ယေရှုကြွလာခြင်းကို

စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း

 

ချစ်ခြင်း

ကျွန်ုပ်တို့၏လိုအပ်ချက် • ကမ္ဘာဦးကျမ်း ၁၆၊၂၁

 

ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင် မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ စာရဲကလည်း “အကျွန်ုပ် ခံရသောအပြစ်သည် ကိုယ်‌တော်ခေါင်းပေါ်၌တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ် အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင် အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည် တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော် အမှုကို စီရင်တော်မူပါစေသော”ဟု အာဗြံအား ဆိုလေ၏။

  • အာဗြံ၏မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့် အဲဂုတ္တုပြည်သူ ဟာဂရအမည်ရှိသောကျွန်မတစ်ယောက်ရှိသည်ဖြစ်၍ စာရဲက အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍ အာဗြံသည် စာရဲ၏ စကားကို နားထောင်လေ၏ (က ၁၆:၁-၂)။

 

ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။ အဲဂုတ္တု အမျိုးသား ဟာဂရတွင် အာဗြဟံ ရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သား ဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။

  • အာဗြဟံလည်း မိမိသားဖြစ်သောကြောင့် ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။ (က ၂၁:၈-၁၁)
  • ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။ အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။ အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။ (က ၂၁:၈-၁၁)
  • အာဗြဟံသည် နံနက်စောစောထ၍ မုန့်နှင့်ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ (က ၂၁:၈-၁၁)

 

ဘဝတွင် မည်သည့်အရာနှင့်မျှ မလဲနိုင်သည့် အတွေ့အကြုံအချို့တို့ရှိနိုင်သလို နှလုံးခုန်ချက်တစ်ချက် အတွင်းမှာပင် လက်မြှောက်အရှုံးပေးခြင်း သို့မဟုတ် အလဲအလှယ်ပြုခြင်းများ ပြုလုပ်လိုသော အတွေ့အကြုံ များလည်း ရှိကြောင်းကို သံသယရှိရန် မလိုပါ။ ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် ခံစားရသော ပြင်းထန်သော အတွေ့အကြုံများမှ အပြည့်အဝပြန်လည်တည်ဆောက်မှု(အကယ်၍)ရှိခဲ့လျှင် ထိုဖြစ်စဉ် ကိုယ်တိုင်ကပင် ရှည်လျား၍ နာကျင်သောအတွေ့အကြုံ ဖြစ်နေပေသည်။

ဟာဂရအနေဖြင့် ဤအတွေ့အကြုံများနှင့်တူသည့် ဘဝတလျှောက်ခံစားခဲ့ရသောအတွေ့အကြုံများကို ဝေမျှရန် ရှိခဲ့ပေမည်။ သူမ၏ဘဝကို စကားလုံးတစ်လုံးတည်းနှင့် ခြုံ၍ဖော်ပြနိုင်မည်ဆိုပါက ထိုစကားလုံးသည် “ချစ်ခြင်းမခံရသောဘဝ”သာဖြစ်ပေမည်။

ဟာဂရသည် ကျွန်မဖြစ်သည်။ အဓိပ္ပာယ်က သူမသည် သူမကံကြမ္မာကို မဆိုနှင့်၊ သူမကိုယ်ပိုင်ဘဝ၏ အရှင်သခင် ပင်လျှင် မဟုတ်ပေ။ သူမသည် အာဗြဟံနှင့်စာရာအမည်ရှိ ချမ်းသာသော၊ အသက်အရွယ်ကြီးသော၊ သားသမီး မရှိသော ဇနီးမောင်နှံတို့၏ ကျွန်မဖြစ်သည်။

