လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက်တွင် သခင်ယေရှုကိုရှာဖွေတွေ့ရှိခြင်း

မူရင်းအင်္ဂလိပ်စာမူ ။ ။ FINDING CHRIST AFTER SEXUAL ASSAULT
စာရေးသူ ။ ။ Katherine Flynn (ကက်သရင်း ဖလင်း)၊ ဩစတြေးလျ

၂၀၀၃ ခုနှစ်တုန်းကဖြစ်ပါတယ်။ ကျွန်မအသက် (၂၄) နှစ်အရွယ် UK မှာနေထိုင်ခဲ့တုန်းက လန်ဒန်မြို့လည်မှာရှိတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းနေထိုင်ခဲ့စဥ်ကမှမြင်ဖူးတဲ့ တိုက်ခန်းဖေါ်တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုခံခဲ့ရပါတယ်။ ညအိပ်ဝတ်စုံဝတ်ပြီး သန်းခေါင်ဇာတ်လမ်းတွဲကြည့်နေချိန်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ထိတ်လန့်ဝေခွဲမရဖြစ်ခဲ့ကာ သူ့အား မပြုလုပ်ရန် အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပါတယ်။ သို့သော် သူနားမထောင်ခဲ့ပါ။ ထိုအဖြစ်အပျက်ဖြစ်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကျွန်မကို သူဘာတွေများ ထပ်လုပ်ဦးမလဲဆိုတာတွေးပြီး စိတ်ခြောက်ခြား ကြောက်လန့်နေခဲ့ပါတယ်။

သူကျွန်မကိုအနိုင်ကျင့်ခဲ့တဲ့အချိန်မှာ သူ့ကိုတားဖို့ အင်အားကုန်ခမ်းသလိုခံစားခဲ့ရပေမယ့် အသက်ရှင်လျက် လွတ်မြောက်ခဲ့ရတဲ့အတွက် ဝမ်းမြောက်ခဲ့ပါတယ်။ ကျွန်မ အရေးပေါ်စောင့်ရှောက်ရေးဂေဟာကနေ ပြန်ဆင်းလာချိန်မှာ‌တော့ သူကတိုင်းပြည်ကနေ ထွက်ခွာဖို့ပြင်နေတဲ့အတွက် ဘာလုပ်ရမယ်မှန်းမသိခဲ့ပါဘူး။ သူကျွန်မအပေါ်ကို လေးစားမှုမရှိဘဲ အနိုင်ကျင့်စော်ကားခဲ့တယ်ဆိုတာ လက်မခံနိုင်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့ကိုတိုက်ရိုက်ရင်ဆိုင်ဖို့ ‌ရွေးချယ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ အခြားအမျိုးသမီး (၃) ယောက်ခန့်အပေါ်ကိုလည်း ထို့အတူကျူးလွန်ခဲ့တယ်လို့ သူပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။

သူထွက်သွားပြီး (၂) လနီးပါးကြာတော့မှ သက်ဆိုင်ရာ ရဲဌာနကို အကြောင်းကြားဖို့ ခွန်အားမွေးနိုင်ခဲ့တယ်။ အဲဒီအချိန်ရောက်မှတော့ ရဲများလည်း ဘာမှအများကြီးမလုပ်ပေးနိုင်တော့ပါဘူး။ ကျွန်မပြေးစရာမြေမရှိသလို ခံစားခဲ့ရတယ်။ ကျွန်မဘဝကို ရှေ့ဆက်ပြီးသွားချင်ခဲ့တယ်။

ကိုယ့်ကိုယ်ကို အဆင်ပြေနေတယ်လို့ ပြောရင် ကျွန်မတကယ်ကို အဆင်ပြေနေတယ်ဆိုတာ အမှန်ပါပဲလား

လူတွေတော်တော်များများ ကိုယ့်ခေါင်းထဲမှာရှိတဲ့ အဆိုးမြင်တဲ့ အတွေးအခေါ်တွေနဲ့ပတ်သက်လို့ ရည်ညွှန်းချင်တဲ့အခါ “ရွံမုန်းစရာအတွေးအခေါ်” အနေနဲ့ ပြောလေ့ရှိကြတယ်။ ကျွန်မအတွက်ကတော့ အခြေအနေက ပြောင်းပြန်ပါ။ အထက်ကအဖြစ်အပျက်က ကျွန်မအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့သလဲဆိုတာကို နောက်ပိုင်းရက်တွေမှာ ကျွန်မ သတိမထားမိခဲ့ပါဘူး။ ကျွန်မကိုယ် ကျွန်မ “ငါအဆင်ပြေနေတယ်။ ငါအားလုံးကို လုပ်နိုင်နေတယ်။ ငါ့အတွေးအခေါ်တွေ မှန်နေရင် ငါအဆင်ပြေနေတယ်ဆိုတာ မှန်တယ်” လို့ ပြောနေခဲ့တယ်။

