စာရေးသူ။ ။ အဂျစ်သ် ဖါနန်ဒို(Ajith Fernando)၊ သီရိလင်္ကာ | ဘာသာပြန်သူ။ ။ ငြိမ်းသော်ထူး
မူရင်းအင်္ဂလိပ်စာမူ။ ။ Lockdown Essentials: What Could Christians be Doing Now?
Photo by Martin Boose from FreeImages

ကပ်ရောဂါများနှင့်ပတ်သက်ပြီး ဘာကြောင့် ဤရောဂါများဖြစ်ပွားရသလဲ ဆိုသည့်အချက်အပေါ် သမ္မာကျမ်းစာက အထူးတလည် မီးမောင်းမထိုးထားသော်လည်း ကြီးမားသည့် အခက်အခဲ လိုအပ်ချက်ပေါ်ပေါက်သည့်အခါ ခရစ်ယာန်များအနေဖြင့် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ရ မည်ကိုတော့ သမ္မာကျမ်းစာက ရှင်းလင်းစွာ သွန်သင်ထားပါသည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် လှုပ်ရှားဆောင်ရွက်လျက်ရှိသည့် ဘုရားသခင်ဖြစ်တော်မူပြီး မကြာခဏဆိုသလို ကျွန်ုပ်တို့အားဖြင့် ဘုရားသခင် အလုပ် လုပ်ဆောင်တော်မူသည်။

ယခုလိုအချိန်မျိုးတွင် ကျွန်ုပ်တို့လုပ်ဆောင်နိုင်မည့်အရာ ၁၀ ခုကို လေ့လာကြည့်ကြပါစို့။

၁။ ဆုတောင်းခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်ကြောင်းကို ပြောင်းလဲပေးနိုင်သည့်အတွက် (ယေရမိအနာဂတ္တိကျမ်း ၂၆:၁၉) ယုံကြည်သူများအနေဖြင့် အနေဖြင့် မိမိတို့နိုင်ငံအတွက် ဆုတောင်း ပေးသင့်ပါသည် (ဒံယေလအနာဂတ္တိကျမ်း ၉:၃-၂၁) လွန်ခဲ့သည့်ရက်အနည်းငယ်က ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီးသည်တို့ ဆုတောင်းနေချိန်တွင် ကမ္ဘာတဝန်းဖြစ်ပွားနေသည့် ဤကပ်ရောဂါ ရပ်တန့် ရေးအတွက် ဘုရားသခင် ကြားဝင် ဆောင်ရွက်တော်မူမည်အကြောင်း အထူးဆုတောင်း ရန် လှုံ့ဆော်ခြင်းခံခဲ့ရပါသည်။ အကောင်းမြင်လွန်းသည့် သဘောတော့ မဟုတ်ပါ။ အရာရာ၌ ဘုရားသခင်၏အုပ်စိုးခြင်း အချုပ်အခြာအာဏာကို ကျွန်ုပ်တို့ အလေးအမြတ် ပြုပါသည်။ တစ်ဖက်မှာလည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များက လူ့သမိုင်းကြောင်းအပေါ် လွှမ်းမိုးမှုရှိကြောင်း သိရှိနားလည်ထားပါသည်။ တစ်ယောက်တည်းဆုတောင်းပါ။ မိသားစုနှင့်အတူ ဆုတောင်းပါ။ ခေါင်းဆောင်အစုအဖွဲ့များအနေဖြင့် ဆုတောင်းပါ။ မိမိနှင့် စိတ်တူကိုယ်တူ ရင်းနှီးမှုရှိသူများနှင့် အဖွဲ့လိုက်ဆုတောင်းပါ(သင်းအုပ်အချို့နှင့် ခေါင်းဆောင်အချို့ပါဝင် သော Zoom မှတဆင့်နေ့စဉ်ဆုတောင်းသည့် အစီအစဉ်၌ ကျွန်ုပ် ပါဝင်လျက်ရှိပါသည်)။ အခြားသော ခရစ်ယာန်များကိုလည်း ဆုတောင်းရန်တိုက်တွန်းပါ။ မိတ်ဆွေများ၏ဆုတောင်းခြင်းနှင့် ဘုရားသခင်၏မစမှုက သူ့အား အကျဉ်းထောင်မှ လွတ်မြောက်စေမည်အကြောင်း ရှင်ပေါလု၏ပြောကြားချက်သည် ကမ္ဘာကြီး Covid-19 အန္တရာယ်မှလွတ်မြောက်ရေး အတွက်လည်း အကျိုးသက်ရောက် မှန်ကန်ပါ စေသော်။ “သင်တို့ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ်မည်ဟု ငါသိ၏ (ဖိလိပ္ပိဩဝါဒစာ ၁:၂၀)“။ ရှေ့တန်းတွင် ကိုယ်ကျိုးစွန့်အစေခံပြီး တာဝန်ထမ်းဆောင်နေကြသူများ အတွက် ဆုတောင်းချက်သည် ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် အဓိကကျသည့် ဆုတောင်းချက်တစ်ခုဖြစ်ပါသည်။ ထိုသူတို့အတွက် ကျေးဇူးတင်ကြောင်း ဖော်ထုတ် ပြသပြီး သူတို့၏လိုအပ်ချက်များနှင့် သူတို့အား အကာအကွယ်ပေးရန်အတွက် ကျွန်ုပ်တို့ ဆုတောင်းပါသည်။ အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်နေသည့် ခေါင်းဆောင်များ အတွက်လည်း ကျွန်ုပ်တို့ဆုတောင်းပေးရမည်ဖြစ်သည်။