ကိုယ်တိုင်က သားသမီးမရနိုင်သည့် စာရာသည် သားသမီးရတနာရရှိရန် နောက်ဆုံးတွင် အကွက်ချကြံစည်ခဲ့သည်။ ဟာဂရသည် သူမထိန်းချုပ်ခွင့်မရှိသည့် အခြေအနေများအောက်တွင် စာရာ၏အကြံအစည်အတိုင်း အာဗြဟံနှင့် အတူ အိပ်ယာဝင်ခဲ့ရသည်။ သူမသည် ကျွန်ခံရာ ခုနှစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်ရစေသော နက်ရှိုင်းသောမေတ္တာနှင့် အချစ်ခံရသည့် ဇနီးသည် မဟုတ်ပါ။ (က ၂၉:၂၀ တွင်ဖော်ပြသည့် ယာကုပ်နှင့်ရာခေလ အကြောင်းကို ဖတ်ပါ။) စာရာနှင့် အာဗြဟံတို့သည် ဟာဂရကို ပစ္စည်းကိရိယာတစ်ခုအဖြစ်သာ မြင်ကြပါသည်။ သူတို့၏ ရည်ရွယ်ချက်များအတွက် အသုံးပြုရန် ခန္ဓာကိုယ်နှင့် သားအိမ်အဖြစ်သာ မြင်ကြသည်။ သူမသည် အာဗြဟံနှင့် ကိုယ်ဝန်ရရှိရန် အချိန်မည်မျှယူခဲ့ရသည်ကို ကျွန်ုပ်တို့ မသိပါ။ သို့သော် ဟာဂရသည် သူမ၏ ခန္ဓာကိုယ်ကို ရက်များစွာ၊ ရက်သတ္တပတ်များစွာ သို့မဟုတ် ထိုထက်မက အသုံးချခံခဲ့ရဖွယ် ရှိပါသည်။ သူမ ကိုယ်ဝန်ရှိလာသည့်အခါ သူမ၏သခင်မကို သူမ အဘယ်ကြောင့် “မထီမဲ့မြင်ပြုသည်”ကို နားလည်ပေးရန် မခက်ပါ။

သူမ အမှန်တကယ်ပင် သားကို မွေးဖွားပေးခဲ့ပါသည်။ အာဗြဟံ၌ရှိသမျှကို အမွေဆက်ခံရမည့်သား ဖြစ်သည်။ မတရားနှိပ်စက်ညှဉ်းပန်းမှုအတွက် စီရင်စစ်ကြောမှု တစ်ခါမျှမရှိခဲ့သော်လည်း အာဗြဟံနှင့်စာရာတို့နှင့် သက်ဆိုင်သမျှ သာမက သူမနှင့် သက်ဆိုင်သည့်အရာများပါ သူမ၏သား ဣရှမေလထံသို့ ရောက်ရှိလာမည်ဟူသော အသိက သူမခံစားခဲ့ရသောနာကျင်မှုများအတွက် သက်သာစေသောအရာ ဖြစ်ကောင်း ဖြစ်ပေမည်။ ဤသည်က ဣဇာက် မရောက်လာမီအထိ ဖြစ်သည်။

စာရာ၏ခံစားချက်များက အေးစက်လျက် မိသားစုအဖြစ် အသိအမှတ်ပြုမှု မရှိသော်လည်း ဟာဂရ၏သား ဣရှမေလသည် အာဗြဟံ၏ချစ်ခင်မြတ်နိုးခြင်းကိုခံရပြီး ကြီးပြင်းလာပါသည်။ ထို့နောက်တွင် ဖြစ်နိုင်ခြေမရှိသည့် လူ့ဇီဝဗေဒသဘောတရားဖြစ်စဉ်ကို ဆန့်ကျင်လျက် စာရာတွင် ကိုယ်ဝန်ရှိလာသည်။ သူမ၏ ကြီးထွားလာသောကိုယ်ဝန်က ဟာဂရနှင့် ဣရှမေလတို့အတွက် အရာအားလုံးကို ပြောင်းလဲသွားစေမည်ဖြစ်သည်။