ကိုယ်ပိုင်အတွေးအခေါ်အရ ကောင်းတာ‌တွေကိုပဲအာရုံထား၊ အကောင်းဖက်ကပဲတွေးမယ်ဆိုရင် ပြန်လည် ကောင်းမွန်လာနိုင်မယ်၊ လုံးဝပျောက်ကင်းလာမယ်လို့ ကျွန်မအမှန်တကယ်ယုံကြည်ခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ လှောင်ပြောင်ခံရခြင်းနဲ့ ငြင်းပယ်ခံရခြင်း စတဲ့နာကျင်ခြင်းတွေကို အတွေးထဲက ထုတ်ထားနိုင်ပြီး ကျွန်မအပေါ်ဘယ်လိုမှ သက်ရောက်မှုမရှိနိုင်ဘူးလို့ စိတ်ထဲမှာအမှန်တကယ် ယုံကြည်ခဲ့တယ်။

ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကတော့ အဲလိုမဖြစ်နေခဲ့ပါဘူး။ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့သလိုဖြစ်ပြီး အလွန်အမင်း ခြောက်ခြားထိတ်လန့်တုန်လှုပ်‌ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ အပ်ပေါင်းများစွာနဲ့ ထိုးနေသလို ခံစားရပြီး အာခေါင်၊ ပါးစပ်တွေ‌ခြောက်သွေ့လာကာ နေမကောင်းဖြစ်သလိုခံစားရပြီး မကြာခဏဆိုသလို နေမကောင်းဖြစ်လာခဲ့တယ်။ အစားအသောက်ကိုလည်း သေချာမစားဖြစ်တော့ဘဲ ပုံမှန်တစ်ကိုယ်ရေ စောင့်ရှောက်ဖို့အတွက်‌တောင် အတော်ရုန်းကန်ခဲ့ရတယ်။ အမြဲတမ်းနီးပါး နိုးထနေပြီး ကိုယ့်ကိုယ်ကို “အားလုံးအဆင်ပြေနေပါတယ်” လို့ပြောနေပေမယ့် အိပ်စက်ခြင်း၊ ရေသောက်ခြင်းစတဲ့ အရာလေးတွေကိုတောင်မှ မလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ကျောက်ကပ်ထိခိုက်ခဲ့ပြီး မကြာခဏအဆုတ်‌ရောင်ခဲ့ကာ နောက်ဆုံးတော့ အသက်အန္တရာယ်ဖြစ်နိုင်လောက်တဲ့ အဆုတ်ရောင်နာြဖစ်ခဲ့တယ်။

အခုပြန်ပြောင်းကြည့်ချိန်မှာတော့ တစ်ခုခုမှားယွင်းနေတယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေက စောစောတည်းက ပြနေခဲ့ပါတယ်။ အသိသာဆုံးကတော့ ကျွန်မအခန်းကိုသွားဖို့ လှေခါးထိပ်ကိုရောက်တာနဲ့ အကြောက်လွန်ပြီး ဘောင်းဘီထဲမှ ဆီးထွက်ကျခဲ့တယ်။ စိတ်ထဲမှာတော့ ဆီးအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုလို့ထင်ပြီး ဆရာဝန်ကိုဖုန်းဆက်ပြီး ဆေးစစ်ဖို့ပြောခဲ့တယ်။ အားလုံးကောင်းမွန်ကြောင်း ဆေးစစ်အဖြေရလာပေမဲ့ ခန္တာပိုင်းဆိုင်ရာ တစ်ခုခုကတော့ မကောင်းဖြစ်နေတာသေချာတယ်လို့ ကျွန်မအတိုက်အခံပြောခဲ့တယ်။

ခန္ဓာပိုင်းဆိုင်ရာမှာ ဘယ်နေရာမှာမှ မကောင်းဖြစ်နေတာမရှိဘူးဆိုတဲ့ ဆရာဝန်ပြောပြချက်မှန်နေတယ်ဆိုတာ သိလိုက်ရခြင်းအားဖြင့် ကျွန်မနားလည်လိုက်တာကတော့ ဒီလိုတွေဖြစ်နေတာဟာ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှုဆိုတာပါ။ ကျွန်မစိတ်ပညာဘွဲ့ယူခဲ့တုန်းက စိတ်ဖိစီးခြင်း၊ ရုတ်တရက် စိုးရိမ်ထိတ်လန့်ခြောက်ခြားခြင်း အစရှိတာတွေနဲ့ပတ်သက်လို့ ဖတ်ဖူး၊ ကြားဖူး၊ လေ့လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရချိန်မှာတော့ အချိန်ပြည့် အကောင်းမြင်အတွေးတွေနဲ့ ဖုံးနေပြီး သတိမထားမိခဲ့ပါဘူး။

ကျွန်မ စိတ်ပညာရှင်တစ်ယောက်နဲ့ တွေ့ဖို့ညွှန်ကြားခံခဲ့ရပြီး သူမက ကျွန်မရဲ့ “တောက်ပအကောင်းမြင်တတ်တဲ့ အတွေး”က အဖြေဖြစ်တယ်လို့ ယုံကြည်စေခဲ့တယ်။ ကျွန်မအရမ်းကို သဘောကျနှစ်သက်ခဲ့တယ်။ သူမက ကျွန်မရဲ့ အကောင်းမြင်တဲ့အတွေးအခေါ်ကိုလည်း ယုံကြည်ပေးခဲ့တယ်။