၂။ ယခုအချိန်သည် နှစ်ခြင်းဆရာ ရှင်ယောဟန်၏ အကြံပြုချက်ကို အလေးအနက်ထား လိုက်နာရမည့်အချိန်ဖြစ်သည်။ လူပေါင်းများစွာ ဝင်ငွေဆုံးရှုံးနေကြရပြီး ငွေကြေးအကျပ် အတည်း ကြုံတွေ့နေရသည့်အတွက် “အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူ အား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”(ရှင်လုကာခရစ်ဝင် ၃:၁၁) ဥပမာအနေဖြင့် သင်းအုပ်ဆရားများသည် ပုံမှန် ရရှိနေကြအလှူငွေ မရရှိသောကြောင့် အိမ်ငှားခပေးရန်နှင့် သာသမီးတို့အား ကျွေးမွေးစောင့်ရှောက်ရန် အခက်အခဲ ကြုံနေရ ကြပါသည်။ ထိုသို့ ပေးကမ်းဝေမျှခြင်းကို ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့၏အသိအကျွမ်း အဆက်အသွယ်များမှ တဆင့် တစ်ဦးချင်းကို ဝေမျှပေးကမ်းခြင်းနှင့် ကျွန်ုပ်တို့အထဲတွင် လိုအပ်နေသူများကို ရှာဖွေဖော်ထုတ်ပြီး သူတို့၏လိုအပ်ချက်များကို မည်ကဲ့သို့ဖြည့်ဆည်း ပေးရမည်ဆိုသည်ကို အဖွဲ့အစည်းအနေဖြင့်လည်း နည်းလမ်းတကျအကောင်အထည်ဖော် လုပ်ဆောင်နိုင်ပါသည်။ အကူအညီလိုအပ်နေသူအချို့ကတော့ သူတို့ မည်ကဲ့သို့ ရုန်းကန် နေရကြောင်းကို ကျွန်ုပ်တို့ထံ လာရောက်ပြောဆိုမည် မဟုတ်ပေ။ ကျွန်ုပ်တို့ စိတ်ထဲတွင် ပေါ်လာသည့် အကူအညီလိုအပ်နေသူများထံသို့ သွားရောက်ပြီး သူတို့၏လိုအပ်ချက် များကို မေးမြန်းရမည်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ခရစ်ယာန်တစ်ဦးချင်းစီ ဖြစ်စေ ယခုအချိန်တွင် ကျွန်ုပ်တို့အနေဖြင့် မည်သူတို့အား အကူအညီပေးရမည်ကို ဘုရားသခင်အား မေးမြန်းသင့်ပါသည်။ ဤအရာသည် အရေးတကြီး လိုအပ်နေသည့်အရာ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အေးအေးဆေးဆေး သက်သောင့်သက်သာမနေဘဲ အကူအညီလိုအပ်နေသူများအား ပေးကမ်းဝေမျှခြင်းဖြင့် ပေးဆပ်လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။

