စာရေးသူ။ ။ ချာပိုဖန်း(Chia Poh Fang)၊ စင်ကာပူ | ဘာသာပြန်သူ။ ။ ဆွေဆွေလွင်
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Why such a bad start to 2020?

“သင်၏နှစ်သစ်ကို ကောင်းမွန်စွာဖြင့် အစပြုခဲ့လိမ့်မည်ဟု မျှော်လင့်ပါသည်။”

မကြာသေးမှီကစ၍ ဤစစ်မှန်သော ဆုတောင်းဖြင့် ကျွန်မ၏ အီးမေးများကို အစပြုခဲ့သည်။ ယခုနှစ်ပိုင်း သတင်းမီဒီယာများကို ဖတ်ရှုခြင်း၊ ကြည့်ရှုခြင်းများမှတစ်ဆင့် ကြားသိရသော သတင်းဆိုးများက ကျွန်မအရင်းနှီးခင်မင်ရသော မိတ်ဆွေများအပေါ် သက်ရောက်မှုများဖြစ်ခဲ့သည်။

၂၀၂၀၏ ပထမဆုံးနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မိုးရွာသွန်းခဲ့ပါသည်။ ရေထုထည်ပမာဏ လျင်မြန်စွာမြင့်တက်လာသောကြောင့် အင်ဒိုနီးရှားနိုင်ငံသားများစွာအတွက် ပြင်ဆင်ချိန်မရရှိခဲ့ပါ။ ကျွန်မ၏သူငယ်ချင်းတစ်ဦးသည်လည်း သူမ၏သားသမီးများ အဖိုးအဖွားတို့၏အိမ်တွင် ညအိပ်သွားနေခဲ့ခြင်းကြောင့် ကလေးများနှင့် ရက်အနည်းငယ်ကွဲကွာနေခဲ့ရသည်။ အခြားသူငယ်ချင်းတစ်ဦးမှာမူ ဇန်နဝါရီ ၃ရက်နေ့တွင် မလေးရှားနိုင်ငံသို့ အစည်းအဝေးတက်ရောက်ရန်ရှိသော်လည်း ရေကြီးရေလျှံခြင်းများကြောင့် အိမ်သို့ပြန်ပြီး ခရီးအတွက် အဝတ်အစားများထည့်ရန် မဖြစ်နိုင်ခဲ့ချေ။ မလေးရှားရောက်မှသာ လိုအပ်သောအဝတ်အစား အသစ်များကို ဝယ်ယူခဲ့ရသည်။

ထို့နောက်တွင် ဖိလစ်ပိုင်နိုင်ငံရှီ တာလ်မီးတောင်ပေါက်ကွဲသည့် သတင်းများကို ကြားသိခဲ့ရသည်။ ဖိလစ်ပိုင်ရှိ ကျွန်မတို့ရုံး၏ တက်ဂလော့ဘာသာပြန်ဆိုသောသူ ငါးဦးသည် ယင်းမီးတောင်ပေါက်ကွဲသောနေရာ အနီးတဝိုက်တွင် နေထိုင်ကြသည်။ သူတို့၏အိမ်များကို မီးတောင်ပြာများ ဖုံးလွှမ်းခဲ့သည်။ ၎င်းတို့အနက် သုံးယောက်မှာ ထူထပ်သောမီးတောင်ပြာများကျလာခြင်းကြောင့် အသက်ရှုခက်ခဲခြင်းများဖြစ်ခဲ့ပြီး ရေ၊ မီး မရှိဘဲ သုံးရက်တိတ် နေခဲ့ရသည်။

တဖက်တွင်မူ သြစတြေးလျနိုင်ငံရှိ တောမီးလောင်ကျွမ်းခြင်းများလည်း ဆိုးရွားစွာဖြစ်ခဲ့သည်။ ကျွန်မ၏ သူငယ်ချင်းတစ်ယောက်သည် ဘန်ကောက်မြို့မှတစ်ဆင့် သူ၏အိမ်ရှိရာ သြစတြေးလျရှိ ကန်ဘာရာမြို့ သို့အပြန် ခရီးဆုံးသို့ရောက်ခါနီးတွင်မှ လောင်ကျွမ်းနေသောတောမီးများကြောင့် ကန်ဘာရာမြို့နှင့် နီးစပ်ရာလေဆိပ်တော်တော်များများမှ လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းရန်ကြေငြာချက် ထုတ်လိုက်ကြောင်း သိလိုက်ရသည်။ သူအိမ်အပြန်ခရီးစဉ် လမ်းကြောင်းပြောင်းလဲသွားပြီး အိမ်ရောက်ရန်အတွက် ကွေ့ပတ်သွားလိုက်ရသည်။ သူ၏ဖေ့စ်ဘွတ်တွင် “ဒါဗာအို – မနီလာ – ဆစ်ဒနီ – ကန်ဘာရာ …… စောင့်နေဆဲ…. ကျွန်တော်အိမ်ပြန်ချင်တယ်” ဟု ရေးသားထားသည်။