ကုသချိန်တစ်ခါပြီးတိုင်း ကျွန်မအဆင်ပြေတယ်လို့ သူမကိုပြောခဲ့တယ်။ စိတ်ကုထုံးပညာရှင်တွေနဲ့ ကုသတဲ့အခါ ကိုယ်ခံစားနေရတာတွေကို ပြောရတာကြောင့် တစ်ခါတလေ တုန်လှုပ်တစရာဖြစ်တတ်တယ်။ ကျွန်မပြခဲ့တဲ့ စိတ်ပညာရှင်ကို အမှတ်ပေးရရင် (၁၀) မှတ်မှာ (၈) မှတ်အထိ ပေးလို့ရပေမယ့် အိမ်ပြန်ရောက်တဲ့အခါ အရင်ကလိုပဲ ကိုယ်ခန္ဓာဆိုင်ရာခံစားချက်တွေ ဆက်လက်ခံစားနေရတုန်းပါပဲ။ ကျွန်မသေများသေတော့မလား၊ ကျွန်မမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုမှ ရှိမနေတာ သေချာပါလား လို့မေးမိတယ်။

အဲဒီအဖြစ်အပျက်ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာမှ ကျွန်မအမှန်တကယ် ဘာြဖစ်နေတယ်ဆိုတာကို သေချာနားလည်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာဆွေးနွေးပြောဆိုခြင်းများက ကျွန်မကိုပိုမိုနစ်မွန်းစေပြီး အမှန်တရားကနေ သွေဖယ်စေခဲ့တယ်။ အဲဒီအဖြစ်အပျက်ရဲ့ဖိစီးခြင်းကို ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မအသက်ဆုံးလောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ ခန္ဓာကိုယ်ပိုင်းတုန့်ပြန်ခြင်းတွေကိုပါ မြင်လာခဲ့တယ်။ ကျွန်မနဲ့ကိုက်ညီမယ့် အကူအညီကို ရယူဖို့ အမှန်တကယ်လိုအပ်နေပြီဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အဆင်ပြေပါတယ်လို့ပြောနေရုံနဲ့ မလုံလောက်နိုင်ပါ

အထက်ကအချက်ကို ကျွန်မအနိုင်ကျင့်ခံရပြီး (၂) နှစ်နီးပါးအကြာမှာ ကမ္ဘာကျော်စိတ်ပညာရှင် Dr. David Servan-Schreiber (ဒေါက်တာ ဒေးဗစ်စာဗန်ရှရိုင်ဘာ)ရဲ့ လုပ်ဆောင်ချက်များနဲ့ သိကျွမ်းခဲ့ရပြီးနောက်မှာ သေချာမြင်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက UK မှာရှိတဲ့ Mental Health Foundation (MHF – စိတ်ကျန်းမာရေး ဖောင်ဒေးရှင်း)မှာ အလုပ်လုပ်နေတာဖြစ်ပြီး သူ့စာအုပ်ရဲ့ စာမူကြမ်းကို ဖတ်ခွင့်ရခဲ့တယ်။

သူ့ရဲ့စာမူကြမ်းကို A3 ဆိုဒ်စာရွက်များပေါ်မှာထုတ်ပြီး အိမ်မှာရော အလုပ်သွားတဲ့ ရထားပေါ်မှာပါ ဖတ်ခဲ့တယ်။ အဲဒီအထဲမှာ သတိထားမိတာက သူနဲ့အလုပ်လုပ်ခဲ့တဲ့ ၁၀၀% သောလူငယ်တွေအားလုံးဟာ စိတ်ကျရောဂါ PTSD (Post-traumatic stress disorder – စိတ်ဒဏ်ရာရပြီးနောက် စိတ်သောက ဖရိုဖရဲဖြစ်ခြင်း)မှ ပြန်လည်ပျောက်ကင်းလာသူများဖြစ်ပြီး သူ့လုပ်ငန်းတွင် ထိုသို့သောလူငယ်များ ၈၀% အထိပါဝင်ပါတယ်။ သူတို့အတွက် Dr. David အသုံးပြုခဲ့တဲ့ အံ့သြဖွယ်နည်းလမ်းက ဘာများဖြစ်မလဲ။ အဲဒါကတော့ Dr. Francine Shapiro (ဒေါက်တာ ဖရန်စင်းရှဖီရို) မထင်မှတ်ပဲတွေ့ရှိခဲ့တဲ့ EMDR (Eye Movement Desensitisation Reprocessing – မျက်စိလှုပ်ရှားမှုအားဖြင့် စိတ်ခြောက်လန့်မှုကိုလျော့နည်းစေသော ပြန်လည်လုပ်ဆောင်မှု) စိတ်ကျန်းမာရေး ကုထုံးနည်းလမ်းပဲဖြစ်ပါတယ်။

