စာရေးသူ။ ။ လက်စလီကိုး (Leslie Koh)၊ စင်ကာပူ | ဘာသာပြန်သူ။ ။ ရုသ်ဖိုးဂေး
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Election Fever on My Mind

ဖတ်ရန်။ ။ “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။”- ဆာလံကျမ်း ၁၄၆း၃

မိမိကိုယ်ကို ‘အကျိုးအကြောင်းဆီလျော်စွာဖြင့် မဲပေးသူ’ဟု ကျွန်ုပ်အမြဲမှတ်ယူထားပါသည်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်ရုံးပြောဆိုခြင်းနှင့် အငြင်းပွားမှုကြားတွင် ယိမ်းယိုင်နေမည့်အစား နောက်ဆုံးတွင် ပိုကောင်းစွာ စွမ်းဆောင်လုပ်ဆောင်နိုင်မည့်သူသာ ကျွန်ုပ်၏မဲကိုရရမည် ဟူ၍ မိမိ၏ယုံကြည်ချက်၌သာ အာရုံပြုထားပါသည်။ (ကျွန်ုပ်သည် ကြားနေအသိဖြင့် ရည်ရွယ်ပြောဆိုခြင်း ဖြစ်သောကြောင့်ကျွန်ုပ်မဲပေးမည့်သူကို ခန့်မှန်းရန် မကြိုးစားပါနှင့်။)

မကြာမီအချိန်က သူငယ်ချင်းတစ်ယောက်နှင့်စကားပြောနေစဉ် မိမိကိုယ်ကို ချီတုံချတုံဖြင့် ဝေခွဲမရဖြစ်နေခြင်းကို သိလိုက်ရသောအခါ ကျွန်ုပ်အထိတ်တလန့်ဖြစ်ခဲ့ရသည်။ အမျိုးမျိုးသော နိုင်ငံရေးပါတီများတွင် နယ်ပယ် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သောလူအချို့တို့အကြောင်းကို ကျွန်ုပ်တို့ ဆွေးနွေးကြရင်း “ငါတော့ သူ့ကိုဘယ်လိုမှ မခံစားနိုင်ဘူး။ သူ့ကိုတော့ ဘယ်တော့မှ မဲပေးမှာ မဟုတ်ဘူး” စသည်ဖြင့် ကျွန်ုပ်ပြောမိလိုက်သည်ကို ကိုယ့်ဘာသာကိုယ် သတိပြုလိုက်မိသည်။

ရုတ်တရက်ပင် ကျွန်ုပ်ရဲ့မဲပေးမှုသည် ဝင်ရောက်အရွေးချယ်ခံသည့် ကိုယ်စားလှယ်လောင်း၏စွမ်းရည်၊ သူ့ပါတီ၏လုပ်ဆောင်မှုစွမ်းရည်နှင့် ပြဿနာများကို သူမည်သို့ကိုင်တွယ်ဖြေရှင်းနေသည် စသည့် အချက်များပေါ်တွင် မူတည်မနေဘဲ ပုဂ္ဂိုလ်ရေးအမြင်သက်သက်ဖြင့် ဆုံးဖြတ်သည့်ပုံ ပေါ်နေသည်။ ပါလီမန်တွင် မည်သူက ပို၍ကောင်းစွာ စွမ်းဆောင်နိုင်မည်ကို အလေးအနက်ဆွေးနွေး ပြီးနောက် ကျွန်ုပ်သည် မိမိနှစ်သက်သောမျက်နှာရှင်ကိုသာ မဲပေးပြီး မနှစ်သက်သောသူကို မထောက်ခံ ဟူသည့်သဘောနှင့် အဆုံးသတ်သွားသည်။

