လူ့သဘောသဘာဝအရ လောကသားတို့၌ ထာဝရအသက်ရှင်လိုသော ဆန္ဒရှိကြသည်။ သို့သော်ငြားလည်း ၄င်းတို့၏ ကြိုးပမ်းအားထုတ်မှုတို့က အချည်းနှီးသက်သက်ဖြစ်လျက် ထာဝရ ဆိုသောအရာကို မဆွတ်ခူးနိုင်ဖြစ်နေသည်။ လောကီသားတို့ အသာငမ်းငမ်းလိုလားသောအရာကို ယုံကြည်သူအယောက်စီတိုင်းက ယနေ့ ပိုင်ဆိုင်ထားကြပြီဖြစ်သည်။
ဘုရားသခင်သည် လူသားတို့အား ထာဝရအသက်ရှင်စေရန် ရည်ရွယ်ချက်ရှိခဲ့ပါသည်။ အာဒံနှင့်ဧ၀တို့သည် ထာဝရအသက်ပင်အပါအ၀င် ဧဒင်ဥယျာဉ်အတွင်းရှိ မည်သည့်အပင်မှ အသီးကိုမဆို စားခွင့်ရှိခဲ့သည် (က ၂း၁၅)။ သို့်သော် သူတို့နှစ်ဦးသည် ဘုရားသခင် စားသုံးခွင့် မပေးသောအပင်မှ အသီးကို စားသုံးခဲ့ကြသည် (က ၂း၁၇၊ ၃း၁-၇)။ ရလဒ်အနေဖြင့် သူတို့၏ထာဝရ အသိုက်အမြုံမှ နှင်ထုတ်ခြင်းခံခဲ့ရ၍ (က ၃း၂၃) သေခြင်းတရားသည် လူ့လောကထဲသို့ ၀င်ရောက်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဘုရားသခင်က လူသားများသူနှင့်အတူ ထာဝရနေထိုင်ရန် အလိုတော်ရှိဆဲ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် ”အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်တော်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ” (ဧ၂း၁၃-၁၄)။ ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ ထာဝရအသိုက်အမြုံတစ်ခု ဖန်တီးနိုင်ပြီ ဖြစ်သည် (ယော ၁၄း၂-၃၊ ဗျာ ၂၁း၃)။
ဘုရားသခင်နှင့်ထာဝရအတူရှိနေခြင်းက မည်ကဲ့သို့ဖြစ်ကြောင်းကို သင်တွေးမိဖူးပါသလား။
ထာဝရအသက်ဟူသည် ထာဝရတည်တံ့မှုတစ်ခုတည်းသာ မဟုတ်ပါ။ ထာဝရအသက်သည် အရေအတွက်ထက် အရည်အသွေးက အဓိကဖြစ်သည်။ ထာဝရအသက်ဆိုသည်မှာ ”စစ်မှန်သော တစ်ဆူတည်းသောဘုရားနှင့် သခင်ယေရှုကို (သိကျွမ်းခြင်း)“ (ယော ၁၇း၃) ဖြစ်သည်။ ဟေဗြဲ ဘာသာစကားတွင် သိကျွမ်းခြင်းဟူသည့် စကားလုံးမှာ အတွင်းကျကျ နီးကပ်သည့် ဆက်ဆံရေးမျိုးကို ဆိုလိုသည် (တရား ၃၀း၆၊ ယေရမိ ၃၁း၃၃-၃၄)။ ထိုသိကျွမ်းခြင်းကို ကျွန်ုပ်တို့ ယနေ့ပင် အစပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရအသက်မှာ နောင်အနာဂတ်တွင် ရရှိမည့်အမွေအနှစ်ဖြစ်သည်သာမက (ယောဘ ၁၉း၂၆၊ ယော ၅း၂၈-၂၉၊ ဗျာ ၂၂း၁၄)၊ ယခုမျက်မှောက်၌ပင်ရရှိုနိုင်သည့် ပိုင်ဆိုင်မှုမျိုးဖြစ်သည် (ယော ၅း၃၉၊ ၆း၄၇-၅၁)။