သင့်တွင် စိုးရိမ်ပူပန်မှုရှိနေပါက လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန်မှာ ဖြစ်နိုင်ပါသလား
မူရင်းအင်္ဂလိပ်စာမူ ။ ။ IS FREEDOM POSSIBLE IF YOU HAVE ANXIETY?
စာရေးသူ ။ ။ Jane Lim (ဂျိန်းလင်း)
“ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်သည့်အရာမှာ စိုးရိမ်ပူပန်မှု ရှိနေသောအချိန်တွင် စိုးရိမ်ပူပန်မှု ရှိနေလျှက်နှင့်ပင် အသက်ရှင်နေထိုင်တတ်ရန် ကူညီနေခြင်းဖြစ်သည်” ဟု ကျွန်ုပ်၏အထူးကုဆရာဝန်က မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ရှင်းလင်းပြောပြခဲ့သည်။
ကျွန်ုပ်၏အထူးကုဆရာဝန်နှင့် ကျွန်ုပ်သည် ကျွန်ုပ်၏စိုးရိမ်ပူပန်မှုအတွက် စီမံဆောင်ရွက် လုပ်ကိုင်နေကြသည်မှာ ယခုဆိုလျှင် နှစ်နှစ်ကျော်ပြီးဖြစ်သည်။ အချို့နေ့များတွင် မကြာမှီတွင် ရောဂါကုထုံးအတွက် “ဘွဲ့လက်မှတ်ရသင့်ပြီ” ဟုခံစားရပြီး ကျွန်ုပ်သည် လုံလောက်သော ဖြစ်စဥ်ကိစ္စရပ်များကို ပြုမူဆောင်ရွက်ပြီးပြီဟု ခံစားရသည်။ သို့သော်လည်း အသစ်သောဖိအားပေးမှုများ ပေါ်လာသည့်အချိန်တိုင်းတွင် ကျွန်ုပ်သည် ဖြစ်မြဲဖြစ်နေကျအတိုင်း ပြန်ခံစားရသည်။ ၎င်းတို့မှာ ခေါင်းထဲတွင် အာရုံများပူပြင်းလောင်ကျွမ်းခြင်း၊ ရင်ဘက်ထဲတွင် တင်းကျပ်လေးလံနေခြင်းနှင့် မည်သည့်အရာကို လုပ်ဆောင်ရန်လိုအပ်သည်ကို မတွေးတောနိုင်ခြင်းတို့ဖြစ်သည်။
ကျွန်ုပ်၏အထူးကုဆရာဝန် ပြောသည်မှာ မှန်ကန်သည်ကို ကျွန်ုပ်သိသော်လည်း ဆေးပြားကိုမြိုချရန် ခက်ခဲနေဆဲဖြစ်သည်။ စိုးရိမ်ပူပန်ခြင်းဖြင့် အသက်မရှင်ချင်ပေ။ ကြောက်ရွံ့စိုးရိမ်မှုကို ကန်ထုတ်ပစ်ချင်သည်။ ကြောက်ရွံ့စိုးရိမ်မှု သေဆုံးသွားသည်အထိ တင်းပုတ်နှင့် တရစပ်ထုပစ်ချင်သည်။ သို့သော်လည်း ၎င်းသည် အလုပ်မဖြစ်ကြောင်းကိုလည်း ကျွန်ုပ်ဘဝ အတွေ့အကြုံအားဖြင့် သိထားသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်၏ကိုယ်ခန္ဓာထဲမှ စိုးရိမ်ပူပန်မှုကို မည်သည့် ဖယ်ရှားသုပ်သင်ခြင်း၊ အောင်မြင်နိုင်ခြင်း နည်းလမ်းနှင့်မျှ အကျိုးသက်ရောက်စွာ ဖယ်ရှားနိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