ကျွန်မသည် Dr. David နဲ့ သီးသန့်တွေ့ချိန်ရခဲ့ပြီး “EMDR နည်းလမ်းကဘာမို့လို့ အလုပ်ဖြစ်တာလည်း။ ဘာကြောင့် အရမ်းအကျိုးသက်ရောက်မှုရှိရတာလဲ” အစရှိတဲ့မေးခွန်းတွေ မေးခွင့်ရခဲ့တယ်။ သူပြန်ပြောပြခဲ့တာတွေက ကျွန်မရဲ့ဘဝကို ရာသက်ပန်ပြောင်းလဲစေခဲ့တယ်။

ကျွန်မတို့ရဲ့ ဦးနှောက်ဟာ အရမ်းကိုဆန်းကျယ်ပါတယ်။ စိတ်ခံစားချက်တွေ ခံစားမှုတွေနဲ့ပတ်သက်လို့ ဦးနှောက်က ဘယ်လိုနည်းလမ်းတွေနဲ့ အလုပ်လုပ်တယ်ဆိုတာကို လေ့လာခြင်းအားဖြင့် ကျွန်မသိလိုက်ရတာက ကုသခြင်းခံယူနေစဥ်မှာ ကိုယ့်ရဲ့ အသိအာရုံကိုပါ ထည့်ပြီးအားစိုက်ထုတ်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကို ပျောက်ကင်းစေနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။

EMDR ကုထုံးဟာ အသစ်အဆန်းဖြစ်ပြီးတော့ လုပ်ရိုးလုပ်စဥ် စိတ်ရောဂါကုသနည်းမျိုး မဟုတ်ပါ။ ထိုနည်းလမ်းကို အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားခံရခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း၊ မတော်တဆထိခိုက်ခြင်း အစရှိသည်တို့ဖြစ်ပြီးနောက် ခံစားရသော post-traumatic stress disorders (PTSD) စိတ်ကျရောဂါကုသရာမှာ အသုံးပြုပါတယ်။ EMDR ကုထုံးသည် ပြောဆိုဆွေးနွေးခြင်း၊ သောက်ဆေးများပေးခြင်းအားဖြင့် ကုသခြင်းမျိုးမဟုတ်ပါ။ ဝေဒနာခံစားနေရသူ၏ မျက်လုံးလှုပ်ရှားမှုမှတစ်ဆင့် အတိတ်ကကြုံတွေ့ခဲ့ရသည့် ခြောက်ခြားဖွယ်အဖြစ်အပျက်များကို ပြန်လည်ထဲထဲဝင်ဝင် သတိရလာစေခြင်းဖြစ်သည်။

ယေရှုခရစ်တော်နှင့် ကျွန်မတွေ့ဆုံခြင်း

အတိတ်ကခြောက်ခြားဖွယ် အဖြစ်အပျက်ကြောင့် ခံစားခဲ့ရတဲ့ ကျွန်မရဲ့ကျန်းမာရေးပြဿနာများကို ဘယ်လိုမှရှောင်လွှဲလို့ မရနိုင်တော့ပါ။ Dr. David နှင့်တွေ့ပြီး (၄) နှစ်ခန့်အကြာမှာတော့ ကျွန်မအသက်မွေးဝမ်းကြောင်း အလုပ်ထိခိုက်ပျက်ယွင်းခဲ့ပါတယ်။ MHF UK မှ အလုပ်ထွက်ခဲ့ပြီး ကိုယ်ပိုင်အကလုပ်ငန်း လုပ်ကိုင်ခဲ့ပေမယ့် အဲဒါကိုလည်း သေချာလုပ်နိုင်စွမ်းမရှိခဲ့ပါ။ ကျွန်မကိုယ်ပိုင်ဘဝအသက်တာသည်လည်း ပြိုလဲခဲ့ပါတယ်။

ကျေးဇူးတင်ရမှာကတော့ ကျွန်မမှာ အရမ်းခင်မင်ရင်နှီးတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိခဲ့တာပါ။ ကိုယ်အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်ကျော် မြင့်တက်ခဲ့ပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်ကာ အသက်ဆုံးလုလုဖြစ်ခဲ့တဲ့ ဆေးရုံပေါ်ကနေ့များကျော်လွန်ပြီး အိမ်ပြန်ရောက်လာချိန် ခုတင်ဘေးမှာနေပြီး ဆုတောင်းပေးခဲ့တယ်။ ပြန်လည်သက်သာလာဖို့အတွက် အချိန်တွေအများကြီးပေးခဲ့ရတယ်။ ကျွန်မရဲ့ စိတ်ရှုပ်ထွေးမှုတွေအလယ်မှာ သူငယ်ချင်းရဲ့ငြိမ်သက်တဲ့ စိတ်ဝိညာဥ်ကိုခံစားရပြီး သူ့ရဲ့အားကြီးတဲ့ယုံကြည်ခြင်းက ကျွန်မကို သက်သာစေခဲ့တယ်။

