင့် မစတော်မူလျက်ရှိပါသည် (ရောမဩဝါဒစာ ၈:၂၆)။ ခရစ်ယာန်များသည် ညည်းတွားခွင့်ရှိရုံသာမက ဘုရားသခင်သည်ပင် သူတို့နှင့်အတူ ညည်းတွာလျက် ရှိတော်မူသည်။ ဤကျမ်းချက်၌ပင် ကျွန်ုပ်တို့မတတ်နိုင်သည်အရာ၊ အားနည်းသည့်အရာမှာ ဝိညာဉ်တော်သည် မစတော်မူကြောင်းကို ဖော်ပြထားပါသည်။ နက်ရှိုင်းသည့်နည်းလမ်းအားဖြင့် ဘုရားသခင်နှင့်အတူ အနီးကပ်ရှိခြင်းကို ကျွန်ုပ်တို့ တွေ့ကြုံခံစားရပါသည်။

• ကျွန်ုပ်တို့တွေ့ကြုံရသမျှအမှုအရာအားလုံးကို ကျွန်ုပ်တို့ကောင်းကျိုးဖြစ်စေရန် ဘုရားသခင် ပြုတော်မူပြီး (ရောမဩဝါဒစာ ၈:၂၈) အရာရာတိုင်းတွင် ကျွန်ုပ်တို့အား အထူးသဖြင့် အောင်မြင်သောသူ များဖြစ်စေပါသည် (ရောမဩဝါဒစာ ၈:၃၇)။ ဆင်းရဲဒုက္ခကြုံတွေ့ရသည့် ယုံကြည်သူတို့နှင့်အတူတကွ ညည်းတွားပြီး စာနာနားလည်ပေးသည့်အခါ ကျွန်ုပ်တို့အနေဖြင့် သူတို့အပေါ် အခြေအနေမလှသူတွေအဖြစ် သနားသည့်ပုံစံမျိုး ပြသရန်မလိုအပ်ပေ။ အကြောင်းမှာ ထိုသို့တွေ့ကြုံရသော ဆင်းရဲဒုက္ခထဲမှ လှပသောအရာတစ်စုံတစ်ခုကို ဘုရားသခင်လုပ်ဆောင်လျက်ရှိကြောင်းကို ကျွန်ုပ်တို့ သိရှိနားလည်ထားခြင်းကြောင့်ဖြစ်ပါသည်။

• ကျွန်ုပ်တို့ယုံကြည်သူများသည် ဒုက္ခပြဿနာများမှ ကင်းလွတ်ခွင့်ရသူများမဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုအရာအားလုံးထက် ကြီးမြတ်နက်ရှိုင်းပြီး မည်သည့်အရာကမှ ဘုရားသခင်၏မေတ္တာတော်နှင့် ကျွနု်ပ်တို့ကို ကင်းကွာစေနိုင်မည်မဟုတ်ပေ (ရောမဩဝါဒစာ ၈:၃၅၊ ၃၈၊ ၃၉)။

• အပြန်အလှန် ချစ်ခြင်းမေတ္တာဝေမျှခံယူခြင်းအတွေ့အကြုံကို နှစ်သက်မွေ့လျော်သောသူတို့သည် ဝမ်းမြောက်ပျော်ရွှင်သောသူများ ဖြစ်ပါသည်။ သူ ထောင်သွင်းအကျဉ်းကျခံနေရစဉ် ရှင်ပေါလု ရေးထားသကဲ့သို့ပင် ကျွန်ုပ်တို့သည် သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိပြီး (ဖိလိပ္ပိဩဝါဒစာ ၄:၄) တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအပ်သောငှာ သင်ယူကြသူများဖြစ်ပါသည် (ဖိလိပ္ပိဩဝါဒစာ ၄:၁၁)။

ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးသူများမှာ ပြဿနာအခက်ခဲ မရှိသူများမဟုတ်ဘဲ ထိုပြဿနာအခက်အခဲ များကို မကြောက်မရွံ့ ရင်ဆိုင်သူများဖြစ်သည်။ ထောင်ထဲရှိနေစဉ်ပင် ရှင်ပေါလုထပ်မံပြောသကဲ့သို့ပင် ကျွန်ုပ်တို့ရရှိနိုင်သည့် အကြီးမားဆုံးသောအကျိုးစီးပွားမှာ ရောင့်ရဲတတ်သောစိတ်ပင်ဖြစ်သည် (တိမောသေဩဝါဒစာပဋ္ဌမစောင် ၆:၆)။ စိတ်ပျက်စရာကောင်းသည့် အကျဉ်းထောင်သည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ဖော်ညွှန်းနေသည့် နေရာတော့ မဟုတ်ပေ။ သို့ရာတွင် ရှင်ပေါလုသည့် ကောင်းချီးမင်္ဂလာခံစားခဲ့ရပြီး ကြီးစွာသော အကျိုးစီးပွား ကို ရရှိပိုင်ဆိုင်ခဲ့ပါသည်။