အသုံးမဝင်တော့သော ပစ္စည်းကိရိယာကို ပိုမိုသစ်သောအရာနှင့် အစားထိုးသကဲ့သို့ပင် ဟာဂရနှင့်ဣရှမေလ တို့သည် အသုံးမဝင်တော့သောအရာများဖြစ်လာကာ အစွန့်ပစ်ခံများ ဖြစ်လာရသည်။ ဆုံးဖြတ်ချက်အတွက် အာဗြဟံ ကြိုးစားရုန်းကန်ခဲ့ရသော်လည်း သူငယ်နှင့်မိခင်ကို အဝေးသို့စေလွှတ်ခဲ့သည်။ ဟာဂရသည် တန်ဖိုးထား မခံရသော၊ အလိုရှိခြင်းမခံရသော၊ ချစ်ခြင်းမခံရသောသူ ဖြစ်ခဲ့ရသည်။

ကျွန်ုပ်တို့အားလုံး ချစ်ခြင်းမေတ္တာကို ရရှိချင်ပါသည်။

 

ဘုရားသခင်၏ကြိုတင်ပြင်ဆင်မှု • ရှင်လုကာခရစ်ဝင် ၇

 

        • ဖာရိရှဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော်ကို ခေါ်ပင့်လျှင် ထိုဖါရိရှဲ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။ ထိုသို့ စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ ဆိုးသောမိန်းမတယောက်သည်သိလျှင် ဆီမွှေးကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့်သုတ်လျက် နေလေ၏။
          ကိုယ်တော်ကိုခေါ်ပင့်သော ဖါရိရှဲသည် မြင်လေသော် ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။ (လု ၇:၃၆-၃၉)
        • [ယေရှုသည်] ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း သင်သည် ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား ငါ့ခြေပေါ်သို့မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။ သင်သည် ငါ့ကိုမနမ်း။ သူမူကား အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကိုနမ်းလျက်မစဲဘဲနေ၏။ သင်သည် ငါ့ခေါင်းကို ဆီနှင့် မလိမ်း၊ သူမူကား ငါ့ခြေကို ဆီမွှေးနှင့် လိမ်းလေပြီ။ ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့် လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ် သည်ဟု မိန့်တော်မူ၏။
          ထိုမိန်းမအားလည်း သင်သည် အပြစ်တို့နှင့်လွတ်လေပြီဟု မိန့်တော်မူ၏။ (လု ၇:၄၄-၄၈)

 

သနားကြင်နာခြင်းက ကိုယ်ချင်းစာခြင်းထက် ပိုသာသောအချက်များရှိပါသည်။ နှစ်မျိုးလုံးက အခြားသူတစ်ဦး၏ ဘဝနှင့်အခြေအနေကို ဂရုစိုက်ကြောင်း ဖော်ပြပါသည်။ သို့သော်လည်း ကိုယ်ချင်းစာခြင်းက ထိုသူ၏အဖြစ်မျိုးကို ကိုယ်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးရန် လိုအပ်ပြီး၊ အများအားဖြင့် ထိုအဖြစ်မျိုးကို ကျွန်ုပ်တို့ မဖြတ်သန်းလိုကြပါ။ အတွေ့အကြုံအရ ကိုယ်ချင်းစာရခြင်းထက် သနားကြင်နာရခြင်းက ကျွန်ုပ်တို့အတွက် ပိုမိုလွယ်ကူပါသည်။

