ဆရာယုဒဿန် | အဒေါနိယမ်ဂျက်ဆင်
အဒေါနိယမ်ဂျက်ဆင်နှင့် လေးနက်ထူးခြားသော သေခြင်းတရား
ယနေ့ခေတ်တွင် ဆရာယုဒဿန် ဟုမြန်မာလူမျိုးများသိသည့် အဒေါနိယမ် ဂျက်ဆင် (၁၇၈၈-၁၈၅၀) သည် မြန်မာပြည်အတွက် ပထမဆုံး ဝင်ရောက် လာသော သာသနာပြုဆရာတစ်ယောက် ဖြစ်သည်။ အမေရိကန်ပြည်ဖွား ဧဝံဂေလိ သာသနာပြုဆရာသည် အိန္ဒိယပြည်သို့ သာသနာပြုရန် လာခဲ့ခြင်း ဖြစ်သော်လည်း ဘုရားရှင်၏ဦးဆောင်မှုဖြင့် သူသည် မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး၊ ခရစ်တော် အကြောင်းမကြားဖူးသည့် မြန်မာပြည်တွင် ဘဝကိုပုံအပ်လျက် ဧဝံဂေလိ လုပ်ဆောင်ခဲ့သည်။ မြန်မာပြည်သို့ သူရောက်ခဲ့ချိန်တွင် ခရစ်ယာန်တစ်ဦး တစ်ယောက်မျှ မရှိခဲ့သော်လည်း သူကွယ်လွန်ပြီး နောက်တွင် အသင်းတော် ၆၃ ပါး နှင့် ပြောင်းလဲလာသူ လူပေါင်း ၇၀၀၀ ရှိခဲ့သည်။ ယခုတွင် မြန်မာနိုင်ငံတွင် ယုံကြည်သူခရစ်ယာန်ပေါင်း ၆ သန်းကျော် ရှိပြီး ထိုမျှတိုးတက်အောင်မြင်လာမှုသည် လူတို့ကို သာသနာပြုခြင်း၊ ဧဝံဂေလိသာသနာပြန့်ပွားအောင် လုပ်ဆောင်ခြင်း၊ ကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း စသည့်ဖြင့် မမောနိုင် မပန်းနိုင် ကြိုးစားအားထုတ်လျက် သာသနာပြန့်ပွားရေးအတွက်ပေးဆပ်ခဲ့သည့် ဆရာကြီးယုဒဿန်၏ ကျေးဇူးများပင် ဖြစ်သည်။
တစ်ဘက်ခန်း၌ သေလုမျောပါးဖြစ်နေသည့် လူနာတစ်ဦး ရှိသည်။ တစ်ညလုံး ညည်းညူနေလျက် အသက်ရှုမဝဖြစ်နေသည်။ ထိုအခန်းထဲသို့ လူများ ဝင်လိုက်ထွက်လိုက်နှင့် သေတော့မည့်သူအတွက် ဘာလုပ်ရမလဲ ဟုပြောဆိုနေသည့်စကားသံများကို ကြားနေရသည်။
.
အချိန်က ၁၈၀၈ ခုနှစ် ဖြစ်သည်။ အဒေါနိယမ် ဂျက်ဆင်သည် နယူးယောက်မြို့ပြင်ရှိ ရွာတည်းခိုခန်းတစ်ခုတွင် တစ်ညတည်းခိုရန် အခန်းတစ်ခန်း ငှားရမ်းရာ၊ တည်းခိုခန်းပိုင်ရှင်ကအသည်းအသန် ဖျားနေသူတစ်ဦး တည်းခိုနေသည့် အခန်းဘေး၌သာ အခန်းလွတ်ရှိသဖြင့် အဆင်ပြေပါ့မလားဟု ပြောဆိုထားပြီးသား ဖြစ်၍ သူ့အတွက် ဘာမှအံ့သြထိတ်လန့်စရာမရှိပါ။
အဒေါနိယမ်ဂျက်ဆင်သည် ခေါင်းကို ခါရမ်းလိုက်သည်။ သေခြင်းကို ကြောက်စရာမရှိဟု သူကြွေးကြော်ထားပြီးသားဖြစ်သည်။ စင်စစ် သူသည် ဘုရားရှိကြောင်း မယုံကြည်သူ၊ သံသယသမားဖြစ်သည်။ သူနားလည်သလောက် ဘုရားနှင့် ဝိညာဉ်လောကဟူသည် မရှိ၊ ရှိခဲ့သည်ဆိုလျှင် မည်သည့် ဘုရားကမျှ လူ့အရေးကိုစိတ်မဝင်စားဟု သူတထစ်ချခံယူသည်။ ထို့ကြောင့် ဘာကြောက်စရာရှိသနည်း။