ထို့နောက်တွင်တော့ သတင်းဆိုးများ ဆက်လက်ကြားသိလာရသည်။ သတင်းခေါင်းကြီးပိုင်းကို ကြီးစိုးနေသော နောက်ဆုံးသတင်းဆိုးမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့နှံ့ခြင်းသတင်းပင်ဖြစ်သည်။ စတင်ဖြစ်ပွားချိန် ၃၁ ဒီဇင်ဘာ၂၀၁၉ မှ ယနေ့ထက်ထိ အသက်ပေါင်း များစွာဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ထိုဗိုင်းရပ်ကူးစက်ခံရသူတစ်ဦးတစ်ယေက်ကိုမှ ကျွန်မ မသိပါ။ ကျွန်မသိသည်မှာ နှစ်သစ်၏အစပိုင်း ၁၇ ရက်ကာလအတွင်း ဖြစ်ပွားခဲ့သော သေဆုံးမှု ၃ခုဖြစ်သည်။ ငယ်ရွယ်သောဇနီးသည် ကို ထားခဲ့သော ကျွန်မ၏ဝမ်းကွဲမောင်လေးတစ်ဦးနှင့် မိသားစုပြန်လည်ဆုံစည်းသည့်အချိန်များတွင် အမြဲလွတ်နေတော့မည့် ခုံနေရာတစ်ခု၊ နှစ်ပေါင်း၄၀ကျော် စုံဖက်ခဲ့သောလက်တွဲဖေါ်ကို ဆုံးရှုံးခဲ့ရသော သက်ကြီးရွယ်အိုတစ်ဦး နှင့် ၅နှစ်အရွယ် သမီးငယ်ကို မည်သို့မှမထင်မှတ်ထားပဲ သေခြင်းတရားဆွဲခေါ်သွားခြင်းကြောင့် ဆုံးရှုံးလိုက်ရသော မိခင်တစ်ဦးတို့ဖြစ်သည်။

ယခုနှစ်သစ်၏အစသည် ကောင်းသောစခြင်းနှင့် စတင်ခဲ့တာမဟုတ်ဟု ဆိုပါက လွန်မည်မထင်ပါ။

ယခုနှစ်သစ်၏အစသည် ကောင်းသောစခြင်းနှင့် စတင်ခဲ့တာမဟုတ်ဟု ဆိုပါက လွန်မည်မထင်ပါ။ သင့်အသက်တာသည်လည်း မကြာသေးခင်ကကြားသိရသော သတင်းဆိုးများကြောင့် ပြိုလဲခြင်းကြုံခဲ့ရနိုင်ပြီး ကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ ကြေကွဲခြင်းများ၏ ဒဏ်များကို ခံခဲ့ရနိုင်ပါသည်။ ထိုသို့ဖြစ်ခဲ့သော သင့်ကို ကျွန်မယခုကဲ့သို့ပြောချင်ပါတယ်။

သင်အဆင်မပြေဘူးဆိုတာကို ပြောရန်အဆင်ပြေပါတယ်။

သင်ချစ်သောသူကို သေခြင်းတရားမှဆွဲခေါ်လုယူသွားခြင်းအပေါ် စိတ်ဆိုးအမျက်ထွက်တတ်ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ ရေကြီးရေလျှံခြင်းများနှင့် တောမီးလောင်ကျွမ်းခြင်းကို ဖြစ်ပွားစေသော ရာသီဥတုဆိုးရွားစွာပြောင်းလဲခြင်းများအပေါ် စိတ်မကျေနပ်ခြင်းဖြစ်၍ရသလို နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့နှံ့ခြင်း နှင့်ပတ်သက်၍လည်း စိတ်ပူပန်လို့ရပါသည်။

ကျွန်မလည်း ဝမ်းကွဲမောင်လေး ရုတ်တရက်သေဆုံးခြင်းအတွက် စိတ်မကောင်းဖြစ်ရသလို ငယ်ရွယ်သောအသက်တာတစ်ခု မရင့်ကျက်မှီချုပ်ငြိမ်းသွားခြင်းအပေါ် မေးခွန်းထုတ်မိပါသည်။ တောမီးလောင်ကျွမ်းခြင်းကြောင့် ခက်ခက်ခဲခဲအိမ်ပြန်ရသော သူငယ်ချင်းနှင့်အတူ စိတ်မကောင်းဖြစ်မိသလို ရေကြီးရေလျှံခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းကြောင့် အိမ်သန့်ရှင်းရေးလုပ်ကြရသူများအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။