သို့သော်လည်း သနားကြင်နာရန်အတွက်ပင်လျှင် ခက်ခဲသောအချိန်များ ရှိတတ်ပါသည်။ ဂရုမစိုက်ခြင်းကြောင့် မဟုတ်ပါ။ အခြားသူ ခံစားနေရသောအရာက “ကျွန်ုပ်ဝမ်းနည်းရပါတယ်” သို့မဟုတ် “သင့်အတွက် ကျွန်ုပ်လည်း နာကျင်ခံစားရပါတယ်”ဟုပြောရန်ပင် ဆီလျော်မှုမရှိသည်အထိ ကျွန်ုပ်တို့တွေ့ကြုံဖူးသည့်အခြေအနေထက် အလှမ်းဝေးကာ ဆိုးဝါးနေခြင်း၊ သို့မဟုတ်ပါကလည်း ထိုသူဖြတ်သန်းရသည့် အဖြစ်အပျက်အတွက် ကိုးကား ရည်ညွှန်းဖော်ပြရန် အကြောင်းအရာကို မည်သို့မျှရှာမတွေ့နိုင်ခြင်း ဖြစ်တတ်ပါသည်။ ၎င်းကို အခွင့်ထူး သို့မဟုတ် ကောင်းကြီးမင်္ဂလာခံစားရသောအသက်တာ သို့မဟုတ် အခြားတစ်ခုခုဟု ခေါ်ဝေါ်နိုင်ပါသည်။ တခါတရံတွင် အခြားလူတစ်ဦးခံစားနေရသော အတွေ့အကြုံကို စဉ်းစားကြည့်ရန်ပင်ခက်ခဲသော အခြေအနေမျိုး ရှိတတ်ပါသည်။

ယေရှု၏ခြေတော်ပေါ်တွင် တနေ့လုံးကပ်ပါလာသည့်ဖုန်မှုန့်များကို ဆေးကြောပစ်နိုင်လောက်အောင် များပြားလှ စွာသော မျက်ရည်များ ကျလာသည့် ထိုအမျိုးသမီး၏အဖြစ်သည် အထက်ပါအခြေအနေမျိုးတွင် ပါဝင်ပါသည်။ သူမဘဝ၏ အဖြစ်အပျက်များစွာနှင့် ဆက်စပ်ကြည့်ရန် ခက်ခဲပါသည်။ အပြစ်ရှိသောအသက်တာကို သူမဘာကြောင့် နေထိုင်ခဲ့ပါသနည်း။ ၎င်းသည် သူမ၏ရွေးချယ်မှုလား သို့မဟုတ် သူမတွင် အခြားရွေးချယ်စရာ လမ်းမရှိခြင်းလား။ ပြည့်စုံခြင်း မရှိ၊ ကောင်းမွန်ခြင်းမရှိ၊ ကျေနပ်စရာမရှိဘဝကို သူမ မပျော်မွေ့ကြောင်း ကျွန်ုပ်တို့ ပြောနိုင်ပါသည်။ လူများစွာအတွက် သူမ၏ဘဝသည် အသုံးပြုပြီး ဘေးသို့ဖယ်ခြင်းခံရသည့် ပစ္စည်းကိရိယာတစ်ခုကဲ့သို့ ဖြစ်ဖွယ်ရှိပါသည်၊ ဟာဂရကဲ့သို့ ဖြစ်ပါသည်။

သူမအမည်ကိုလည်း ဖော်ပြထားခြင်း မရှိပါ။ ခန့်မှန်းကြည့်ရန် မခက်သော်လည်း သူမ၏အသက်မွေးမှု အလုပ်ကို ဖော်ပြထားခြင်းမရှိပါ။ ကျွန်ုပ်တို့ သိသမျှမှာ သူမသည် ဝမ်းနည်းကြေကွဲလျက်ရှိပြီး ယေရှုရှင်ထံပါးသို့ တိုးဝင် ချဉ်းကပ်ရန် လိုအပ်နေခဲ့ပါသည်။