ရှုပ်ထွေးမှုများပြားလှသည့် ယခုအချိန်ကာလတွင် ရောင့်ရဲသောစိတ်ရှိခြင်းအကျိုးစီးပွားကို ဝမ်းမြောက်စွာ ခံယူမွေ့လျော်ကြပါစို့။

စာရေးသူအကြောင်း သိကောင်းစရာ …

ဆရာကြီး အဂျစ်သ် ဖါနန်ဒိုသည် သီရိလင်္ကာနိုင်ငံ၏ ခရစ်တော်အတွက်လူငယ်လုပ်ငန်း၏ တာဝန်ခံအဖြစ် ၃၅ နှစ် ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ကပတ်တော် သင်ကြားခြင်းတာဝန်ခံအဖြစ် ဆက်လက်အစေခံခဲ့သည်။ လတ်တလောတွင် ဆရာကြီးသည် အကြံပေးဆွေးနွေးခြင်း၊ ဝန်ထမ်းများနှင့် စေတနာဝန်ထမ်းများကို နှုတ်ကပတ်တော်သွန်သင်ပေးခြင်းနှင့် လမ်းပြပဲ့ပြင်ခြင်းအမှုတော်ကို အဓိက တာဝန်ယူပေးသည်။ သူ၏ဇနီးသည် နယ်လွန်းနှင့်အတူ ကိုလံဘိုမြို့ပြင်ဘက်ခြမ်းရှိ မက်သဒစ်အသင်းတော်၌ တက်ကြွစွာ ပါဝင်လျက်ရှိပြီး အသင်းသားအများစုသည် ယုံကြည်သူလူသစ်များဖြစ်သည်။ ဆရာကြီးသည် မြို့ပြရှိဆင်းရဲသောလူတန်းစားများကြားတွင် အထူးသဖြင့် အစေခံခဲ့ပြီး ယနေ့တွင်လည်း ထိုအမှုတော်ကို ဆက်လက် ထမ်းဆောင်နေပါသည်။

ဆရာကြီးသည် သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ ကျမ်းစာကျောင်းများနှင့် အစည်းအဝေးကွန်ဖရင့်များတွင် နှုတ်ကပတ်တော် သင်ကြားပို့ချခြင်း၊ ခရစ်ယာန်ခေါင်းဆောင်များနှင့် ခရစ်ယာန်လုပ်သားများအား အကြံပေးဆွေးနွေးခြင်း၊ လမ်းပြပဲ့ပြင်ခြင်း အမှုတော်ကို ကျယ်ပြန့်စွာ ထမ်းဆောင်နေပါသည်။ ကိုလံဘိုဓမ္မတက္ကသိုလ်တွင်လည်း သင်ကြားပို့ချရန် မကြာခဏ ခေါ်ဖိတ်ခံရသည့် ဓမ္မကထိကတစ်ဦးလည်းဖြစ်ပါသည်။

ဆရာကြီးသည် ဆုရစာရေးဆရာတစ်ဦးလည်းဖြစ်သည်။ သူရေးသားသည့်စာအုပ် ၁၆ အုပ် အတွက် စာပေဆုများ ချီးမြှင့် ခံခဲ့ရသည်။ ထိုစာအုပ်များနှင့် ဆရာကြီးရေးသားသည့်အခြားစာအုပ်နှင့်ဆောင်းပါးစာမူများကို အခြားသောဘာသာပေါင်း ၂၀ သို့ ပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ အသင်းတော်နှင့် သင်းအုပ်ခေါင်းဆောင်မှုအကြောင်း ဆရာကြီးရေးသားသည့် The Call to Joy and Pain စာအုပ်သည် Christian Today စာအုပ်တိုက်မှ ချီးမြှင့်သည့် တစ်နှစ်တာအတွက် အကောင်းဆုံး စာအုပ်ဆု ကို ဆွတ်ခူးရရှိခဲ့သည်။ ဆရာကြီးရေးသားသည့် Deuteronomy: Loving Obedient to a Loving God စာအုပ်ကို ၂၀၁၂ ခုနှစ် မေလတွင် Crossway စာအုပ်တိုက်မှလည်းကောင်း၊ ၁၉၉၈ တွင် Acts in the NIV Application Commentary နှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် Reclaiming Love စာအုပ်ကို Zondervan စာအုပ်တိုက်မှ လည်းကောင်း၊ ထုတ်ဝေဖြန့်ချိပေးခဲ့သည်။ ထို့ပြင် Biblica အဖွဲ့မှ ဦးဆောင်သည့် New Sinhala ကျမ်းစာ ဘာသာပြန်အဖွဲ့တွင်လည်း ဆရာကြီးပါဝင်အမှုဆောင်ခဲ့ပါသည်။

ဆရာကြီးအဂျစ်သ် နှင့်ဇနီးနယ်လွန်း တို့၌ သားအာစိရိနှင့် သမီးနီမာလီတို့ရှိသည်။