ထိုအတွေးအခေါ်များကို ဂျေးကော့အဲမဲ့စ် ဆိုသူထံမှ သူရခဲ့ခြင်းဖြစ်သည်။ ဂျေးကော့အဲမဲ့စ်သည် ယခင်က College of Rhode Island and Providence Plantation) (ယခု Brown University)မှ ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် အလွန်ထက်မြက်ပြီး ဟာသဉာဏ်ရှိသူဖြစ်ပြီး ထိုသံသယအတွေးအခေါ်ယဉ်ကျေးမှုကို ခံယူကိုင်စွဲသည့် လူချမ်းသာ အသိုင်းအဝိုင်းသို့ အဒေါနိယမ် ဂျက်ဆင်ကို သူမိတ်ဆက်ဖိတ်ခေါ်ခဲ့သည်။ သူတို့ နှစ်ယောက် အကြိမ်များစွာ စကားများစွာပြောဖြစ်ပြီးနောက် ဘုရားသခင်သည် လူများကို ဂရုမစိုက်ဟု အဒေါနိယမ် ဂျက်ဆင်လက်ခံသွားအောင် ဂျေးကော့ သိမ်းသွင်းနိုင် ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အတွေးအခေါ်ဘာသာရပ် (ဒဿနိကဗေဒ)၊ သမိုင်း၊ သိပ္ပံ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် ကဏ္ဍများကို ကိုးကားလေ့လာပြီး ယုတ္တိရှိသောသုံးသပ်ချက်နှင့် အကြောင်းပြချက်များမှ အထောက်အထားများကြောင့် ဟုယူဆရပါသည်။ ထိုခေတ်က ထိုအတွေးအခေါ်သည် အလွန်ခေတ်စားပြီး ကျောင်းသားအများစုက မိရိုးဖလာသွန်သင် ပြုစုပျိုးထောင်ခံခဲ့ရမှုများသည် ခေတ်မမီတော့ဟုထင်မြင်လျက် ယုံကြည်ခြင်းကိုစွန့်ပယ်လျက် သံသယအတွေးများကို နှစ်သက်စွာ ခံယူကိုင်စွဲကြသည်။
.
အဒေါနိယမ် ဂျက်ဆင် သည် ကောလိပ်ကျောင်း၌ ထိုအတွေးအခေါ်၏ လှည့်စားမှုနောက်ပါသွားကာ ခရစ်ယာန်ယုံကြည်မှုကို စွန့်ရန် သူဆုံးဖြတ်ခဲ့သည်။ သူ့မိဘများကတော့ အလွန်ပင် ဝမ်းနည်းလျက် ယူကြုံးမရဖြစ်ခဲ့သည်။ သူ့ဖခင် တရားဟောဆရာသည် တစ်ချိန်က မိခင်၏သင်ပြပေးမှုဖြင့် ၃ နှစ်အရွယ်၌ သူ့အားကျမ်းစာ အခန်းကြီးတစ်ခန်းဖတ်ပြခဲ့သူ အဖိုးတန်သားလေးအတွက် အလွန်ဂုဏ်ယူခဲ့သူဖြစ်သည်။ ထိုသို့ ၃ နှစ်အရွယ်မှစ၍ အလွန်တော်သော သားငယ်သည် ကျောင်းတက်သည့်အခါတွင်လည်း ထူးချွန်သောကျောင်းသားဖြစ်သည်။ ကောလိပ်တွင် အမှတ်အမြင့်ဆုံးဖြင့် အောင်မြင်ခဲ့သည်။ ဘာသာစကားများ သင်ယူမှုတွင်လည်း အလွန် ထက်မြက်သောစွမ်းရည်ရှိသဖြင့် အနာဂတ်အလားအလာကောင်းသည့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။ ဖခင်ကြီးက အဒေါနိယမ် ဂျက်ဆင်အား သူ့ခြေရာအတိုင်း သာသနာလုပ်ငန်းတွင် ပူးပေါင်းပါဝင်လာရန် လိုလား မျှော်လင့်ထားသည်။
