ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း

အောင်မြင်မှုဒဏ်ကို ခံရပ်အနိုင်ယူခြင်း

 

ဆုံးရှုံးမှုများသည် အောင်မြင်ခြင်းသို့ဖြတ်လမ်း” (Failure: The Back Door of Success) အမည်ရှိ စာတစ်အုပ်ကို Erwin Lutzer ဆိုသူက ရေးသားခဲ့သည်။ ထိုအဖိုးတန်စာအုပ်သည် ယောသပ်၏ ဘဝအသက်တာအကြောင်း ရေးသားထားသည်ဟု ထင်ရသည်။ ဆုံးရှုံးမှု၊ ဆုတ်ယုတ်မှု များကို နှစ်ရှည်လများခံခဲ့ရပြီးမှ အောင်မြင်ခြင်းကို ရုတ်ခြည်းရတတ်၏ ဟု ရှင်းပြထားသည်။

 

သမ္မတကြီး အေဗြဟံလင်ကွန်း၏ဘဝက စံတင်လောက်ပါသည်။ စီးပွားရေးလုပ်ငန်းနှစ်ခု ပျက်စီးဆုံးရှုံးခဲ့ပြီး၊ စိတ်ကျဝေဒနာ ခံစားခဲ့ရသည်။ တဖန် ချစ်သူက ကွယ်လွန်သွားရာ သေချင်လောက်အောင် စိတ်ထိခိုက်ခဲ့သည်၊ အနှစ် (၃၀) ကာလအတွင်း ရွေးကောက်ပွဲ (၁၀) ကြိမ် ဆုံးရှုံးခဲ့သည်။ ထို့နောက် မယုံနိုင်လောက်အောင်ပင် အောင်မြင်ပြီး နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရလေသည်။ နှစ်ပေါင်းများစွာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးခဲ့ပြီးနောက် အဆင့်မြင့်မြင့်သြဇာကြီးမားသော ရာထူးကိုလည်း ရင်ဆိုင်နိုင်ရန် ကျင့်သားရပြီးဖြစ်သည်။

အကြိမ်ကြိမ်ဆုံးရှုံးမှုနှင့် ဝမ်းနည်းဖွယ်ရာများက လင်ကွန်းကို  အနိုင်မယူနိုင်ခဲ့ပါ၊ အလားတူပင် ယောသပ်သည်လည်း (၁၃) နှစ်မျှ စိတ်သောကရောက်ခဲ့သော်လည်း နောက်ဆုံး သူ့ဘဝအတွက် မျှော်လင့်စရာ ရောင်ခြည်သန်းလာသည်၊ ဖလားတော်ဝန်က ၂ နှစ်တိုင် ယောသပ်အား မေ့နေသည့်ကာလသည်လည်း စာရိတ္တကြံ့ခိုင်စေရန် ဖြစ်သည်။ ဘုရား အကြံအစည်တော် ပြီးမြောက်ချိန်ကို (က ၄၁) တွင် တွေ့ရသည်။

 

မေ့ပစ်လိုသောအိပ်မက်များ။ ဖာရောဘုရင်ကြီးက တစ်နိုင်ငံလုံးနှင့် ဆိုင်သော အိပ်မက်ရူပါရုံနှစ်ခုကို မြင်မက်သည်။ မင်းကြီးက ထိုရူပါရုံ၏အနက်ကို ရှင်းလင်းစွာ နားမလည်သဖြင့် စိတ်သောကရောက် ရသည်။ သာမန်အိပ်မက်မျိုးမဟုတ်သည်ကို ဘုရင်ကြီးက သတိပြုမိသည်။ အလွန်အရေးကြီးသည်ကို သိသောကြောင့် တိုင်းပြည်ရှိ ပညာရှိ သုခမိန်များအားလုံးကို အိပ်မက်၏အဓိပ္ပာယ် ပြန်ဆိုကြရန် အမိန့်တော်ချလိုက်သည် (က ၄၁း၁-၈)။

 