အပြစ်ရှိသောအမျိုးသမီးတစ်ဦးဖြစ်သည့်အလျောက် ဖါရိရှဲ၏အိမ်သည် သူမနှင့်လုံးဝမသက်ဆိုင်သော၊ သူမကို လက်သင့်မခံသောအိမ် ဖြစ်ပါမည်။ ဤလူနှစ်မျိုးတို့သည် လူမှုရေးအရသော်လည်းကောင်း၊ အချို့အခြေအနေတွင် ဘာသာရေးအရလည်းကောင်း အစွန်းနှစ်ဘက်တွင် ရှိနေသူများဖြစ်သည်။ ပညတ်ချက်များကို လိုက်နာသူနှင့် ဆန့်ကျင်သူဖြစ်သည်။ အပြင်ပန်းအားဖြင့် တစ်ဦးက ဘုရားနှင့်နီးသူ၊ ကျန်တစ်ဦးက ယခုထက်ပိုဝေးစရာအကြောင်း မရှိတော့သည့်သူဖြစ်သည်။

ရှိမုန်၏အိမ်သည် သူမနှင့်သက်ဆိုင်မှုမရှိကြောင်းကို သူမ သိသည်။ ရှိမုန်လည်း သေချာပေါက်သိသည်။ ယေရှုလည်း သိသည်။ သို့ဖြစ်သည့်တိုင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ခဲ့သည်။ သူမအား ထွက်ခွာသွားရန် မည်သူကမျှ ဖိအားပေးခြင်း၊ တစ်နည်းနည်းဖြင့် ပြောဆိုခြင်းများ မရှိခဲ့ပါ။ သူမအား ဆက်နေစေပြီး သူမ၏လာရင်းကိစ္စဖြစ်သော ယေရှု၏ခြေပေါ်တွင် ငိုကြွေးခြင်းနှင့် ဆံပင်ဖြင့် သုတ်ပေးခြင်းတို့ကို လုပ်ဆောင်ခွင့် ပြုထားသည်။ အခြားသူတစ်ဦးထံမှ ဖုန်နှင့်အညစ်အကြေးများကို မိမိအဝတ်အစားပေါ်သာမက မိမိကိုယ်ပေါ်သို့ ရောက်ခွင့်ပြုခြင်းအမှုထက် နိမ့်ကျသော အခြားလုပ်ရပ် ရှိကိုမရှိပါ။

သူတို့ရှေ့တွင်ရှိနေသည့် လူနှစ်ဦးအား လူအားလုံးက သူ့အတွေးနှင့်သူကြည့်နေကြစဉ် ယေရှုက ပုံပြင်တစ်ပုဒ်ကို ပြောပါသည်။ တတိယလူပုဂ္ဂိုလ်နှင့် အတူတူ ပင်ပတ်သက်မှုရှိနေသည့် လူနှစ်ဦးအကြောင်းဖြစ်သည်။ ဇာတ်လမ်း၏ အဓိကအချက်မှာ လူတစ်ဦးထက် အခြားတစ်ဦးက တတိယလူကို ပိုချစ်ရန် အကြောင်းပြချက်ရှိနေခြင်း ဖြစ်သည်။ မှန်ပါသည်။ ထိုအမျိုးသမီးနှင့် ဖါရိရှဲရှိမုန်တို့၏ ယေရှုနှင့်ပတ်သက်နေသည့် ဆက်ဆံရေးကို နှိုင်းယှဉ်ဆင်ခြင်ပြ သည့် ပုံပြင်ဖြစ်ပါသည်။ ထိုအမျိုးသမီးတွင် ယေရှုကိုချစ်ရန် အကြောင်းပြချက် ပိုရှိနေပါသည်။ ရှိမုန်အနေဖြင့် ဝတ္တရားအရ သာမန်မျှသာဖော်ပြမည့် ချစ်ခြင်းကို ထိုအမျိုးသမီးက လက်တွေ့သရုပ်ပြ ဖော်ပြခဲ့ပါသည်။