နောက်ထပ်မှတ်မှတ်ရရရှိခဲ့တဲ့ ဝိညာဥ်ရေးအတွေ့အကြုံကတော့ ကျွန်မအကသင်ပေးခဲ့တဲ့ အီရန်လူမျိုး သင်တန်းသူတစ်ယောက်က သူမရဲ့ ဗတ္တိဇံခံပွဲကို ဖိတ်ကြားခဲ့တုန်းကပါ။ သူမကို ကျွန်မအရမ်းချစ်ခင်ပြီး သင်တန်းလာတက်သူအားလုံးအထဲမှာ အရောင်အစုံဆုံးအကျင့်စရိုက်ရှိတဲ့သူလို့ သတိထားမိခဲ့တာပါ။ တစ်ကိုယ်ရေမိခင်ဖြစ်တဲ့ အီရန်လူမျိုးသူငယ်ချင်းကို အားပေးဖို့သက်သက်သွားရောက်ခဲ့ပြီး ဘာကိုမှ မျှော်လင့်မထားခဲ့ပါ။ ထင်မှတ်မထားပဲ ယေရှုခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ထဲ နစ်ဝင်သွားခဲ့တယ်။

ကျွန်မရဲ့အသက်တာတစ်လျောက် ခံစားခဲ့ရတဲ့ကောင်းချီးများ၊ လွတ်လပ်ခြင်းများ၊ ခရစ်တော်ကို ကိုယ်တိုင်သိကျွမ်းခြင်း၊ အခြားသူများနှင့်အတူ ကိုယ်တော့်ကိုသိကျွမ်းခြင်း အစရှိတာတွေကို ယနေ့ထိ အသက်တာနှစ်ပေါင်းများစွာတိုင် အလေးမထားဘဲ နေခဲ့မိတာကို သေချာသိရှိနားလည်ခဲ့ပြီး မျက်ရည်များကျလာခဲ့တယ်။ ပရိသတ်တွေထဲမှာ နောက်ပိုင်းရက်တွေမှာ ဗတ္တိဇံခံယူလိုသူများရှိပါလားလို့ မေးလာတဲ့အခါမှာတော့ နှစ်ခါစဥ်းစားစရာတောင် မလိုတော့ဘဲ ကျွန်မလက်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မဘဝအသက်တာမှာ ပထမဆုံးအနေနဲ့ သန့်ရှင်းသောဝိညာဥ်တော်တို့ထိခြင်း ခံခဲ့ရတယ်ဆိုတာ အခုချိန်မှာ နားလည်သဘောပေါက်ခဲ့ပါပြီ။

သူငယ်ချင်းရဲ့ ဗတ္တိဇံခံယူပွဲအပြီး (၁) လမပြည့်ခင်နဲ့ အဆုတ်ရောင်ရောဂါ သက်သာပြီးသိပ်မကြာခင် ၂၀၀၈ ခုနှစ် မတ်လမှာတော့ ကျွန်မ သြစတြေးလျကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ (၇) နှစ်တာ အိမ်ကနေခွဲခွာခဲ့ပြီးနောက် အလုံးစုံ ပြန်လည်ကောင်းမွန်လာအောင်ကုစားဖို့ နွေးထွေးတဲ့ရာသီဥတုရယ်၊ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ အချိန်တို့ လိုအပ်ခဲ့တယ်။ ကျွန်မ ပြန်ရောက်တဲ့အခါ UK မှ သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့သူတွေကိုထားခဲ့ရတဲ့အတွက် စိတ်မကောင်းပူဆွေးရတာရယ်၊ PTSD ရယ်ပေါင်းပြီး ဟာတာတာ ကြောင်တောင်တောင်ဖြစ်ခဲ့တယ်။ အဲဒီကာလ တစ်လျောက်ကို ကူညီကျော်ဖြတ်ဖို့ EMDR ကုထုံးပညာရှင်တွေနဲ့ ပြသခဲ့တယ်။

အခုချိန်မှာတော့ PTSD နဲ့ပတ်သက်ပြီးကုသခံခဲ့တာ (၁၆) နှစ်ကြာခဲ့ပြီဖြစ်ပြီး ကျွန်မခံစားခဲ့တာတွေအတွက် သက်သာစေမယ့်ကုသနည်းနဲ့ စတင်ကုသခဲ့တာ (၁၂) နှစ် ပြည့်ခဲ့ပါပြီ။