ဖွင့်ပြတော်မူသော အိပ်မက်ရူပါရုံသည် သာမန်လူ နားလည် ပြန်ဆိုနိုင်ခြင်းမရှိသည့် ရူပါရုံဖြစ်သည်။ မြေကြီးအရာ မဟုတ်ဘဲ ဝိညာဉ်ရေးနှင့် ဆက်စပ်လျက်ရှိခြင်းကြောင့် တိကျမှန်ကန်စွာ ဖွင့်ဆိုနိုင်သူအား အဓိပ္ပာယ်ပြန်ဆိုစေရန် အရေးကြီးသည်။ ဉာဏ်မမီသူလက်သို့ မအပ်မိရန် အရေးကြီးသည်၊ ပညာရှိများက ဘုရားသခင်၏အကြံအစည်၊ အမှုတော် ဖြစ်ကြောင်း မသိကြပါ။ သူတို့၏အဖြေများက သောကရောက်နေသော ဘုရင်ကြီး၏စိတ်နှလုံးကို သက်သာခွင့် မပေးနိုင်။

 

သမ္မာတရားနှင့်ဆိုင်သော ဘုရားအခွင့်အာဏာကို လက်ခံလိုသောဆန္ဒ မရှိမချင်း
ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်ဖြစ်၊ ဒုက္ခပေးသည့်အမအတွက် အဖြေကို ရမည်မဟုတ်။ မဟုတ်ပါ။

 
ယခုခေတ်အချိန်တွင် လူတို့သည် ဝိညာဉ်အရေးနှင့် ပတ်သက်၍ ဆာငတ်မွတ်သိပ်လှသောကြောင့် မမှန်သောဆရာများ၊ နတ်ဆရာများ နှင့် မှားယွင်းစွာ သွန်သင်သော ဘာသာရေးခေါင်းဆောင်တို့အတွက် အကွက်ကောင်း၊ အချိန်ကောင်း ဖြစ်နေကြောင်းကို သတိပြုရန်လိုသည်။

 

ဘုရားသခင်ဖွင့်ပြသော သမ္မာတရားအလင်း၌ အဖြေကို ရှာရမည်။ အာနိသင်ကင်း အဓိပ္ပာယ် မရှိသည့် အဖြေများသာပေးသည့် ဆရာတုဆရာယောင်ကြီးများထံမှ လူ့နှလုံးသားက တောင်တ့ရှာဖွေသော အဖြေကိုရမည် မဟုတ်ပါ။   သမ္မာတရားနှင့်ဆိုင်သော ဘုရား၏အခွင့် အာဏာကို လက်ခံလိုစိတ် ရှိရမည်။ သို့မှသာ မိမိ စိတ်အနှောင့်အယှက်ဖြစ်၊ ဒုက္ခရောက်သည့်အမှုအတွက် အဖြေကို ရမည်။

 

အမှတ်ရမိသည့်အိပ်မက်။ ဖောရာဘုရင်၏ပညာကျော်များက မင်းကြီး၏ အိပ်မက် အဓိပ္ပာယ် ဖော်ထုတ်နိုင်ခြင်း မရှိ၍ အခက်ကြုံကြရသည်။ ထိုအခြေအနေတွင်မှ ဖလားဝန်က အနက်ဖော်နိုင်သူတစ်ဦးကို သတိရတော့သည် (က ၄၀း၉-၁၃)။ သူအကျဉ်းကျခံရစဉ်က သူ့ အိပ်မက်ကို ဖော်ပြခဲ့သူ ဟေဗြဲလူငယ်တစ်ဦးရှိကြောင်း ဘုရင်ကြီးအား  သံတော်ဦးတင်သည်။ ယောသပ်သည် တစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိသည့် အိပ်မက်သုံးခုအနက် တတိယအိပ်မက်နှင့် ရင်ဆိုင်ရတော့သည်။

 

  • အစ်ကိုတို့အပေါ် စိုးမိုးရမည်ဆိုသော သူ့အိပ်မက်
  • အမတ်ကြီးများ၏အိပ်မက်
  • စပါးကောက်နှံနှင့်နွားမများအကြောင်းအိမ်မက်

 