အဒေါနိယမ် ဂျက်ဆင်သည် သူ၏အသက် ၂၀ ပြည့် မွေးနေ့တွင် သူ၏ငယ်ဘဝက ယုံကြည်ခြင်းကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း မိဘများ မမျှော်လင့်သော စကားတစ်ခွန်းပြောခဲ့သည်။ ပြတ်သားသည့်သူ့စကားကြောင့် မိခင်ကြီး မျက်ရည်ကျခဲ့ရသည်။ သူ့အား တောင်းပန်သော်လည်း မိခင်စကားကို နားမထောင်ဘဲ ငြင်းဆန်ခဲ့သည်။ နောက်ဆုံး ဓမ္မသဘောတွေ ဘာသာတရားတွေကို မေ့လိုက်တော့ ဟုပြောပြီး ကဇာတ်ရုံ၌ အလုပ်လုပ်ရန် နယူးယောက်မြို့သို့ ထွက်သွားလေသည်။
ထိုဇာတ်အဖွဲ့၌ နယ်လှည့်သရုပ်ဆောင်အဖြစ် လုပ်ကိုင်ရင်း အဒေါနိယမ် ဂျက်ဆင်သည် အမေရိကန်ပြည်နယ်များသို့ မြင်းဖြင့် တစ်မြို့ပြီးတစ်မြို့ လှည့်လည် သွားရောက်ကာ စွန့်စားခန်းအတွေ့အကြုံများနှင့်ပြည့်သည့် သူ့ဘဝအိမ်မက်ကို ခံစားပျော်မွေ့ခဲ့သည်။ မကြာပါ။ တစ်နေ့တွင် မြို့ပြင်ရှိ ရွာတည်းခိုခန်းတစ်ခု၌ ခရီးတစ်ထောက်နားပြီး တစ်ညတာ တည်းခိုခဲ့သည်။
အဒေါနိယမ် ဂျက်ဆင်သည် တည်းခိုခန်း၌ အိပ်နေစဉ် ကပ်လျက်ဘေးအခန်းမှ ညည်းညူသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး နိုးလာသည်။ အဲ့ဒီအချိန်မှာ ရုတ်တရက် ‘‘သနားစရာလူကြီး၊ သေခြင်းကို ရင်ဆိုင်ဖို့ သူအဆင်သင့်မှဖြစ်ရဲ့လား’’ ဟု အတွေးဝင်လာခဲ့သည်။ သူရော သေရန် အဆင်သင့်ဖြစ်ပြီလား။ သေပြီးလျှင် သူ ဘယ်ကိုရောက်မည်နည်း။ သူသာ ခရစ်တော်ကို ယုံကြည်သူတစ်ယောက်ဆိုလျှင် ဘာများကွာခြားသွားမည်နည်း။ သူငယ်စဉ်က သင်ခဲ့ဖူးသည့် ငရဲသို့သွားရမည်လား။
ထိုအတွေးများကို ဆက်မတွေးရန် သူကြိုးစားသည်။ ‘‘ရူးမိုက်တဲ့အတွေးတွေ’’ ဟု သူ့ကိုယ်သူ ပြန်နှစ်သိမ့်ခဲ့သည်။ ထိုအတွေးများက ဘုရားမဲ့ဝါဒီသမားများ အတွက် ပြဿနာဖြစ်စရာလား။ ပြဿနာဖြစ်နေပါသည်ဆိုလျှင် သူကဲ့သို့ ဘုရားမဲ့များက ဘာပြောကြမည်နည်း။
ကြားနေရသည့် ညည်းညူသံကို လျစ်လျူရှုရန်ကြိုးစားရင်း အိပ်ယာထဲ သူလူးလွန့်နေခဲ့သည်။ နောက်ဆုံး သူ့အခန်းဘေးက အသံများ တိတ်ဆိတ်သွားသည်။ သနားစရာထိုပုဂ္ဂိုလ်သည် သက်သာသွားတာလား၊ အဆိုးဆုံးအခြေအနေကို ရောက်သွားတာလားဟု သူလျှောက်တွေးမိသည်။
နောက်တစ်နေ့ နေထွက်ချိန်တွင် အဒေါနိယမ် ဂျက်ဆင်သည် သူ့အခန်းဘေးက ပုဂ္ဂိုလ် မနေ့ညက ဘာဖြစ်သွားသည်ကို သိချင်ဇောဖြင့် မစောင့်နိုင်ရှာဘဲ အိပ်ယာမှထပြီး ဖိနပ်မပါဘဲထွက်လာကာ မေးမြန်းခဲ့သည်။ မနေ့ညကပင် ထိုပုဂ္ဂိုလ်ဆုံးသွားကြောင်း တည်းခိုခန်းပိုင်ရှင် ပြောပြသောအခါ သူအံ့သြမှုမရှိခဲ့သော်လည်း ထိုပုဂ္ဂိုလ် မည်သူဖြစ်ကို ထပ်မေးရာမှ သူ့ကိုအံ့သြစေသည့်အဖြေကိုသိလိုက်ရသည်။
‘‘Providence ကောလိပ်က လူငယ်လေးပါ။ သူ့နာမည်က အဲမဲ့စ်၊ ဂျေးကော့အဲမဲ့စ် လို့ ခေါ်တယ်။’’