နိုင်ငံရေးသည် လူသားများ၏အကြောင်းတရားများသာ ဖြစ်သောကြာင့် ထိုသို့ပုဂ္ဂိုလ်ရေးဆန်သည့် အတွေးများနှင့်လွတ်အောင် ရှောင်ဖယ်ရန်မှာ အမှန်ခက်ခဲသောအရာဖြစ်သည်။ အရေးကြီးဆုံးမှာ အခြားလူများကို ဦးဆောင်စည်းရုံးကာ လူသားများ၏ဘဝနေထိုင်မှု ပိုမိုကောင်းမွန်ရေးကို ဦးဆောင်ဦးရွက်ပြုမည့် မှန်ကန်သောလူရရှိရန်သာ ဖြစ်သည်။ ပြဿနာမှာ ကျွန်ုပ်တို့အားလုံးသည် အပြစ်၊ အမှားများ၊ အားနည်းချက်များနှင့်ကင်းသူ မဟုတ်ခြင်းပင်ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲတွင် အရှေ့၌ရပ်ပြီး အရွေးချယ်ခံကြသူများသာမဟုတ်၊ မဲပေးသူများသည်လည်း တန်းတူညီမျှ လွှမ်းမိုးခံရပါသည်။ အချို့လူများက “အိပ်ယာမှနိုးလာလျှင် ခုတင်ထက်မှ ဘယ်ညာ ဆင်းချင်သလို ဆင်းသကဲ့သို့ ကျွန်ုပ်တို့ပေးလိုက်သောမဲများသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် လွယ်လင့်တကူ အရွှေ့အပြောင်း လုပ်ခံရနိုင်ကြောင်းကို ဟာသလုပ်၍ ပြောတတ်ကြသည်။

နှုတ်ကပတ်တော်တွင် ဘုရားသခင်စိတ်တော်နှင့်တွေ့သောသူများ၊ ဘုရားသခင်၏ ခေါ်ယူစေစားခြင်း အပေါ်တွင် နာခံမှုရှိရန်၊ သစ္စာရှိရန် ဘုရားကိုစိတ်ရင်းအမှန်နှင့် ရှာသည့်ခေါင်းဆောင်ကောင်းများ အကြောင်း အပြည့်ပါရှိသည်။ သို့ငြား ထိုသူအများစုသည် တစ်ချိန်ချိန်တွင် ခြေချော်လမ်းချော်ဖြစ်ခဲ့ကြဖူးသူချည်းသာ ဖြစ်သည်။ ဒါဝိဒ်၊ မောရှေ၊ ဧလိယနှင့် ပေါလုတို့သည် သူတို့ကျရှုံးနေသာအချိန်များတွင် မဲဆွယ်စည်းရုံးရေး များပြုလုပ်ခဲ့ပါလျှင် ကျွန်ုပ်ထံမှ မဲတစ်ခုကို ဆုံးရှုံးကြမည်ဖြစ်သည်။

သူတို့၏နောက်လိုက်များက ထိရှလွယ်သည့်အားနည်းသူများ မဟုတ်ပါ။ ဣသရေလူမျိုးများ ကိုယ်၌က ဘုရင်များ၊ ပရောဖက်များနှင့် ခေါင်းဆောင်များအပေါ်သစ္စာခံမှု အလွယ်တကူပြောင်းလဲတတ် ကြသည်။ ဘုရားရှင်ထံမှ ကျောခိုင်းလှည့်ထွက်သွားရန် ပို၍ပင် မြန်သေးသည်။

ထိုကြောင့် ဣသရေလလူမျိုးတို့အား “သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။” (ဓမ္မရာဇဝင်တတိယစောင် ၁၈း၂၁) ဟု ဧလိယကြီး ကြိမ်းမောင်း လိုက်သည်မှာ အံ့သြစရာတော့မဟုတ်ပါ။ ထို့အတူ ဆာလံဆရာကလည်း “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။” ဟူ၍ ဆာလံကျမ်း ၁၄၆း၃ တွင် ဖော်ပြထားသည်။

ထိုဆာလံ၌ လူသားများအပေါ်စိတ်ချ၍မရခြင်းနှင့် ပြောင်းလဲလွယ်ခြင်း အချက်ကို အချုပ်အခြာအာဏာရှင်နှင့် သစ္စာတော်ရှင်ဖြစ်သော ဘုရားသခင်၏မပြောင်းလဲသော ချစ်ခြင်းမေတ္တာတော်နှင့် နှိုင်းယှဉ်ကာ ဖော်ပြထားသည်။

“ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး သမုဒ္ဒရာနှင့်တကွ
အရပ်ရပ်၌ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။
သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။
… အို ဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည်
ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း။”
ဆာလံကျမ်း ၁၄၆း၆၊ ၁၀

ဘုရားသခင်တစ်ပါးတည်းသာလျှင် အမှန်တကယ်ဖြောင့်မတ်သူ၊ ယုံကြည်စိတ်ချရသူ၊ မပြောင်းလဲသောသူ ဖြစ်သည်။ ဘုရားရှင်သည် အစိုးရသောအချုပ်အခြာပိုင်ရှင်နှင့် ဖြစ်ပျက်သမျှအမှုအရာများကို ထိန်းချုပ်ထားသည်ဟူသော ခိုင်မာသော အမှန်တရားကို ကျွန်ုပ်တို့ယုံကြည်စိတ်ချ နိုင်ပါသည်။

လက်တွေ့တွင် မဲဆန္ဒ ရှင်ရော ခေါင်းဆောင်များပါ ပြည့်စုံခြင်း မရှိကြသေးပါ။ မဲဆွယ်စည်းရုံးမှုများကို ဆက်လက်နားစွင့်၊ ဆုံးဖြတ်ချက်များချ၊ မဲရုံဆီသို့ ကျွန်ုပ်တို့ဦးတည်သွားနေစဥ်ပင် ဘုရားရှင်သည် သူ၏ ဖြောင့်မတ်ခြင်း၊ အာဏာတော်အတိုင်း ထိန်းချုပ်နေကြောင်းကို သိမှတ်လျက် ဘုရားရှင်ထံ အစဉ်မျှော်ကြည့် ကြပါစို့။ ကျွန်ုပ်တို့သည် လူများနှင့်ပုဂ္ဂိုလ်ရေးများကို ကျော်လွန်ကြည့်တတ်ရန် သင်ယူပြီး ဘုရားသခင်၏မျက်မှောက်တော်၌ မှန်ကန်သောအရာကို ရှာဖွေလုပ်ဆောင်ကြပါစို့။- လက်စလီကိုး

“အဘဘုရား၊ ကျွန်ုပ်တို့၏တိုင်းနိုင်ငံကို ကိုယ်တော်ထိန်းချုပ်နေကြောင်း သိမှတ်လျက်၊
လမ်းပြမှုအတွက် ကိုယ်တော့်ထံဆက်လက်မျှော်ကြည့်လျက်
အမြော်အမြင်ရှိရှိ မှန်ကန်စွာဖြင့် ဆုံးဖြတ်ချက်များ ချနိုင်စိမ့်ငှာ ကူမတော်မူပါ။”


စာရေးသူအကြောင်း သိကောင်းစရာ …

လက်စလီကိုး သည် စင်္ကာပူနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ သူသည် Our Daily Bread Ministries သို့ မပြောင်းရွေ့မီက ၎င်းနိုင်ငံထုတ် The Straits Times သတင်းစာတိုက်၌ ဂျာနယ်လစ်အဖြစ် ၁၅ နှစ်ထက်မနည်း လုပ်ကိုင်ခဲ့သည်။ သတင်းဆိုးများနှင့်ဆိုင်သည့်ဌာနမှ သတင်းကောင်းနှင့်ဆိုင်သည့် ဌာနသို့ ပြောင်းရွေ့ရခြင်းက အကျိုးကြီးကြောင်း သူသိရှိခဲ့သည်။ လူအပေါင်းတို့ထံသို့ ကောင်းမြတ်သေချာသည့် သတင်းစကားကို ကမ်းလှမ်းပေးခြင်းထက်သာ၍ ကောင်းသောအရာမရှိဟု သူယုံကြည်သည်။ အစာစားသောက်ခြင်း၊ ခရီးသွားခြင်း၊ ပြေးခြင်း၊ စာတည်းဖြတ်ခြင်းနှင့် စာရေးသားခြင်းအမှုတို့ကို သူနှစ်သက်ပျော်မွေ့သည်။