၃။ “ကိုယ်နှင့်စပ်ဆိုင်သောသူ(အိမ်နီးနားချင်း)ကို ကိုယ်နှင့်အမျှချစ်ရန်” သမ္မာကျမ်းစာတွင် ၉ ကြိမ် ပြောကြားထားပါသည်။ ယခုလို အသွားအလာကန့်သတ်ခံရပြီး သီးသန့်နေရချိန်က ထိုအချက်ကို အကောင် အထည်ဖော်ရန် အနည်းငယ် အခက်အခဲဖြစ်စေပါသည်။ သို့သော် ခရစ်ယာန်မိတ်ဆွေ များကို သာမကဘဲ ခရစ်ယာန်မဟုတ်သည့် အိမ်နီးနားချင်းများကိုပါ မေတ္တာပြနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်ပါသည်။ “ကိုယ်နှင့်အမျှ”ဆိုသည့်စကားလုံးက အမြင့်မားဆုံး ဦးစားပေးအဆင့်ကို ဖော်ပြနေပါသည်။ ကျွန်ုပ်တို့၏အိမ်နီးနားချင်းများကို အစား အသောက်နှင့် လိုအပ်သည့်အရာများ ဝေမျှပေးကမ်းခြင်း၊ သူတို့ ရုန်းကန်ရင်ဆိုင် နေရသည့်အရာများကို မေးမြန်းပြီး သူတို့၏ အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း တို့ ပြုလုပ်နိုင်ပါသည်။ သမိုင်းကြောင်းတစ်လျှောက် ကပ်ရောဂါများဖြစ်ပွားခဲ့သည့်အချိန် များတွင် ခရစ်ယာန်များသည် ရှေ့တန်းမှ ပါဝင်ကူညီခဲ့ကြပါသည်။ ကနဦး ရာစုနှစ် သုံးခုအတွင်း ကပ်ရောဂါနှစ်ခု ဖြစ်ပွားခဲ့သည့်အချိန်တွင် ရောဂါခံစားနေရသည့် အိမ်နီးချင်းမိတ်ဆွေများကို ခရစ်ယာန်တို့ ပြသခဲ့သည့်မေတ္တာကြောင့် ထိုအိမ်နီးချင်းတို့၏ နှလုံးသားများကို ဧဝံဂေလိသတင်းကောင်းထံ ဦးလှည့်စေနိုင်ခဲ့ပါသည်။ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်အချိန်တွင် ခရစ်ယာန်တို့ မည်ကဲ့သို့ အစေခံအမှုဆောင်ခဲ့သည့်အကြောင်း ကို တတိယ ရာစုနှစ်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး(သာသနာပိုင်ချုပ်) ဒိုင်အာနီးစီးယပ်စ်(Bishop Dionysius)က ပြောထားသည်ကို နားထောင်ကြည့်ကြစို့။