ဂျေးကော့! အားအင်အပြည့်နှင့်တက်ကြွလန်းဆန်းသောလူငယ်လေး၊ လွတ်တော်အမတ်နေရာကို ဝင်ရောက်အရွေးခံပြီး ထိုမှတစ်ဆင့် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် ကြီးမားသည့် သူ့အကြံအစည်ကို ရယ်မောလျက်ကြွေးကြော်ခဲ့သူ၊ ဘုရားဆိုတာ မရှိ၊ သေခြင်းတရားဟာ ကြောက်စရာ မဟုတ်ဟု သူ့ကို သင်ကြားပြသခဲ့သူ၊ မနေ့ညက နာကျင်မှုဝေဒနာခံလျက် ညည်းညူရင်း ဘဝဆုံးခဲ့သူ၊ သေခြင်း၏တစ်ဘက်ကမ်းတွင် မည်သည့်အရာက သူ့ကိုစောင့်ကြိုနေမည်နည်းဟု တွေးရင်း ကြောက်ကောင်းကြောက်နေခဲ့မည်။
ကမ္ဘာကြီး ရပ်တန့်သွားသကဲ့သို့ အဒေါနိယမ် ဂျက်ဆင်သည် အလွန်ထိတ်လန့်အံ့သြမှုကို ခံစားလိုက်ရသည်။ ‘‘ဂျေးကော့ သေပြီ။ သူမရှိတော့ဘူး၊ ဘာဖြစ်သွားတာလဲ၊ ငါဘာလုပ်ရမလဲ’’ ဟု သူ့ဘာသာသူ ရေရွတ်မိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူဖက်တွယ်ခဲ့သည့် အံ့သြဖွယ် အတွေးအခေါ်များက ဘာမှမဟုတ်တော့ပါ။ အစက ဝိညာဉ်ရေးရာ/ ဝိညာဉ်လောကကို သူမယုံကြည်မလက်ခံခဲ့သော်လည်း ယခုတွင် ငရဲဆိုသည့်အရာက တကယ်ဖြစ်လာသည်။ သေခြင်းတရားသည် ရွာတည်းခိုခန်းလေးသို့ ရောက်လာပြီး တစ်ဘက်ခန်းမှ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂျေးကော့အသက်ကို နှုတ်ယူသွားခဲ့သည်။
ဂျေးကော့ သေပြီ၊ မရှိတော့ဘူး၊ ပျောက်ကွယ်သွားပြီ ဆိုသည့်စကားကို သူ့ခေါင်းထဲကမထုတ်နိုင်ခဲ့ပါ။ ထိုစကားက သူ့ကိုလည်း ထိသည်။ အဒေါနိယမ် လည်း မရှိတော့ဘူး။
အဒေါနိယမ် ဂျက်ဆင် ဖြစ်ချင်သည့် အိမ်မက်များ၊ ခရီးသွားလျက် ပျော်ရွှင်ကြည်နူးစိတ်လှုပ်ရှားခဲ့မှုများ၊ ကမ္ဘာအနှံ့ခြေဆန့်လိုသည့်ဆန္ဒ၊ ကျော်ဇောမှုနှင့် ဂုဏ်အသရေကို တောင့်တသည့်စိတ်များအားလုံး ရုတ်ခြည်းဆိုသလို ရေငွေ့ပမာ ပျောက်ကွယ်သွားသည်။ လောကအောင်မြင်မှုများကို ရခဲ့သော်လည်း တစ်နေ့တွင် သေခြင်းငရဲက သူ့ကို ဂျေးကော့ နည်းတူ ရုတ်တရက် အသက်ဝိညာဉ်ကိုနှုတ်ယူခဲ့လျှင် ထိုအောင်မြင်မှုများက ဘာအကျိုးရှိမည်နည်း။ ကျော်ဇောမှုဂုဏ်အသရေများက သင်္ချိုင်း အလွန်ရှိ ကြောက်မက်ဖွယ်ရာများမှ သူ့ကို မည်သို့ကယ်နိုင်မည်နည်း။ တမလွန်အရေးတွေးပြီး အေးစက်သော လက်ကြီးက သူ့နှလုံးကိုလာဆုတ်သကဲ့သို့ အဒေါနိယမ် ဂျက်ဆင် ခံစားခဲ့ရသည်။ တွင်းနက်ကြီးထဲ ခြေချော်ပြုတ်ကျလွှင့်မျောပါနေသကဲ့သို့ သူခံစားရသည်။
ထိုအခိုက်အတန့်တွင် အဒေါနိယမ် ဂျက်ဆင်သည် အိမ်ပြန်ပြီး သူ့ဖခင်ကို ဘုရားသခင်အကြောင်းမေးရမည်ဟု အသေအချာသူသဘောပေါက်သွားသည်။ ဘဝဆိုတာဘာလဲ၊ သေခြင်းဆိုတာ ဘာလဲ၊ ထာဝရဆိုတာဘာလဲ စသည်ဖြင့် သူအဖြေရှာရမည်။ ဂျေးကော့ အဲမဲ့စ်၏သေဆုံးခြင်းကို အဒေါနိယမ် ဂျက်ဆင်သည် ဘယ်သောအခါမှ မမေ့ပျောက်နိုင်တော့ပါ။