နာရေးတစ်ခုတွင် သခင်ယေရှု သူ၏စိတ်ခံစားချက်များကို သိသာစွာဖေါ်ပြခဲ့ခြင်းကို ကျွန်မတို့တွေ့မြင်ရမည် ဖြစ်သည်။ သေဆုံးသွားသောလာဇရု၏ အမဖြစ်သူမာရိကို တွေ့လိုက်ရချိန်တွင် “မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍…” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၃၃)။

ဘုရားသခင်သည် ဖျားနာခြင်း၊ နာကျင်ခံစားရခြင်း၊ သေဆုံးခြင်းများနှင့် ပြည့်နေသောကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည်မဟုတ်ပေ။

သခင်ယေရှု ဒေါသအမျက်ထွက်ခဲ့ပါသည်။ သို့သော် မည်သည့်အပေါ်တွင်နည်း။ အပြစ်တရားနှင့် ၎င်း၏နောက်ဆက်တွဲများအပေါ် ခံပြင်းဒေါသထွက်ခဲ့သည်။ ဘုရားသခင်သည် ဖျားနာခြင်း၊ နာကျင်ခံစားရခြင်း၊ သေဆုံးခြင်းများနှင့် ပြည့်နေသောကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည်မဟုတ်ပေ။ သို့သော်လည်း ကမ္ဘာလောကထဲ အပြစ် ဝင်ရောက်လာပြီး ဘုရားသခင်၏လှပသောအစီအစဉ်ကို ဖျက်ဆီးခဲ့သည်။

အဆင်မပြေခြင်းများဖြစ်လာပါက အဆုံးမရောက်သေးပါဆိုတာကို သိဖို့ရန်လိုအပ်ပါသည်။

နာကျင်ခံစားရခြင်းများနှင့်ပတ်သက်သော မေးခွန်းများစွာအတွက် ကျေနပ်လောက်သောအဖြေကို ကျွန်မရှာမတွေ့သေးပါ။ သို့သော်လည်း ကျွန်မဝေခွဲမရသည့် အခြေအနေနှင့် ရင်ဆိုင်ရတိုင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်က သခင်ယေရှု လူ့လောကထဲသို့ဆင်းသက်ကြွလာပြီး ဘုရားသခင်၏ပုံသဏ္ဍန်ကို ဖေါ်ပြခဲ့သည်ကို သတိရမိပါသည်။

ကျွန်မဝေခွဲမရသည့် အခြေအနေနှင့် ရင်ဆိုင်ရတိုင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်က သခင်ယေရှု လူ့လောကထဲသို့ဆင်းသက်ကြွလာပြီး ဘုရားသခင်၏ပုံသဏ္ဍန်ကို ဖေါ်ပြခဲ့သည်ကို သတိရမိပါသည်။

ယေရှုသည် အနာကြီးရောဂါသည်ကို လက်တော်ဖြင့် တို့ထိခဲ့သည် (ရှင်မာကုခရစ်ဝင် ၁:၄၁)၊ နာဣနမြို့ရှိ ပူဆွေးနေသော မုဆိုးမတစ်ဦးကို မြင်ခဲ့သည် (ရှင်လုကာခရစ်ဝင် ၇:၁၁-၁၇)။ ကျွန်မတို့နာကျင်ချိန်တွင် သူလည်း နာကျင်ရသည်။ ကျွန်မတို့နှင့်အတူ လိုက်ပါမျှဝေခံစားပေးသော သနားကြင်နာတတ်သည့် ကယ်တင်ရှင်တစ်ဦးရှိသည်။ ထိုမျှမက သခင်ယေရှုသည် သေခြင်းခံခဲ့ပြီး ပြန်လည်ထမြောက်ခဲ့သည်။ သူတစ်ဦးတည်းသည်သာလျင် သေခြင်းခံခဲ့ပြီး ပြန်လည်ရှင်ပြန်လာကာ မည်သည့်အခါမှ သေဆုံးတော့မည်မဟုတ်သူဖြစ်သည်။ ဂူသင်္ဂြိုင်းကို ကျော်လွန်ပြီးနောက် အသက်တာရှိနေသေးသည်ကို သက်သေပြခဲ့သည်။ အသက်ရှင်သော ကယ်တင်ရှင် သခင်ယေရှုအားဖြင့် ကျွန်မတို့အသက်တာအတွက် မျှော်လင့်ချက်ရှိပါသည်။