“ခရစ်ယာန်တို့သည်ဘေးအန္တရာယ်ကို ဂရုမပြုဘဲ ဖျားနာသူများကို တာဝန်ယူစောင့်ရှောက် ခဲ့ကြပြီး သူတို့၏လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းကာ ခရစ်တော်၌ ထိုသူတို့ကို အစေခံ ခဲ့ကြပါသည်။ ထိုသူတို့ကို အစေခံခြင်းနှင့်အတူ မိမိတို့ပိုင်ဆိုင်သည့် ယခုဘဝအသက်တာ ကို ငြိမ်သက်ဝမ်းမြောက်စွာ စွန့်လွှတ်ခဲ့ပြီး ရောဂါဖြစ်နေသူများ ထံမှတဆင့် မိမိတို့ ကိုယ်တိုင် ရောဂါ ကူးစက်ခံခဲ့ရပါသည်။ အိမ်နီးချင်းများ၏ အနာရောဂါကို ကိုယ်တိုင် ကူးစက်ခံစားခဲ့ရသကဲ့သို့ သူတို့၏ နာကြင်မှုဝေဒနာများကိုလည်း ဝမ်းမြောက်စွာ ခံယူခဲ့ကြ ပါသည်။”[1]

ယခုအချိန်သည် အိမ်နီးချင်းများက ရောဂါကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် သေဆုံးသွားသည့် မိသားစုဝင်တို့၏အလောင်းကို မြှုပ်နှံခြင်းမပြုရန် တားမြစ်ခံနေရ ချိန်ဖြစ်သည်။ မိမိဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဦးစားပေးနေကြသည့်ကာလတွင် ခရစ်ယာန်တို့သည် ဘေးအန္တရာယ်ကြုံတွေ့ထိခိုက်လွယ်သူတို့အား မေတ္တာပြသသူများ ဖြစ်ပြီး ထိုမေတ္တာကို စွန့်လွှတ်ပေးဆပ်သည့် လက်တွေ့ကျ အကျိုးသက်ရောက်မှုရှိသော နည်းလမ်းများဖြင့်အကောင်အထည်ဖော် ပြသနေသူများအဖြစ် လူအများက ရှုမြင်ကြပါစေ။

၄။ ယနေ့အချိန်အခါတွင် အခြားသူတို့အား အကူအညီပေးရန် အကောင်းဆုံးနည်း လမ်းတစ်ခုမှာ တယ်လီဖုန်းမှတဆင့် စကားပြောဆိုခြင်းဖြစ်သည်။ ကောင်းမွန်သည့် မိဿဟာယဖွဲ့စကား ပြောဆိုခြင်းအတွက် တယ်လီဖုန်း၏ ဂန္ဓဝင်မြောက်အသုံးဝင်မှု အိုင်ဒီယာသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယခုအခါ ပြန်လည် အသက်ဝင် လာပြီဖြစ်သည်။ လူအချို့တို့သည် စိတ်ဆိုးဒေါသထွက်လျက်ရှိပြီး အချို့တို့သည် ဝမ်းနည်ပူဆွေးလျက်ရှိကာ အချို့တို့သည် အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်း၊ ကြောက်ရွံ့ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန် ခြင်းတို့ကို ခံစားနေရပါသည်။ တစ်စုံတစ်ယောက်နှင့် စကားစမြည် ကြာကြာပြောဆိုနိုင်မည့် အခွင့်အရေးကို လူများစွာ တောင့်တနေကြပါသည်။ ယေရှုသည် တပည့်တော်များနှင့်အတူ အချိန်များစွာယူကာ စကားပြောဆို ဆွေးနွေး ခဲ့ပါသည်။ “သန့်ရှင်းသည့် မိဿဟာယ စကားဝိုင်း”ဟုခေါ်ဆိုခြင်းခံခဲ့ရသော ယုံကြည်သူ တို့အချင်းချင်း စကားစမြည်ပြောဆိုသည့် အလေ့အထသည် ခရစ်ယာန် လူမှုအသိုင်း အဝိုင်းတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ ကြုံတွေ့နေရသည့်ဖြစ်ရပ် ရေးရာများနှင့် ဘဝအကြောင်းကို ခရစ်ယာန် ရှုထောင့်မှ အချိန်ယူကာ ဆွေးနွေးပြောဆို သည့် အလေ့အထသည် အမှုအရေးကိစ္စ များမြောင်အလုပ်ရှုပ်နေသော ယနေ့ခေတ်အချိန် အခါတွင် ပျောက်ကွယ်လာနေပြီဖြစ်သည်။ ယခုအချိန်အခါသည် အဆိုပါအလေ့အထကို ပြန်လည်အသက်သွင်းရန် အချိန်အခါကောင်း ဖြစ်ပါသည်။ ဤအရာသည် ယနေ့ခေတ် တွင် ယုံကြည်သူ ညီအစ်ကိုမောင်နှမတို့အား တပည့်တော်ဖြစ်စေရန်နှင့် အကြံပေးလမ်း ညွှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့် ပုံစံဖြစ်သည်။ ကျွန်ုပ်တို့အလေးထား ဂရုပြုသူများနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုရန်အချိန်များကို ကျွန်ုပ်တို့၏ အချိန်ဇယားထဲတွင် ထည့်သွင်းရေးဆွဲထားသင့်ပါသည်။