ဘုရားသခင် ကျွန်ုပ်ကို ဘာလုပ်စေချင်တာလဲ။
၁၈၀၈ ခုနှစ် အောက်တိုဘာလတွင် အဒေါနိယမ် ဂျက်ဆင် သည် Andover Theological Seminary ဓမ္မကျောင်း၌ ပြောင်းလဲသူတစ်ယောက်အဖြစ် ကျောင်းအပ်ခဲ့သည်။ ဘုရားမဲ့ဝါဒီတစ်ဦးမဟုတ်တော့ဘဲ သူ၏ဘဝပန်းတိုင်ကိုလည်း ရှင်းရှင်းသိရှိချမှတ်ခဲ့သည်။ လူပေးသည့်ဂုဏ်အသရေကို မလိုတော့ပါ။ ဘုရားသခင်အား နှစ်သက်ကျေနပ်စေရေးသာ သူ့ဘဝပန်းတိုင်ဖြစ်သည်။
၁၈၀၉ ခုနှစ် စက်တင်ဘာလတွင် အဖြေကို ရရှိခဲ့သည်။ တစ်နေ့တွင် သူသည် အမှုတော်ဆောင်ဆရာတစ်ပါးရေးသားသည့် ‘‘Star in the East – အရှေ့အရပ်မှကြယ်’’ ဆိုသော စာအုပ်ကို ဖတ်ဖြစ်သည်။ ထိုစာအုပ်၌ ဗြိတိသျှအင်ပါယာမှ အာရှတိုက်ဘက်သို့ နယ်မြေချဲ့ထွင်ခြင်းနှင့်အတူ ဧဝံဂေလိသာသနာ ပြန့်ပွားရေး လုပ်ဆောင်ရန်အခွင့်အရေးလမ်းစပေါ်နေသည်၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီများက အိန္ဒိယနှင့်အရှေ့အာရှဒေသများသို့ စီးပွားရေး ချဲ့ထွင်လာကြရာ၊ ၎င်းသည် ဘုရားသခင်အကြောင်း နှုတ်ကပတ်တော်ကို တစ်ခါမျှမကြားဖူးသည့် ဝေးလံခေါင်သီသည့်နယ်မြေများသို့ သာသနာပြုများ ဝင်ရောက်ရန် လမ်းခင်းပေးနေသည် စသည်ဖြင့် အသေးစိတ်ရေးသားထားသည်။ အဖြေက ရှင်းပါသည်။ ဧဝံဂေလိတရား ဝင်ရောက် သွားနိုင်ရေး လမ်းပွင့်နေပြီ ဟူ၍ အချက်ပြနေသည်။
ထိုသို့ဝေမျှသည့် အချက်အလက်နှင့်အခွင့်အလမ်းကို အဒေါနိယမ် ဂျက်ဆင်လည်း သဘောတူသည်။ ၎င်းသည် သူ၏နောက်တော်လိုက်များကို ခရစ်တော် လုပ်စေချင်သည့်အမှုတော်ပင် မဟုတ်ပါလား။ ‘‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’’ ဟု သခင်သူ့အားမိန့်တော်မူခြင်း မဟုတ်ပါလား (မ ၂၈း၁၉-၂၀)။
အဒေါနိယမ် ဂျက်ဆင်သည် ရက်အတန်ကြာမျှ ထိုအကြောင်းမှလွှဲ၍ ဘာမှ မစဉ်းစားနိုင်ခဲ့ပါ။ အာရှတိုက်တွင် ခရစ်တော်၏သေခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း အကြောင်းကို သူလှည့်လည်ဟောပြောနေပုံကို စိတ်ကူးယဉ်လျက်၊ သူဖတ်ရှုခဲ့ရသည့် ဝေမျှချက်နှင့်လိုအပ်မှု၊ ခရစ်တော် စေစားသည့် မဟာအမှုတော်မြတ်ကြီးအကြောင်းကသာ သူ့စိတ်ကို လွှမ်းမိုးနေသည်။ လူထောင်ပေါင်းများစွာတို့သည် ဂျေးကော့ကဲ့သို့ပင် အပြစ်ဝန်လေးပြီး မျှော်လင့်ချက်မဲ့လျက် နေ့စဉ် သေနေကြကြောင်း အတွေးက သူ့အတွက် တကယ့်စိတ်အနှောင့်အယှက် ဖြစ်စေသည်။
.