သခင်ခရစ်တော်၌ ကုသခြင်းကို တွေ့နိုင်ပါတယ်

သခင်ခရစ်တော်အားဖြင့် အသစ်ပြုပြင်ခြင်းခံရတာကို သိခဲ့တဲ့အချိန်ကစလို့ သခင်ရဲ့ကုစားနိုင်စွမ်းကို ကျွန်မယုံကြည်ခဲ့တယ်။ သခင်ရဲ့ အံ့သြဖွယ်ရာများကိုလည်းယုံကြည်ခဲ့ပြီး လက်ခံရဖို့ကိုလည်း အဆင်သင့်ဖြစ်နေခဲ့တယ်။ သခင်ခရစ်တော်ကလည်း ကျွန်မအတွက်ပို၍ရစေလိုတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မအတွက် အံ့သြဖွယ်ရာကို မြန်မြန်မပေးဘဲ ဆုပ်ကိုင်ထားသလို ခံစားရခြင်းမျိုးမဟုတ်ဘဲ သခင်ခရစ်တော်ကို ပိုမိုသိကျွမ်းခြင်းများ တစ်နေ့တစ်ခြားတိုးလာတာကို ခံစားပြီး စိတ်သစ်လူသစ်ဖြစ်လာရန် အခွင့်အရေးပေးနေတာဖြစ်ပါတယ်။

ယေရှုခရစ်တော်နဲ့အတူ လျှောက်လှမ်းခြင်းကို အလွန်နှိမ့်ချရိုကျိုးတယ်လို့ မြင်နိုင်ပါတယ်။ သူ့ဘေးနားမှာနေခြင်း အားဖြင့် ကိုယ့်အားနည်းချက်များ၊ ကြေကွဲခြင်းများကို သိမြင်လာတယ်။ လောကအရာအားလုံးကိုသုံးပြီးတော့ နည်းလမ်းမျိုးစုံအသုံးချပြီး ဘုရားသခင်ကို ကျွန်မတို့လိုအပ်နေတာကို ဖြေဖျောက်ဖို့ ကြိုးစားနေတာတွေကိုပါ သိမြင်လာတယ်။ ဒီလိုနဲ့ပဲ ကိုယ်တော်မပါဘဲ ဘယ်ကိုမှ မသွားချင်တော့တဲ့အခြေအနေကို ရောက်ခဲ့တယ်။ ကိုယ့်အသက်တာဟာ ကိုယ့်စိတ်ဝိညာဥ်ကို ချစ်တဲ့သူနဲ့ မျှဝေ‌ပေးရမယ့်အရာလို့ မြင်လာခဲ့တယ်။

သခင်ခရစ်တော်ဟာ ကျွန်မအသက်တာမှာ နည်းမျိုးစုံနဲ့ သူရှိကြောင်းပြခဲ့တယ်။ ကျွန်မအခြေအနေကို သိမြင်နေတဲ့ သူငယ်ချင်းများ ရှောင်ဖယ်မသွားခဲ့ပဲနဲ့ ကျွန်မခံစားနေရတာတွေကို ကျော်မသွားဘဲ ကူညီဖေးမခဲ့ကြပြီး သခင်ခရစ်တော်ကဲ့သို့ သူတို့ပုံဆောင်ခဲ့ကြတယ်။ တခါတလေမှာ ကြည့်ရတာ သူတို့ကို ကျွန်မလိုအပ်တာထက် ခရစ်တော်ကိုပိုလိုအပ်နေတာကို သိမြင်နေသလိုပါ။ တခါတလေမှာ လူတချို့ကို ဆုံးရှုံးတတ်ပါတယ်။ အဲဒါဟာ တကယ်တော့ သူတို့ဟာ ကိုယ့်အတွက်ဘာမှမဟုတ်တာကြောင့် မဟုတ်ပါဘူး။ ကိုယ့်ကို လွတ်မြောက်ရန်လာခဲ့တဲ့ စစ်မှန်တဲ့မေတ္တာရှင်ကို သိဖို့လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

ကြည့်ရတာ ကျွန်မအသက်တာကို အလိုတော်အတိုင်း ပြည့်ပြည့်ဝဝ ဝန်ခံလိုက်ဖို့ အခြားသူများက ကိုယ်စားဆုတောင်းပေးခဲ့သလိုပါ။ ထိုသို့အရှုံးပေးရင်း၊ အပြန်အလှန်တိုက်ခိုက်ရင်း၊ အပြင်းအထန်နာကျင်ခံစားရင်းနဲ့ပဲ အဆုံးမှာတော့ ငြိမ်သက်ခြင်းရခဲ့တယ်။ ကိုယ်တော့်ကိုကိုးကွယ်ဝတ်ပြုဖို့ရန် စေစားခြင်းခံခဲ့ရတယ်။

ဝိညာဥ်ရေးရာကုသခြင်းနဲ့အတူ စိတ်ပညာရှင်များနဲ့လည်း EMDR ကုထုံးကို အများကြီးပြုလုပ်ခဲ့တယ်။ အခုထက်ထိ ရံဖန်ရံခါ လုပ်နေဆဲပါ။ SOZO (ခန္ဓာဝိညာဥ်အလုံးစုံ ကုသပျောက်ကင်းမှု) အမှုတော်အစီအစဥ်များ တက်ရောက်ခဲ့ပြီး Elijah House Ministries Australia and Christian Counselling တို့နဲ့ ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။

ထိုအရာတွေအားလုံးက ကျွန်မအသက်တာအချိုးအကွေ့တစ်ခု ဖြစ်ခဲ့တယ်။ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။