၅။ ယခုလို အသွားအလာကန့်သတ်ခံထားရချိန်မျိုးတွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အခြေအနေကို သုံးသပ်စစ်ဆေးရန် အချိန်ကောင်းပင်ဖြစ်သည်။ ဆုတောင်ခြင်းနှင့် ကျမ်းစာလေ့လာဖတ်ရှုခြင်းအခြေအနေဘယ်လိုရှိသလဲဟု မိတ်ဆွေများအား မေးမြန်းသည့်အခါ ကျွန်ုပ် မကြာခဏကြားရသည့်အဖြေမှာ ဆုတောင်းရန်နှင့် ကျမ်းစာလေ့လာဖို့ရန်အတွက် အချိန်ပေးရန် သူတို့မှာ အချိန်တော်တော်ရှားပါးနေ ကြောင်းပင်ဖြစ်သည်။ ယခုအချိန်မှာတော့ လူအများစုသည် ယခင်ကလို အလုပ်မများ တော့ဘဲ အားလပ်ချိန်များစွာရရှိနေပြီဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင်နှင့် အချိန်ယူခြင်းအလေ့အထဆီသို့ ပြန်လှည့်လာရန် အချိန်ကောင်းပင်ဖြစ်သည်။ ယခုအချိန်သည် မိမိ၏မိသားစုဘဝတွင် ပြုပြင်ရမည့်အရာတချို့ကို ပြုပြင်ရမည့် အချိန်ကောင်းပင်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အချိန်ကာလကြာမြင့်စွာနေထိုင်လာကြ သည့်အတွက် မိသားစုဘဝအတွက် စိန်ခေါ်မှုအခက်ခဲအချို့ ပေါ်ပေါက်လာနိုင်ပါသည်။ ဤအတွက်လည်း ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့်အရာတချို့ ရှိပါသည်။ ဘုရားသခင်၌ မွေ့လျော်သောသူတို့သည် မိမိတို့၏မိသားစုထဲတွင် ကျေးဇူးတော်နှင့်ကြွယ်ဝသော ချစ်ခြင်းမေတ္တာနှင့် အနာငြိမ်းခြင်း၏ ပြယုဂ်များအဖြစ် ရပ်တည်သူများ ဖြစ်သင့်ပါသည်။ Sunday school များလည်းဖွင့်လှစ်ဆောင်ရွက်ခွင့်မရသည့် ယခုလိုအချိန်အခါသည် မိမိတို့ သားသမီးများ၏ ဝိညာဉ်ရေးရာပြုစုပျိုးထောင်းပေးရန်အတွက် မိမိတို့၏ တာဝန်ဝတ္တရား များကို မိဘတို့အနေဖြင့် ပြန်လည်အလေးပေးလုပ်ဆောင်ဆောင်ရမည့် အချိန်ဖြစ်သည်။ ဤအရာသည် သမ္မာကျမ်းစာပါ စံပြပုံစံဖြစ်ပြီး မိဘများနေဖြင့် မိမိတို့၏ ဤအခန်းကဏ္ဍကို ပြန်လည်ရယူရမည့် အချိန်ကောင်းပင်ဖြစ်သည်။

