ကောင်မလေးတစ်ဦးက ကောင်လေးတစ်ဦးအား ‘ငါ့ကိုချစ်သလား’ဟု မေးပါသည်။ ‘ချစ်တာပေါ့’ ဟု ကောင်လေးက ပြန်ဖြေသည်။ ‘ဒါဆို ငါ့အတွက် အသေခံနိုင်မလား’ ဟု ကောင်မလေးက ထပ်မေးရာ၊ ကောင်လေးက ‘ဟင့်အင်း… ငါ့အချစ်က မသေတဲ့အချစ်ဖြစ်တယ်’ဟု ပြန်ပြောလိုက်သည်။ ဤရယ်စရာဇာတ်လမ်းလေးက ကျွန်တော်တို့အား စိတ်မကောင်းစရာ အကြောင်းအရာ ၂ ခုကို ဖော်ပြပါသည်။ ၁။ အပြောသာရှိပြီး လက်တွေ့မပါသော အချစ်သည် အချစ်စစ် မဟုတ်ပါ။ ၂။ ကြီးကျယ်မြင့်မြတ်သော ချစ်မေတ္တာသည် မိမိကိုယ်ကို ပေးဆပ်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏မေတ္တာက အပြောသက်သက် မဟုတ်ခြင်းကြောင့် ကျေးဇူးတင်ပါသည်။ သူ၏ ချစ်မေတ္တာစိတ်က လက်တွေ့မေတ္တာပြနိုင်အောင် (ကိုယ်ကျိုးစွန့်နိုင်အောင်) သူ့ကို လှုံ့ဆော်သည်။
ယော ၃း၁၇ တွင် ပါရှိသည့် ‘စေလွှတ်တော်မူ၏’ ဟူသော စကားလုံးအားဖြင့် ဤကျမ်းပိုဒ်၏အဓိပ္ပာယ်ကို ပိုမိုရှင်းလင်းစွာ နားလည် သဘောပေါက်ခွင့်ရပါသည်။ ‘လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ် တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏’။ ဘုရားသခင်သည် သူ့၌ရှိသော အကောင်းဆုံးအရာဖြစ်သည့် သူချစ်သော သားတော်ကို ပေးရုံသာမက တာဝန်တစ်ခုဆောင်ရွက်ရန် သားတော်ကို ဤလောကသို့ ပို့ဆောင်စေလွှတ်ခဲ့သည်။ ခရစ်တော်၏ အသေခံခြင်းကြောင့် ကျွန်ုပ်တို့ အသက်ရှင်ခွင့်ရသည်။ တစ်ပါးတည်းသောသားတော်ကို ကျွန်ုပ်တို့ကိုယ်စား အသေခံရန် ပို့ဆောင်ပေးသော အဘဘုရား၏ချစ်ခြင်းမေတ္တာသည် အလွန်မှ နက်ရှိုင်းပါ၏။