ငြိမ်းချမ်း‌ရေးကိုဆန့်ကျင်ခြင်းဟာ အဆုံးသတ်မရှိပါ

ကျွန်မရဲ့တည်ငြိမ်းအေးချမ်းနေခြင်းကို ဆန့်ကျင်ခြင်းတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မသိလာရတာ ကတော့ ဒီတိုက်ပွဲဟာ အဆုံးမရှိတဲ့တိုက်ပွဲဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ နေ့စဥ်ကြံ့ကြံ့ခံ ရင်ဆိုင်ရမှာပဲဖြစ်တယ်။

ကျွန်မရဲ့ဘဝပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း၊ ချစ်ခြင်းမေတ္တာအားဖြင့် လျှောက်လှမ်းနေရင်း လမ်းကိုရှာဖွေတွေ့ရှိခဲ့တယ်။ ဘုရားသခင်ခင်းပေးခဲ့တဲ့လမ်းဖြစ်ပြီး ကျွန်မသွားရမယ့်ခရီးတစ်လျောက် မှန်ကန်တဲ့လူတွေနဲ့ လိုအပ်မယ့်အရင်းအမြစ်တွေကို ချပေးထားခဲ့တယ်။

သင့်အသက်တာမှာ ဘုရားသခင်ကိုလက်ခံလိုက်တာနဲ့ ရလာမယ့်ငြိမ်သက်ခြင်းရှိသော်လည်း ယခုကျွန်မရရှိတဲ့ငြိမ်သက်ခြင်းကတော့ ငြိမ်သက်ခြင်းရဲ့အခြားအဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ နွယ်ပင်ကိုစွဲမြဲထားသလိုမျိုး ရှိနေတဲ့ငြိမ်သက်ခြင်းမျိုးပါ။ အကိုင်းတွေညှပ်ခံရမယ်၊ ပြုစုခံရမယ်ဆိုပေမယ့် နွယ်ပင်ထဲမှာနေရာရှိနေမှာပါ။

ကိုယ့်တိုင်းပြည်ကို ပြန်ရောက်လာပြီး နှစ်ပတ်လောက်အကြာမှာ အသားအရေဂရုစိုက်ထိန်းသိမ်းတဲ့ပစ္စည်း အရောင်းဆိုင်မှာ ကျွန်မအလုပ်ဝင်ခဲ့တယ်။ စျေးဝယ်သူတစ်ယောက်က သူမရဲ့နာမည်ကဒ်ပြားလေးကိုပေးခဲ့ပြီး သူမနဲ့အတူ အဲဒီနေရာမှာရှိတဲ့ ခရစ်ယာန်ရေဒီယို အသံလွှင့်ဌာနမှာ အလုပ်လုပ်ချင်ပါလားလို့ မေးခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်မလုပ်ဖြစ်ခဲ့တယ်။ များမကြာခင်ရက်များမှာပဲ သူမရဲ့ဘုရားကျောင်းမှာ ကျွန်မဗတ္တိဇံခံခဲ့တယ်။

နေ့စဥ်နေ့တိုင်း ကျွန်မကိုယ်ကျွန်မဆန်းစစ်ရာမှာ သန့်ရှင်းသောဝိညာဥ်တော်က ကြီးမားတဲ့အခန်းကဏ္ဏကနေ ပါဝင်နေပါတယ်။ ပွဲတော်ဝတ်မှာ ပုံမှန်ပါဝင်ခြင်းဟာ ကျွန်မနှလုံးသားရဲ့အခြေအနေကို ဖေါ်ပြနေပါတယ်။ အချိန်အတော်ကြာသည်အထိ ဘုရားသခင်က ကျွန်မဟာ ချစ်ခြင်းခံရသူဖြစ်တယ်ဆိုတာ သိစေပါတယ်။ ကျွန်မအရှက်ရခဲ့ရတဲ့အဖြစ်ကို ဖုံးကွယ်ပေးခဲ့တယ်။ အဲဒီချစ်ခြင်းကိုခံယူဖို့အတွက် အချိန်လိုအပ်ခဲ့တယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့နောက်မှာတော့ ကျွန်မခွင့်မလွှတ်နိုင်သေးတဲ့အရာတွေ၊ ဒါမှမဟုတ် တစ်ဖက်သတ် သူတစ်ပါးကိုဝေဖန်ခဲ့တာတွေကို သိမြင်လာခဲ့တယ်။ ထိုအချိန်မှာ ထင်ထင်ရှားရှားသိလာတာကတော့ အတိတ်တုန်းကကျွန်မအပေါ် စော်ကားခဲ့တဲ့သူတွေကို ခွင့်လွှတ်လိုက်ဖို့လိုအပ်တယ် ဆိုတာကိုပါ။

ယုံကြည်ခြင်းခိုင်မြဲပြီးသူတွေနဲ့ တပည့်ခံယူခြင်းဟာလည်း ကျွန်မအတွက်အရေးကြီးခဲ့တယ်။ ဘုရားသခင်နဲ့အတူ စတင်ရှိခဲ့တဲ့ အစောပိုင်းကာလတွေကတည်းက ကျွန်မအနားမှာ ဆုတောင်းခြင်းအားကြီးတဲ့သူတွေ ရှိခဲ့တယ်။ ကျွန်မသံသယကင်းစွာနဲ့ ပြောနိုင်တာကတော့ သူတို့ဆုတောင်းချက်များက ကျွန်မလုပ်ဆောင်နိုင်စွမ်းမရှိတဲ့ အသက်တာပြောင်းလဲခြင်းများကို ဖြစ်စေခဲ့တယ်။

သခင်ယေရှုထံ အကြိမ်ကြိမ် ပြန်ယူခဲ့ပါ

နောက်ဆုံးမှာတော့ အလုံးစုံကို သခင်ယေရှုထံပြန်လည်ယူခဲ့ပြီး “သခင်၊ ကျွန်မဘယ်ရောက်နေတာပါလဲ”၊ “ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ”၊ “ဒါကိုဘယ်လိုစီမံရမလဲ”၊ “ဒါက ကျွန်မရဲ့ ဦးနှောက်၊ ခန္ဓာ၊ စိတ်ကိုပဲ ကုစားဖို့လား၊ ဒါမှမဟုတ်အားလုံးကိုပဲလား” စသည်ဖြင့် အဖြေတောင်းခံပြီး ဘုရားသခင်ကို လမ်းပြကုသစေပါ။

လူတွေတော်တော်များများထင်ကြတာက ပြန်လည်ကောင်းမွန်လာတယ်ဆိုတာ အရင်တုန်းက တုန်လှုပ်ခြောက်ခြားစရာအဖြစ်အပျက် မကြုံခင်ကအခြေအနေအတိုင်း ပြန်ရောက်သွားတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက “ပြောင်းလဲသွားခြင်းဖြစ်တယ်” ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်မလည်း “ပြောင်းလဲခဲ့တယ်”လို့ ပြောနိုင်ပါတယ်။ အစော်ကားမခံရခင်အချိန်၊ နောက်ပိုင်း PTSD နဲ့ရင်ဆိုင်ချိန်၊ စိတ်ကျခြင်း၊ စိတ်ပူပန်လွန်ခြင်းများ ခံစားခဲ့ရချိန်များနဲ့ မတူတော့တဲ့ လူသစ်တစ်ယောက်လိုဖြစ်ခဲ့တာပါ။ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဥ်ပိုင်းဆိုင်ရာ အခက်အခဲ အတားအဆီးများဟာ ကျွန်မတို့ကို ပိုမိုသန်မာစေပြီး အနာဂတ်စိန်ခေါ်ခြင်းတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။

အရင်ကတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်ချက်ရှိပြီး သန်မာတယ်လို့ထင်ခဲ့တယ်။ အခုကျွန်မ သဘောပေါက်လာတာကတော့ ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ခြင်းဟာ ကျွန်မရဲ့ခွန်အားဖြစ်ပြီး ဘုရားသခင်၌ ကျွန်မ၏ဖြစ်တည်မှုဟာ မိမိကိုယ်ကိုစိတ်ချယုံကြည်မှရှိစေပါတယ်။ သင်ဟာ ပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့ခဲ့ခံစားခဲ့ရပြီး သက်သာပျောက်ကင်းခဲ့သည်ဖြစ်စေ၊ မပျောက်ကင်းခဲ့သည်ဖြစ်စေ ဘုရားသခင်အပေါ်မှာ မူတည်ပါတယ်။ အသက်သရဖူကိုရယူကာ အတိတ်က နာကျင်ခြင်းများမှ ကင်းလွတ်စေမယ့် လမ်းကြောင်းပေါ်မှာပဲဆက်နေ၍ ကျဥ်းသောလမ်းကိုရွေးချယ်မလား ဆိုတာကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။

ပြောင်းလဲခြင်းဟာ တဖြည်းဖြည်းဖြစ်တဲ့ လွတ်မြောက်ခြင်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့အထဲမှာ ဘုရားသခင် ပဲ့ကိုင်လိုက်တာနဲ့ ကျွန်မတို့တွေဟာ ကိုယ်တော်ခေါ်တော်မူတဲ့ “ဘုန်းအသရေမျှော်လင့်ချက်ဖြစ်တဲ့ ခရစ်တော် မိမိအထဲမှာရှိနေတဲ့သူ” များအဖြစ် ပြည့်ပြည့်ဝဝ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

စာတည်း၏မှတ်ချက်။ ။ ကက်သရင်း အကြောင်းပိုမိုသိရှိလိုပါက သူမ၏ဝဘ်ဆိုဒ် https://www.heartspaceinternational.net/ တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ EMDR အကြောင်းပိုမိုသိရှိလိုပါက EMDR Association of Australia: https://emdraa.org/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

အားနည်းမှုမှ ခွန်အားအစွမ်း