၆။ ယခုအချိန်သည် လူတို့အနေဖြင့် မိမိတို့ အားနည်းသည့်၊ မတွန်းလှန်နိုင်သည့် နေရာများတွင် ပိုမိုအားနည်းလာနိုင်ပြီး အကျင့်ပါစွဲလမ်းမှုများ ပိုမိုဆိုးရွားလာနိုင်သည့် အချိန်အခါလည်းဖြစ်သည်။ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ညစ်ညမ်းရုပ်ပုံ/ရုပ်ရှင်များ၊ ဂိမ်းကစားခြင်း၊ အမျက်ဒေါသထွက်ခြင်းနှင့် အတင်းအဖျင်းပြောဆိုခြင်း စသည့် စွဲလမ်းမှုများအကြောင်း ကျွန်ုပ်ဆင်ခြင်မိပါသည်။ ဤစွဲလမ်းမှုများကို ကျော်လွှားအနိုင် ယူနိုင်ရန်အတွက် ဆုတောင်းခြင်းသည် အဓိကကျသော်လည်း ဆုတောင်းခြင်းတစ်ခု တည်းအားဖြင့် မလုံလောက်ကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ “လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ် သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့ (တိမောသေဩဝါဒစာဒုတိယစောင် ၂:၂၂)” ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်း ထားပါသည်။ မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့၏ စွဲလမ်းမှုအကျင့်တစ်ခုခုကို ဘုရားသခင်ကတွေ့ရှိသွားခြင်းထက် မိတ်ဆွေများက တွေ့ရှိသွားခြင်းကြောင့် ပိုပြီး အရှက်ရခြင်းမျိုး ကျွန်ုပ်တို့ ခံစားတတ်ပါသည်။ နားလည်ထားရမည်မှာ မိတ်ဆွေများ၏ ကူညီဖေးမမှုသည် စွဲလမ်းမှုတစ်ခုခုမှ လွတ်မြောက်ရန်အတွက် အကောင်းဆုံးနည်း လမ်းတွေထဲကတစ်ခုအဖြစ် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားကြောင်းပင်ဖြစ်သည်။ ခရစ်ယာန်များစွာတို့၌ မိမိတို့၏အားနည်းချက်များကို အောင်မြင်နိုင်ရန် ကူညီဖေးမမည့် ယုံကြည်ရသောမိတ်ဆွေများမရှိခြင်းမှာ ဝမ်းနည်းစရာကောင်းလှပါသည်။ ခေါင်းဆောင်များအနေဖြင့် ကျွန်ုပ်တို့၏တာဝန်မှာ ယုံကြည်သူများအနေဖြင့် သူတို့၏ ဘုရားသခင်နှင့်လျှောက်လှမ်းခြင်းအသက်တာတွင် ကူညီပေးနိုင်ရန်အတွက် သူတို့အား တာဝန်ယူမှုအပြည့်ဖြင့် ဂရုပြုစောင့်ရှောက်ရန်ဖြစ်ပါသည်။ သူတို့ မည်ကဲ့သို့အခြေအနေရှိ သည်ကို ပုံမှန် ဂရုပြုစစ်ဆေးရမည်ဖြစ်သည်။ ခေါင်းဆောင်များကိုယ်တိုင်က တာဝန်ခံ တာဝန်ယူမှုမရှိလျှင် မိမိတို့၏ယုံကြည်သူများထံမှလည်း တာဝန်ခံ၊ တာဝန်ယူမှုကို မျှော်လင့်၍ မရနိုင်ပေ။

၇။ ယခုလို အသွားအလာပိတ်ဆို့ကန့်သတ်ခံထားရပြီး အိမ်ထဲ၌သာနေရချိန်တွင် ကလေးအများအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမ?