ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ။ (မာ ၁၂:၄၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မာကုခရစ်ဝင် ၁၂:၄၁-၄၄

၄၁ ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သော သူအများတို့သည် များစွာသွင်းချကြ၏။ ၄၂ ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။ ၄၃ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။ ၄၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။

ဒင်္ဂါးနှစ်ပြား

လူတို့ဖြတ်သွားဖြတ်လာပြုလျက် မိမိတို့၏အလှူငွေများကို ဗိမ္မာန်တော်အတွက် ထည့်ဝင်နေကြသည်ကို သခင်ယေရှုသည် ဘဏ္ဍာတိုက်နားတွင် ထိုင်လျက်ကြည့်နေသည် (မာ ၁၂)။ အချို့က ဝါကြွား၍ ဟိတ်ဟန်ထုတ်လျက် သူတို့မည်မျှပေးလှူသည်ကို အခြားသူများမြင်အောင် ပြုခြင်းဖြစ်နိုင်သည်။ ထို့နောက် ဆင်းရဲသောအမျိုးသမီး ဝင်လာကာ ကြေးနီဒင်္ဂါးပြားနှစ်ပြားကို ထည့်သည်။

ငွေကြေးလည်ပတ်မှုတွင် ကြေးနီဒင်္ဂါးနှစ်ပြားသည် တန်ဖိုးအနည်းဆုံးဖြစ်သည်။ မုဆိုးမ၏အလှူသည် အလွန်နည်းသည့်၊ လူအများစု၏အမြင်တွင် ဘာမျှမဟုတ်သည့် ပမာဏဖြစ်သည်။ သို့သော်လည်း သခင်ဘုရားသည် အခြားသူများ မသိမြင်သည့်အရာကို သိမြင်သည်။ သူမသည် “ဥစ္စာရှိသမျှကို သွန်းချလေပြီ” (မာ ၁၂:၄၄)။ မုဆိုးမသည် သူ့ကို လူအများစိတ်ဝင်စားအောင် ဆွဲဆောင်ရန် မကြိုးစားပါ။ သူမ တတ်နိုင်သည့်အရာကို ရိုးရိုးလေးပြုခြင်းသာဖြစ်ပြီး ၎င်းကို သခင်ယေရှု သတိပြု၊ သိသည်။

အလွန်သေးငယ်လင့်ကစား ကျွန်ုပ်တို့ပြုသောအရာအားလုံးကို သခင်ဘုရားသိမြင်ကြောင်း ကျွန်ုပ်တို့ မမေ့သင့်ပါ။ ခက်ခဲရာကာလတွင် ရွှင်လန်းသော မျက်နှာရိပ်သွင်ပြင်ကိုပြခြင်း၊ သို့မဟုတ် အမှတ်တမဲ့ ဖြတ်သွားသူတစ်ဦးဦးအပေါ် ချစ်ခြင်းမေတ္တာ ကြင်နာခြင်းအပြုအမူကို ပြမှန်းမသိပြသခြင်း၊ အကူအညီလိုအပ်နေသည့် အိမ်နီးချင်းအတွက် တိတ်တဆိတ် တိုတိုတုတ်တုတ် ဆုတောင်းပေးခြင်း စသည်ဖြင့် ဘာမှမဟုတ်သည့်အရာများကို ဘုရားသခင်သိမြင်ပေသည်။

“လူများတို့မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မခံရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ … ပေးကြောင်းကို မထင်ရှားစေ(နှင့်)။ … မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့” (မ ၆:၁-၄) ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ – David H. Roper

ဘုရားသခင်သည် ပေးလှူသောလက်ကိုမဟုတ်ဘဲ ပေးလှူသည့်စိတ်နှလုံးကိုကြည့်သည်။ ပေးလှူသော လှူဖွယ်ဝတ္ထုကို မဟုတ်ဘဲ ပေးလှူသူကိုကြည့်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။