ကျောင်းစာကိုပင် စိတ်မဝင်စားနိုင်တော့ဘဲ သာသနာလုပ်ငန်းအတွက် အရေးပေါ်လိုအပ်မှုနှင့် စေစားမှုအကြောင်းကို သူ့အတန်းဖော်နှင့်၊ သူငယ်ချင်းများနှင့် လှည့်လည်ဆွေးနွေးသည်။ ထို့နောက် သူနှင့်စိတ်သဘောချင်းတူပြီး အမှုတော်အတွက် ဝန်တာထားသော သူငယ်ချင်းများရှိသဖြင့် သူဝမ်းမြောက်ရသည်။ မကြာပါ၊ သူတို့အတူ ပုံမှန်တွေဆုံပြီး ခရစ်တော်၏ကယ်တင်ခြင်းအကြောင်းကိုလူတို့သိလာရန်၊ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ ဧဝံဂေလိတရားကိုကြဲဖြန့်နိုင်ရေး ဘုရားသခင်လမ်းဖွင့်ပေးပါမည့်အကြောင်း ဆုတောင်းကြသည်။ ထို့ပြင် အမေရိကန်နိုင်ငံမှ ကောက်ရိုးပုံ၌ မိုးခိုရင်း ဆုတောင်းကြရာမှ ထင်ရှားလာသည့် Haystack Meeting – ကောက်ရိုးပုံဆုတောင်းခြင်းအစီအစဉ် ကလည်း သူတို့အတွက် စံနမူနာနှင့်တွန်းအား ဖြစ်ခဲ့သည်။ ထိုဆုတောင်းအဖွဲ့အားဖြင့် အမေရိကန်နိုင်ငံ၏သာသနာပြုလုပ်ငန်း မွေးဖွားပေါ်ပေါက်လာသည်။ အဒေါနိယမ် ဂျက်ဆင်အတွက်မူ ၎င်းသည် သူ၏ သာသနာလုပ်ငန်း အစအမှတ်၊ စွန့်စားခြင်းများ၊ နာကျင်စရာများ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ၊ ကျေနပ်စရာများနှင့် ပြည့်သည့် ဘဝအစပင် ဖြစ်တော့သည်။
၁၈၁၂ ခုနှစ်တွင် အဒေါနိယမ် ဂျက်ဆင်သည် အိမ်ထောင်ပြုပြီးနောက် အိန္ဒိယပြည် ကာလက္ကတားမြို့သို့ သင်္ဘောဖြင့် ထွက်ခွာခဲ့သည်။ အိန္ဒိယဒေသခံ ကိုလိုနီအစိုးရအုပ်ချုပ်ရေးအဖွဲ့မှ သာသနာပြုများကို လက်မခံ၊ ၎င်းတို့၏ဟောပြောသွန်သင်မှုများကြောင့် ဒေသခံလူမှုအသိုင်းအဝန်း၌ ဆက်ဆံရေး တင်းမာပြီး အဓိကရုန်းဖြစ်ပါက စီးပွားရေးအမြတ်အစွန်းများ ထိခိုက်လာနိုင်ချေရှိသောကြောင့်ဖြစ်သည်။ သို့သော် အဒေါနိယမ် ဂျက်ဆင်ကို မည်သည့် အရာကမှ မတားဆီးနိုင်ပါ။ သို့နှင့် ၃၈ နှစ်တိုင် ခရစ်တော်အကြောင်းမကြားဖူးသည့် လူထောင်ပေါင်းများစွာအား ဧဝံဂေလိတရားကို ဟောကြားရင်း သူ့ဘဝကိုပေးဆပ်ခဲ့သည့် မြန်မာပြည်သို့ ရောက်လာခဲ့တော့သည်။ အမေရိကန်နိုင်ငံသို့ တစ်ကြိမ်မျှသာ ပြန်ရောက်သည်။
နား ပိတ်မထားပါနှင့်
မြန်မာပြည်တွင် အဒေါနိယမ် ဂျက်ဆင် တွေ့ကြုံရသည့် အခက်အခဲများကို ရေးသားဖော်ပြချက် များစွာရှိသည်။ သူက ၂ ကြိမ် မုဆိုးဖိုဖြစ်ခဲ့ပြီး သူ၏ကလေး ၁၃ ယောက်အနက် ၇ ယောက်မှာ ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။ အင်္ဂလိပ် မြန်မာစစ်ဖြစ်သောအခါ သူ့ကို သူလျှိုထင်ပြီး မှားယွင်း စွပ်စွဲခံခဲ့ရသည်။ အကျဉ်းထောင်ထဲ၌ ခြေထောက်သံကြိုးခတ်ခံရပြီး ကြောက်မက်ဖွယ်အချိန်များကို တစ်နှစ်ခွဲကြာမျှ ဖြတ်ကျော်ရင်ဆိုင်ခဲ့ရသည်။ ၁၈၂၅ ခုနှစ် နိုဝင်ဘာလ၌ သူထောင်ထဲမှ မလွတ်ခင်၊ အကျဉ်းကျခံရသည့် ထောင်သားများစွာ သေဆုံးခဲ့သည်။
သူ၏သာသနာလုပ်ငန်းကလည်း အလွန်ပင်ခက်ခဲကြမ်းတမ်းပါသည်။ ၆ နှစ်ခန့်မျှကြာမှ ၁၈၁၉ ခုနှစ် ဇွန်လတွင် ပထမဆုံး ခရစ်တော်ကို လက်ခံပြီး ဗတ္တိဇံခံသူကို သူစတင် မြင်ခွင့်ရခဲ့သည်။ သူ၏မှတ်တမ်းထဲတွင် ‘‘ဤဗတ္တိဇံသည် မြန်မာပြည်တွင် နှောင့်ယှက်ဆီးတား၍ မရနိုင်အောင် ကမ္ဘာဆုံးထိတိုင် အောင်မြင်မှုအသီးအပွင့်များ ဆက်လက်ရှင်သန်စေမည့် ဗတ္တိဇံမင်္ဂလာများ(ပြောင်းလဲမှုများ)၏အစ သက်သေဖြစ်ပါစေသား’’ ဟု ရေးသားဆုတောင်းခဲ့သည်။ မတူညီသော ယဉ်ကျေးမှုပုံစံကွာဟမှု၊ ဘာသာစကားကွဲပြားမှု၊ ခရစ်ယာန်ဘာသာကို ဆန့်ကျင်သည်သာမက အကြမ်းဖက်နှိပ်ကွပ်သည့်လူတို့ထံသို့ ကမ်းလှမ်းအရောက်သွားရန်မှာ မလွယ်၊ အလွန်ပင် ခက်ခဲမည်ကို သူသိသော်လည်း ဧဝံဂေလိတရား၏တန်ခိုးတော်ကို သူယုံကြည်သည်။ ထိုယုံကြည်ချက်ကို သူမစွန့်လွှတ်။ နောက်ထပ် ၃-၄ နှစ်ကြာမှ ပြောင်းလဲလာသူ ၁၈ ဦး တိုးလာသည်။
.
‘‘ဤဗတ္တိဇံသည် မြန်မာပြည်တွင် နှောင့်ယှက်ဆီးတား၍ မရနိုင်အောင် ကမ္ဘာဆုံးထိတိုင် အောင်မြင်မှုအသီးအပွင့်များ ဆက်လက်ရှင်သန်စေမည့် ဗတ္တိဇံမင်္ဂလာများ(ပြောင်းလဲမှုများ)၏အစ သက်သေဖြစ်ပါစေသား’’
မြန်မာပြည်တွင် ရှိနေစဉ် လိုအပ်မှုများစွာရှိကြောင်း၊ သူနှင့်အတူ ပူးပေါင်းအမှုဆောင်ရန် တိုက်တွန်းလျက် အမေရိကန်သို့ စာပေါင်းများစွာ ရေးခဲ့သည်။ ‘‘ထောင်ပေါင်းများစွာသော လူတွေ၊ အမှောင်ကမ္ဘာမှာ နာကျင်စွာဖြင့် နေ့ရော၊ ညပါ ငိုကြွေးမြည်တမ်းကြတယ်။ အမေရိကန်က အလင်းသားသမီးများ၊ ကျွန်ုပ်တို့ကို လာကယ်ကြပါ။ ကျွန်ုပ်တို့ ငရဲထဲမှာ နှစ်နေတာ လာကယ်ပေးပါလို့ ဟစ်ခေါ်နေတဲ့အသံကို နားပိတ်မထားကြပါနဲ့’’ ဟု သူရေးသားပေးပို့သည်။
သာသနာပြုရန်ဆက်ကပ်မည့်သူများအားလည်း သခင်ဘုရားက ၎င်းတို့ကို ခေါ်တော်မူသည့် အကြောင်းရင်းကိုလည်း မျက်ခြေမပြတ်ရန် သူသတိပေးသည်။ စာတန်က ကိုယ့်ရဲ့စရိုက်သဘောကို အကြွင်းမဲ့မအပ်နှံဘဲ စစ်မှန်တဲ့သာသနာပြုခြင်းက လမ်းလွှဲသွားအောင် လုပ်လိမ့်မယ်။ အေးရာအေးကြောင်း ကိုယ့်အသင်းတော်မှာပဲ ကိုယ့်ဘာသာစကားနဲ့ပဲ အသင်းတော်ကို ဦးဆောင်ဖို့ပြောလိမ့်မယ်၊ အုပ်ချုပ်မှုအစိုးရအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရမယ့်အခြေအနေကို ဆင်ခြေပေးလိမ့်မယ်၊ ကိုယ်ကျွမ်းကျင်တဲ့အလုပ် ဒါမှမဟုတ် စာတည်းဖြတ်ခြင်းပညာကို လိုက်စားရန်၊ စာပေနှင့်ပတ်သက်သောပညာ (သို့) သိပ္ပံပညာ နောက်လိုက်ဖို့ ပြောကောင်းပြောမယ်၊ အပေါ်ယံသာဖြစ်ပြီး မိမိအတွက်တကယ်မလိုအပ်သည့် ဘာသာပြန်ပညာကို လေ့လာဖို့ ပြောကောင်းပြောမယ်။ အခြေခံပညာရေးစာသင်ကျောင်းတွေ တည်ထောင်ပေးပြီးရင်တော်ရောပေါ့ စသည်ဖြင့် သွေးဆောင်နေမည်ဖြစ်သည်။
ထိုအတောအတွင်း အဒေါနိရမ် ဂျက်ဆင်သည် အလွန်ကြိုးစားအားထုတ်လျက် ဟောပြောသွန်သင်သကဲ့သို့ သမ္မာကျမ်းစာကို သူအပတ်တကုတ် ကြိုးစားလေ့လာသင်ယူခဲ့သည့် မြန်မာဘာသာသို့ ပြန်ဆိုနေသည်။ လူတို့ကို ပြောင်းလဲစေရန် ဘုရား၏နှုတ်ကပတ်တော်ကို သူတို့မိမိဘာသာစကားဖြင့် ကြားရ ဖတ်ရရန် အရေးကြီးသည်ဟု သူခံယူသည်။ ထို့အပြင် မြန်မာ-အင်္ဂလိပ်အဘိဓာန် အတွက် အချက်အလက်များ ပြုစုစုဆောင်းခဲ့ပြီး၊ ၎င်းသည် နောက်ပိုင်းတွင် မြန်မာပြည်၌ ထွက်ပေါ်လာသည့် အဘိဓာန်များနှင့် သဒ္ဒါစာအုပ်များ မှီငြမ်းရသည့် အခြေခံကျသောအချက်အလက်များဖြစ်ခဲ့သည်။
၁၈၂၇ ခုနှစ်တွင် အဒေါနိယမ် ဂျက်ဆင် သည် ကရင်လူမျိုးများနှင့် အဆက်အသွယ်ရပြီး၊ ထိုလူမျိုးများအတွက် ပထမဦးဆုံး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယူဆောင်ပေးခဲ့သူဖြစ်လာခဲ့သည်။ ကရင်လူမျိုးများသည် မြန်မာပြည်အတွက် ပထမဆုံးသော ဒေသခံ သင်းအုပ်များ ဖြစ်လာခဲ့သည်။
သူ၏ ၃၈ နှစ်တာ မြန်မာပြည်တွင် နေထိုင်စဉ် လူပေါင်းများစွာတို့ သခင်ဘုရားကို သိလာပြီး အပြစ်မှခွင့်လွှတ်ခြင်းနှင့် ထာဝရအသက် မျှော်လင့်ခြင်းကို ရရှိရန်၊ ၎င်းကို လူတို့အမှန်အသေအချာသိစေလိုသောဆန္ဒ ပြင်းပြလျက် ထိုစိတ်ဇော၏ပဲ့ပြင်မှုတွန်းအားဖြင့် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ဤဘဝလမ်းကြောင်းသို့ သူ့ကိုတွန်းပို့ခဲ့သည့် သေခြင်းတရားတစ်ခုကို သူဘယ်တော့မှ မမေ့ပါ။ ဂျေးကော့အဲမဲ့စ် က သူ့ကိုယ်သူ ဘုရားမဲ့ဝါဒီသမားဟု ရဲဝင့်စွာ ကြွေးကြော်လျက် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ သေဆုံးသွားသည်။ အကယ်၍ အဒေါနိရမ်ဂျင်ဆင် သာ လူတွေကို ကူညီနိုင်ခဲ့သည်ဆိုလျှင် မည်သူမျှ ဂျေးကော့ ကဲ့သို့ သေဆုံးသွားမည် မဟုတ်တော့ပါ။
စာရေးသူ – လက်စလီကိုး၊
ဘာသာပြန်သူ စောဆဲနေ