အမတ်ကြီးများ၏အိပ်မက်များကို အနက်ဖော်ပေးခြင်းမှ တစ်ဆင့် ယောသပ်သည် တတိယအိပ်မက်ကို အနက်ဖော်ရန် အခွင့်ရခဲ့သည်။ တတိယအိပ်မက်အားဖြင့် သူ၏ပထမအိပ်မက် ပြီးပြည့်စုံရန် အကြောင်းဖန်လာသည်၊ (၁၃) နှစ်မျှကို ပေးထားသော ဘုရား၏ကတိတော် အပတ်လည်လာသည်။ လူ့အမြင်အားဖြင့် (၁၃) နှစ်ကြာ နောက်ကျမှရသည်ဟု ယူဆမည်။ သို့သော် အကြံအစည်တော်နှင့် အလိုတော်က အချိန်တန်သောအခါ အချိန်ကိုက်ဖြစ်ပေါ်သည်။

 

မှန်ကန်ပြည့်စုံသောအိပ်မက်။ ဖာရောမင်း၌ အခြားရွေးရန် လမ်းမရှိတော့ပြီ။ အကျဥ်းသားယောသပ်ကို ခေါ်ထုတ်ရလေသည်။ ယောသပ်လွတ်မြောက်ခွင့်ရခြင်း အကြောင်းအားဖြင့် ဘဝ၏ကြမ်းတမ်းခက်ထန်သော အခြေအနေဆိုးများက ဘုရား၌ မှန်ကန်မွေ့လျော်သော စရိုတ်အကျင့်ကို မထိခိုက်စေနိုင်ကြောင်း အရေးကြီးသော အချက်ကို သိနားလည်ရပါသည် (က ၄၁:၁၄-၁၆)။ နှစ်ပေါင်း များစွာ မတရားမှုကို ခံရခြင်း၊ အကျဥ်းချခံရခြင်းတို့က ယောသပ်ကို ဆုတ်ယုတ်အောင် မလုပ်နိုင်၊ ဆုတ်ယုတ်ခြင်း မရှိသည့် အပြင် အရည်အသွေး သုံးမျိုးအားဖြင့် ထိပ်တန်းသို့ ရောက်ခဲ့သည်။            

         

ခံ့ညားသိက္ခာရှိခြင်း။ မင်းကြီး ရှေ့တော်သို့ ဝင်ရန် အကြောင်းပေါ်သောအခါ ယောသပ်သည် မုတ်ဆိတ်ညှပ်ခြင်း။ အဝတ်လဲခြင်းကို ပြုသည် (က ၄၁း၁၄)၊ အဲဂုတ္တုလူတို့ မုတ်ဆိတ်ရိတ်သောအလေ့ကို ယောသပ်လိုက်နာသည်။ မင်းကြီးရှေ့မှောက် ခစားရမည်ဖြစ်၍ တော် လျော်စွာ ဝတ်စားဆင်ယင်သည်။ ယောသပ်၏တင့်တယ်လျောက်ပတ်စွာ ပြုတတ်ခြင်း ရည်မွန်ခြင်းကို ထောင်စရိုက်က မဖျောက်ပစ်နိုင်ပါ။

 

စိတ်နှိမ့်ချခြင်း၊ “ဘုရားသခင်၏ ဘုန်းတန်ခိုးတော်မှတစ်ပါး ကျွန်တော်သည် ဘယ်အမှုကိုမှ အလိုအလျောက် မတတ်စွမ်းနိုင်ပါ” (:၁၆) ဟု ယောသပ်ဝန်ခံသည်။ သူ့အကျိုးအတွက် အခွင့်အရေးမယူပါ၊ အစ်ကိုတို့နှင့်နေစဉ်ကကဲ့သို့ ကိုယ်ရည်မသွေးတော့ပါ (က ၃၇:၅-၁၀)။ ဖြစ်ခဲ့လေသမျှ အကြောင်းအားဖြင့် ဘုရားရှင်ကို သူအားကိုးတတ်ခဲ့ပြီ။ စကော့လူမျိုး ဓမ္မပညာရှင် James Denney (၁၈၅၆-၁၉၁၇) က “သခင်ယေရှုမှာ ကယ်တင်နိုင်တဲ့ တန်ခိုးရှိတယ်။ ကျုပ်လည်း တော်တယ်လို့ ဘယ်သူမှ တပြိုင်တည်း မပြောနိုင်ဘူး” ဟု ပြောခဲ့သည်။

 

ယုံကြည်ခြင်း။ “ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အား ပေးတော်မူပါစေသော” (:၁၆)ဟု ယောသပ်ဆိုသည်။ ထိုစကားက နောင်ကာလတွင် ဒံယေလ (ဒံ ၂း၂၇-၃၀) နှင့် ရှင်ပေါလု (တ ၂၆) တို့ ပြောကြမည့်စကားနှင့် ထပ်တူဖြစ်သည်။ ယောသပ်က သူ၏ယုံကြည်ခြင်းကို ဖော်ထုတ်လျက် ဂုဏ်တော်ကိုချီးမွမ်းခဲ့သည်။ ကျေးကျွန် အကျဉ်းသား တစ်ယောက်ထံမှတွေ့ရသောယုံကြည်ခြင်းနှင့်  ကြားရသောစကားများက ထူးခြားသည်။

 

ယောသပ်၏အသက်တာကို ဘုရားသခင်က စိတ်ရှည်စွာ သွန်သင် လေ့ကျင့်ပေးခဲ့၍ အကျိုးကျေးဇူးပေါ်လေပြီ။ ယောသပ်၏ စကားနှစ်ခွန်းက ဘုရား၏သင်ခန်းစာကျေညက်ကြောင်း ဖော်ပြနေသည်။

 

အိပ်မက် အသက်ဝင်ပြီ။ ဖာရောမင်းက သူ့ အိပ်မက်ကို ပြောပြသည် (က ၄၁း၁၇-၃၆)၊ ပညာရှိများက အနက်အဓိပ္ပာယ်ကို မဖွင့်ပြနိုင်သောကြောင့် အညတရကျွန်တစ်ယောက်အားဖြင့် ဘုန်းတော်ကို ထင်ရှားစေသည်၊ လူ့ဉာဏ်မမီနိုင်သောအမှုအရာကို သဗ္ဗေညုတဉာဏ်ရှင် ဘုရားတတ်နိုင်တော်မူ၏။

 

အိပ်မက်အလိုအရ ထာဝရဘုရားက ဖောရာဘုရင်အား သူ၏အကြံအစည်တော်ကို အသိပေးခြင်းဖြစ်သည် (:၂၅)၊ တန်ခိုးအချုပ်အခြာရှင် ဘုရားသခင့် ခိုလှုံအားထားနိုင်ကြောင်းကို ယောသပ် ကောင်းကောင်း သိထားသည်။ အိပ်မက်နှစ်ခုပေးခြင်းမှာ အသေအချာ ဖြစ်စေမည်ဟု ဘုရားရှင်က အတည်ပြုခင်းဖြစ်သည်။ အကျဉ်းသားဘဝ၊ ကျွန်ဘဝ ရောက်ပြီး မတရားခံရသည့် အမှုများအားဖြင့် အမှုခပ်သိမ်းကို ဘုရားရှင်ထိန်းချုပ်ထားကြောင်း ဘဝ.သိအပ်သောသင်ခန်းစာကို ယောသပ်ရရှိခဲ့ပြီဖြစ်၍၊ ဘုရားရှင်သည် ပြောသည်အတိုင်း အမှန်တကယ် ပြုမည်ကို သူကောင်းစွာ သဘော ပေါက်သည်။

 

ဘုရား၏အလိုတော်နှင့်အကြံအစည်တော်အတိုင်း မင်းကြီး နားလည်လက်ခံရန် ယောသပ် စိန်ခေါ်လိုက်သည်၊ အလိုတော်အတိုင်း ဧကန်အမှန် ဖြစ်ရမည်။ ပျက်ရမည်၊ သို့နှင့် ဘုရင်ကြီးအား ယောသပ်က ဖြစ်ထွန်းကြွယ်ဝသောကာလ၌ ရိက္ခာသိုမှီးထားရန်။ ဤသို့ဖြင့် ရှားပါး သောအချိန် ကာလတွင် ဖူလုံနိုင်မည်ဟု ရဲဝံ့စွာ အကြံပေးသည်။ လိုအပ်မှု များကိုမြင်ပြီး မည်သို့ တုံ့ပြန် အရေးယူဆောင်ရွက်ရမည်ကို ယောသပ် သိသည်၊ သူ့အကြံပေးချက်က လိုက်နာသင့်သော အချက်များဖြစ်သည်။   ဘဝက လေ့ကျင့်သင်ပေးလိုက်သော ဉာဏ်ပညာ၏အကျိုးပေတည်း။  “နိုင်ငံ့ခေါင်းဆောင်သည် နောင်အနှစ် (၅၀) တွင် ဘုရားသခင် ဘယ် အမှုကို ပြုလိုသည်။ ပြုလိမ့်မည် ဆိုသည်ကို သိမြင်သောသူဖြစ်သည်” ဟု ဝန်ကြီးချုပ် Gladstone က ပြောဖူးသည်။ မည်သူမျှကြိုတင် မခန့်မှန်း နိုင်ချိန်တွင် ယောသပ်က မြင်နှင့်နေသည်။

 

ရုပ်လုံးပေါ်သည်အိပ်မက်။ ယောသပ်၌ ဘုရားသခင်၏ ဝိညာဉ်တော် ကိန်းဝပ်နေ၏ (:၃၈)၊ ထို့ကြောင့် ခေါင်းဆောင်နိုင်လောက်သည့် ထူးကဲသောအရည်အချင်းရှိခြင်းကို ဘုရင်ကြီးက မြင်သည်၊ ထို့ကြောင့် သူ့အား အဲဂုတ္တုပြည်၏ ရိက္ခာဝန်ကြီး အဖြစ် တာဝန်အပ်နှင်းသည်။ ထိုသို့ဆုံးဖြတ် ဆောင်ရွက်လိုက် ခြင်းကြောင့် ရှေးခေတ်က သမိုင်းကြောင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေသည်။

 

အထက်ပါအချက်အားဖြင့် စစ်မှန်သော ခေါင်းဆောင်၌ ရုပ်ပိုင်း အရည်အသွေးသာမက ဝိညာဉ်ခွန်အားလည်းရှိရန်လိုကြောင်း ထောက်ပြသည်၊ စွမ်းရည်နှင့် ကျွမ်းကျင်မှုရှိခြင်းသာမက ဘုရားသခင်နှင့် မည်သို့ စပ်ဆိုင်သည်။ မည်သို့ ရင်းနှီးဆက်သွယ်မှုရှိသည်။ ရှိအပ်သောသိက္ခာ သမာဓိ၊ အကျင့်စရိုက်များ စသည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်။ ကြီးမြတ်သော ခေါင်းဆောင်တစ်ဦး၏ အဓိကကျသော အရည်အသွေးမှာ အတွင်းအရည်အချင်းဖြစ်သည်။ အပြင်ပန်းသဏ္ဌာန်မဟုတ်။ ယောသပ်၌ ထိုအရည်အချင်းရှိလာအောင် နှစ်ပေါင်းများစွာ ဒုက္ခခံ၍ သင်ယူ ခဲ့ရသည်။

 

အတွင်းသဏ္ဌာန် အရည်အချင်းဟူသည် ဘုရားသခင်ကို သိကျွမ်းခြင်း အပေါ်မူတည်ပြီး ၎င်းသည် ကြီးမြတ်သော ခေါင်းဆောင်. လက္ခဏာဖြစ်သည်။  ဘုရားသခင်၏အချိန်သည် စောသည်မရှိ၊ နောက် ကျသည်မရှိ၊ အမြဲအချိန်ကိုက်ဖြစ်၏။ လွန်ခဲ့သော ၂နှစ်က အိပ်မက် အဓိပ္ပာယ်ဖော်ခြင်းကို လူမသိခဲ့ပါ။ သို့သော် ယခုအချိန်တွင်မူ တစ်နိုင်ငံလုံး၏ စီးပွားချမ်းသောရေးဖြစ်၍ ဟိုးလေးတကြော်ဖြစ်ခဲ့သည်။ ရှေးယခင်က ယောသပ်ကို ပေးခဲ့သောကတိတော်သည် ယခု ပြည့်စုံခြင်းသို့ရောက်သည်။ အထွေထွေအုပ်ချုပ်မှုတာဝန်ကို စီမံဆောင်ရွက်ရန် သြဇာအာဏာ အပြည့် နှင့် နိုင်ငံအုပ်ရာထူးကို ဘုရင်က ယောသပ်အား ပေးအပ်လိုက်သည်။ တစ်ပါးအမျိုးသားများကြား၌ ဤသို့ကြီးလေးသော တာဝန်နှင့် လုပ်ပိုင်ခွင့် အားဏာရရှိခြင်းက ယောသပ်အဖို့ စမ်းသပ်ခံရခြင်းတစ်မျိုး ဖြစ်သည် (က ၄၁:၄၀-၄၅)။

ဇွဲရှိပါမည်လား။ ယုဒလူမျိုးတစ်ယောက်က အဲဂုတ္တုပြည်ကြီးကို အုပ်ချုပ် စီမံရန်မှာ လွယ်ကူသဖြင့် ကိစ္စမဟုတ်။ အစာရောစာရှားပါးစဉ်တွင် ပို၍ပင် ခက်ခဲ ပေလိမ့်မည်။

လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ရှိပါမည်လား၊ သေးငယ်သောအမှုကို ထမ်းရွက်စဉ်က ရရှိခဲ့သည့် ကျွမ်းကျင်မှုစွမ်းရည်များကို ကြီးလေးသော တာဝန်ကို ဆောင်ရွက်ရာ၌ အသုံးချရတော့မည်။

မာနထောင်လွှားစိတ်ဝင်လာမည်လား၊ “တာဝန်အပြည့်ထမ်းနိုင်သူ ရှားသည်။ ရုတ်တရက် ရာထူးကြီး ကြီး ရသွားပါက မာနစိတ်၊ မောက်မာစိတ် ဝင်ပြီး ကျဆုံးတတ်သည်။ အောင်မြင်လျက် ရပ်တည်နိုင်ရေးကား အကြီးဆုံး စစ်ကြောမှုဖြစ်သည်”ဟု  J. Oswald Sanders က ပြောဖူးသည်။

 

 

“တာဝန်အပြည့်ထမ်းနိုင်သူ ရှားသည်။
ရုတ်တရက် ရာထူးကြီးကြီးရသွားပါက
မာနစိတ်၊ မောက်မာစိတ်ဝင်ပြီး ကျဆုံးတတ်သည်။
အောင်မြင်လျက် ရပ်တည်နိုင်ရေးကား
အကြီးဆုံး စစ်ကြောမှုဖြစ်သည်။”
J. Oswald Sanders

 

ထိုစစ်ကြောမှုများကို ယောသပ်အောင်နိုင်ခဲ့သည်။ ကြီးလေးသော တာဝန်၏ဖိစီးမှုကို ယောသပ်က ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထိုသို့ခံနိုင်ရန် ဘုရားရှင်က ပြင်ဆင်ပေးနှင့်သောကြောင့် ဖြစ်သည်။

 

တဖန် Samuel Rutherford က “တူတစ်လက်၊ တံစဉ်း တစ်ချောင်း၊ မီးတစ်ဖိုအတွက် ကျေးဇူးတော်ချီးမွမ်းပါ၏။ တူက လူကို ပုံသွင်းပေးနိုင်၏၊ တံစဉ်းက လူကို ထက်မြက်စေသည်။ မီးဖိုက လူ၏ ခံနိုင်ရည်ကို တိုးပွားစေသည်” ဟု ရေးသားခဲ့သည်။ ယောသပ်သည် တူဒဏ်၊ တံစဉ်းဒဏ်၊ မီးဒဏ် သုံးရပ်စလုံးကို ခံရပ် ရင်ဆိုင်ခဲ့ပြီး ယခုတွင် ဘုရားရှင်၏အသုံးပြုခြင်းကို ခံယူအစေခံရန် အသင့်ပင်။

 

စာရေးသူ Bill Crowder

ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>