ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ၍မြတ်သနည်း။ (မာ ၁၂:၂၈)
ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မာကုခရစ်ဝင် ၁၂:၂၈-၃၄
၂၈ ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကိုသိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊ ၂၉ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘရားသည် တပါးတည်းဖြစ်တော်မူ၏။ ၃၀ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ၃၁ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ် နှင့်သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟုပြန်၍ မိန့်တော်မူ၏။ ၃၂ ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ၃၃ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ် ရှိသမျှ၊ အစွမ်းသတ္တရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။ ၃၄ ထိုသို့ ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့် မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
ယာဥ်မောင်းခြင်း သင်ခန်းစာများး
တစ်နေ့ အလုပ်သို့သွားနေစဥ် လမ်းတွင် “ကျွန်တော်ဘာကြောင့် ဘုရားသခင်၏ ဥပဒေစည်းကမ်းများကို လိုက်နာသင့်သလဲ” ဟု စတင်တွေးတောမိသည်။ ကျွန်တော့်ကား မီးပွိုင့်သို့ ရောက်ခါနီးတွင် မီးဝါပြောင်းသွားသောအခိုက်အတန့်လေး၌ ကျွန်တော်အဖြေတွေ့ရှိခဲ့သည်။ လမ်းဆုံ၌ရှိနေသာ တစ်ဘက်မှ ယာဥ်မောင်းက ကျွန်တော့်ကားရပ်သွားသည်အထိ စောင့်ကြည့်နေသည်။ “ကျွန်တော်ဘာကြောင့် ကားရပ်လိုက်တာလဲ” ဟု မိမိကိုယ်ကို မေးလိုက်သည်။ “ကားမရပ်ဘဲ မီးပွိုင့်ကို ကျွန်တော်ဖြတ်မောင်းသွားနိုင် ခဲ့လောက်သည်။”
အကြောင်းပြချက်နှစ်ခု ကျွန်တော့်ခေါင်းထဲဝင်လာသည်။ ဘေးအန္တရာယ်မှလွတ်မြောက်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ ဖြစ်သည်။ ကျွန်တော်ဒဏ်ရာရနိုင်သည် သို့မဟုတ် သေသွားနိုင်သည်။ သို့တည်းမဟုတ် ယာဥ်ထိမ်းရဲကမြင်ပြီး ကျွန်တော့်ကို အပြစ်ဒဏ်လက်မှတ် ပေးနိုင်သည်။ ကောင်းလိုက်တဲ့ အကြောင်းပြချက်လို့ သင်ထင်ပါသလား။ သို့သော်လည်း ထိုအချက်များသည် အကောင်းဆုံးသော စေ့ဆော်မှုများလား။ ကျွန်တော် အခြားယာဥ်မောင်းများအတွက်ရော စဥ်းစားမိပါရဲ့လား။
ဘုရားသခင်၏ပညတ်တော်များကို ကြောက်ရွံ့စိတ်ဖြင့် နာခံလိုက်လျှောက်ခြင်းအားဖြင့် သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊ သူတစ်ပါးအသက်ကို သတ်ခြင်း၊ မုသာပြောခြင်း၊ ခိုးယူခြင်း၊ လိုချင်တပ်မက်ခြင်းများကြောင့် ဖြစ်လာနိုင်သော ဘဝလမ်းမပေါ်ရှိ ပြန့်ကျဲနေသော အပျက်အစီးများကို လျော့စေနိုင်မည်။ ထိုထက် သာ၍မြင့်သော တွန်းအားတစ်ခုရှိပါသည်။ သခင်ယေရှုအား “ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား၊ … သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟုပြန်၍ မိန့်တော်မူ၏” (မာ ၁၂:၂၉-၃၁)။
သခင်ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလိုက်သောအခါ ဘုရားသခင်၏မေတ္တာတော်ကို ကျွန်ုပ်တို့ခံစားရမည်ဖြစ်ပြီး ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်လျှောက်ခြင်း၏ ရည်ရွယ်ချက်များလည်း ပြောင်းလဲသွားသည်။ ၎င်းသည် ဘုရားသခင်၏ “အဝါရောင်မီး”ပြချိန်တွင် အရှိန်လျှော့ကာ “အနီရောင်မီး”တွင် ရပ်တန့်လိုက်ပြီး “အစိမ်းရောင်မီး”၌ မောင်းထွက်သွားခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာဟူသည့် အမြင့်ဆုံးသော တွန်းအားကြောင့်သာ ဖြစ်ပါတော့သည်။ – Dennis J. DeHaan
ဘုရားသခင်ကိုနာခံခြင်းသည် ကိုယ်တော့်ကို ချစ်ခြင်းဖြစ်သည်။
စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။