ဤနေရာတွင် အဓိကပြဿနာကို တွေ့ရပါသည်။ ယေရှုသာ ဤအမျိုးသမီးကို အခြားသူများကဲ့သို့ ရှုမြင်လျှင် ဤအရာများ တစ်ခုမှဖြစ်လာမည်မဟုတ်ပါ။ ယေရှုသည် သူမ၏ အတိတ်ကိုမကြည့်၊ လက်ရှိအခြေအနေကိုလည်း မကြည့်။ သူမသည် အာဗြဟံ၏သမီး၊ ဘုရားသခင်၏သားသမီး ဖြစ်၍ ယေရှုက သူမကို ထိုအတိုင်းမြင်ပြီး ချစ်ခြင်းဖြစ်သည်။ တို့ထိ၍မဖြစ်နိုင်သည့်အရာကို တို့ထိနိုင်ရန် ယေရှုက ခွင့်ပြုခဲ့ပါသည်။ မသန့်ရှင်းသောသူကို သူ့ခြေကို ဆေးကြောရန် ခွင့်ပြုခဲ့သည်။ သူမချဉ်းကပ်လာမှုကို ယေရှုက အသိအမှတ်ပြုသည်၊ သူမ၏ရှိနေမှုကို အတည်ပြုပေးခဲ့သည်၊ သူမကို ရိုးရိုးလေးပင် လက်ခံခြင်းဖြင့် သူမဘဝကို တန်ဖိုးထားပေးခဲ့သည်။ သူမတစ်ဘဝလုံး အခြားသူတစ်ဦး ချစ်ခဲ့သည့်၊ ချစ်လာမည့် ချစ်ခြင်းနှင့်မတူသည့် ချစ်ခြင်းဖြင့် ယေရှုက သူမကို ချစ်ခဲ့ပါသည်။ သူမ ပေးနိုင်သောအရာကြောင့် ယေရှုက သူမကိုချစ်ခြင်း မဟုတ်ပါ၊ သူမသည် ချစ်ရန် ထိုက်တန်သူဖြစ်၍ ချစ်ခြင်းဖြစ်ပါသည်။ သူမဘက်ကလည်း သူမဘဝတွင် အချစ်ခံရရန် “မထိုက်တန်သည့်” အားနည်းချက်များရှိကြောင်း သိထားခဲ့ပြီးဖြစ်သည့်အတွက် ချစ်ခဲ့ခြင်းဖြစ်သည်။

ကျွန်ုပ်တို့အားလုံး ချွင်းချက်မရှိ အချစ်ခံလိုကြပါသည်။ ကျွန်ုပ်တို့ အမှားများ – တခါတရံ ကြီးမားသည့်အမှားများ – ပြုမိမည်ကိုလည်း ကျွန်ုပ်တို့သိကြပါသည်။ သို့သော်လည်း ချစ်ချင်စရာမကောင်းလောက်အောင် ပြုမိခဲ့သည့်တိုင် ကျွန်ုပ်တို့ကိုချစ်သူ၊ ကျွန်ုပ်တို့ကို အလိုရှိသူ တစ်စုံတစ်ဦးရှိကြောင်း ကျွန်ုပ်တို့သိလိုကြပါသည်။ ထိုချစ်ခြင်းက ယေရှု ကမ်းလှမ်းနေသည့် ချစ်ခြင်းဖြစ်ပါသည်။ အခြားမည်သူတစ်ဦးကမျှ မချစ်သည့်အချိန်တွင် ယေရှုက ချစ်ပါသည်။ အခြားသူများက ကျွန်ုပ်တို့ကို ချစ်ချင်စရာမကောင်းဟုမြင်သည့် အချိန်မှာပင် ယေရှုက ချစ်ပါသည်။ ယေရှုသည် ကျွန်ုပ်တို့ကို အလိုရှိသည်၊ တန်ဖိုးထားသည်၊ ချစ်သည်။

ကယ်တင်ရှင်၏ ချွင်းချက်မရှိသောချစ်ခြင်း ဖြစ်သည်။ ထိုချစ်ခြင်းက ယေရှုယူဆောင်လာသောအရာဖြစ်သည်။

- J.R. Hudberg

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

 

ပြီးပါပြီ