ကမ္ဘာကြီးတွင် လူသားအားလုံး၏နာကျင်ခြင်းများ ကွယ်ပျောက်သွားမည့်အချိန် ရောက်လာမည်ဟု သူကတိပေးထားခဲ့သည် (ဗျာဒိတ်ကျမ်း ၂၁:၄)။ ကျွန်မတို့ ကိုယ်ခန္ဓာဆိုင်ရာ ဖျားနာခြင်း၊ အပြစ်ဖြစ်ခြင်းများကို ယခုအချိန်တွင် ရပ်တန့်နိုင်ခြင်းမရှိသော်ငြားလည်း ဘုရားသားသမီးဖြစ်ခြင်းအားဖြင့် ကျွန်မတို့သည် ဝမ်းမြောက်ခြင်းဖြင့်ပြည့်နေသော အသစ်သောခန္ဓာကို ပိုင်ဆိုင်ရန်စီရင်ထားပြီးဖြစ်သည် (ကောရိန္သုဩဝါဒစာပဌမစောင် ၁၅:၄၂-၄၃)။ ထိုအရာသည် လူ့သမိုင်းကြောင်းအတွက် နောက်ဆုံးသောအရာဖြစ်ပြီး ကျွန်မတို့အားလုံး ကြိုတင်သိရှိခြင်းအခွင့်ထူးကို ရရျှိနေပါသည်။

သင့်ရဲ့နှစ်သစ်အစသည် မကောင်းသောစတင်ခြင်းဖြစ်ခဲ့ပါသလား။ ဤသည်မှာ အရာအားလုံး၏အဆုံး မဟုတ်သောကြောင့် စိတ်သက်သာနိုင်ပါသည်။

သင့်ရဲ့နှစ်သစ်အစသည် မကောင်းသောစတင်ခြင်းဖြစ်ခဲ့ပါသလား။ ဤသည်မှာ အရာအားလုံး၏အဆုံး မဟုတ်သောကြောင့် စိတ်သက်သာနိုင်ပါသည်။ ဘုရားသခင်သည် ကတိထားခဲ့သည့်အတိုင်း ပြုပြင်ခြင်းများ ဆောက်ရွက်နေပြီး သူ့ကို ချစ်သောသူများအကောင်းဆုံးဖြစ်ဖို့ရန်အတွက် လုပ်ဆောင်နေပါသည် (ရောမသြဝါဒစာ ၈:၂၈)။

၂၀၂၀ ခုနှစ်အတွင်း ချင်းနင်းဝင်ရောက်လာသည်နှင့်အမျှ ကျွန်မတို့အနေဖြင့် ဘုရားသခင်အပေါ် ပိုမိုယုံကြည်ကိုးစားရန် ကြိုးစားရမည့်အခြေအနေများအတွင်း တွန်းပို့ခြင်း ခံရနိုင်ပါသည်။ ကျွန်မနှင့်အတူ သခင်ယေရှုတစ်ဦးတည်းအပေါ်တွင်သာ ယုံကြည်ရန် ပါဝင်ပါမလား။ သူ့အပေါ်တွင်ထားရှိသော ကျွန်မတို့၏ မျှော်လင့်ခြင်းကြောင့် အစစအရာရာ အဆင်ပြေနိုင်လိမ့်မည်ကို ကျွန်မတို့ စိတ်ချယုံကြည်နိုင်ပါသည်။

စာရေးသူအကြောင်း သိကောင်းစရာ …

ပိုဖန်း တစ်ယောက် ဘာသာစကားနဲ့ ဆက်စပ်တဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဘူးပါ။ ဓာတုဗေဒပညာရပ်သည်သာ သူမ အရူးအမူးစွဲလမ်းခဲ့သည့်ပညာရပ် ဖြစ်ခဲ့သည်။ သူမအသက် ၁၅နှစ်အရွယ်က ဘုရားသခင်ကိုကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီးနောက် သူမဘဝ၏ တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်ခဲ့သည်။ ဘုရားသခင်ထံ တစ်ပါးသူများ၏အသက်တာကို ထိတွေ့ပြောင်းလဲ စေသည့် စာအုပ်များကိုဖန်တီးလိုသည်ဟု သူမဖေါ်ပြခဲ့သည်။ သူမသည် စင်ကာပူရှိ ကျွန်ုပ်တို့၏ နေ့စဉ်ခွန်အားသာသနာပြုလုပ်ငန်းတွင် အယ်ဒီတာချုပ်အဖြစ် ဆက်ကပ်နေပါသည်။

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။