ယခုတွင် နူးညံ့သိမ်မွေ့သော၊ အပျော့ဆွဲကာ ချော့၍ရသောနည်းလမ်းနှင့် ခရီးတွင်ခြင်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် စိုးရိမ်ပူပန်ခြင်းသည် ရန်သူမဟုတ်သောကြောင့်ဖြစ်သည်။ စိုးရိမ်ပူပန်ခြင်းသည် အတွင်းတွင်ရှိသော လှောင်ပိတ်ခံနေရသည့် နှစ်ပေါင်းများစွာ လျှစ်လျှူရှုခံနေရသော ကလေးလေးတစ်ဦးကဲ့သို့ဖြစ်ပြီး ထွက်မြောက်ရန်နှင့် ပြုစုယုယခြင်းခံရရန်၊ ကုသပျောက်ကင်းရန် စောင့်ဆိုင်းလျှက်ရှိသည်။ စိုးရိမ်ကြောက်ရွံ့မှုသည် ခံစားချက်များကို လျှစ်လျှူရှုခံရကာ စွန့်ပစ်ဘေးချိတ်ထားပြီး “မငိုနဲ့”၊ “ဒီအကြောင်းမတွေးနဲ့” ဟုထပ်ကာထပ်ကာ ပြောခြင်းခံရသောကြောင့် နေသားကျလာခြင်းဖြစ်သည်။
စိုးရိမ်ပူပန်မှုနှင့်ပြည့်နေသူတစ်ဦးအတွက် လွတ်လပ်မှုသည် တခြားတစ်ဘာသာ အယူအဆကဲ့သို့ ခံစားရသည်။ သို့သော်လည်း ဘုရားသခင်၏ အဆုံးမရှိသော ကရုဏာတော်ဖြင့် ဘုရားသခင်သည် ဘဝလမ်းခရီးတလျှောက်တွင် ကျွန်ုပ်အား ချီပွေ့ပို့ဆောင်မှုများအားလုံးကို ပြန်လည်သတိရစေသည်။ သုတေသနစာတမ်း လုပ်ဆောင်နေစဥ်တစ်လျှောက်တွင် ကျွန်ုပ်ငိုခဲ့ရသည့် နွေရာသီအချိန်ကာလ၊ စာသင်ကြားမှုပြုနေစဥ် နေ့စဥ် စိုးရိမ်ပူပန်မှုတိုက်ခိုက်လာခြင်းကို ဖြတ်သန်းခဲ့ရသည့် ရသတ္တပတ်များ၊ ကျွန်ုပ်ဘဝအဆုံးသတ်သည်ထက် နှုတ်ထွက်လိုက်ပြီး အသစ်ပြန်စခြင်းက ပို၍ကောင်းသည်ဟု ဆုံးဖြတ်ချက်ချခဲ့သောနေ့ရက်၊ ကျွန်ုပ်အပေါ်ပို၍ ကြင်နာဖော်ရွေသည့် အလုပ်အသစ်ကိုရရှိကာ အခြေတကျဖြစ်ခဲ့သည့်အချိန်၊ အလွန့်အလွန် အလုပ်များခြင်းနှင့် ပေါင်းသင်းဆက်ဆံရခက်ခဲသည့် မန်နေဂျာကို ကြံ့ကြံ့ခံရှင်သန်နိုင်ခဲ့သည့် ခုနှစ် စသည်တို့ကို သတိရစေသည်။ ထို့အပြင် ကြားကာလတွင်ဖြစ်ပျက်ခဲ့သော မြောက်များစွာသော အချိန်အခါများ ရှိပါသေးသည်။
ဤခရီးစဥ်တွင် လွတ်လပ်မှုသည် တစ်ချိန်တည်းဖြစ်သောအရာ မဟုတ်ပေ။ လွတ်လပ်မှုကို ရရှိရန်ခက်ခဲပြီး သက်သာပြေလျော့မှုသည် တဒင်္ဂသာဖြစ်သော်လည်း လွတ်လပ်မှုသည် စိတ်ကူးယဥ်မှု သို့မဟုတ် ပျောက်ဆုံးသွားသောအရာတော့ မဟုတ်ပေ။ သခင်ယေရှုသည် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ကြွရောက်ကယ်တင်င်ခဲ့ပြီး အဆုံးထိတိုင် ဆက်လက်ကယ်တင်ဦးမည်ဟု ကျွန်ုပ်သိသည်။
ထို့ကြောင့် လွတ်လပ်ခြင်းသည် စိုးရိမ်ကြောက်ရွံ့ခြင်းကို ခံစားနေရသောကျွန်ုပ်အတွက် တစ်စိမ်းတစ်ရံကဲ့သို့ ဖြစ်နေသော်လည်း ချိုမြိန်နိုင်ပါသည်။
(၁) လွတ်လွတ်လပ်လပ်ငိုပြီး အရှုံးပေးလိုက်ပါ။ ဆုံးရှုံးမှုနှင့် ရှက်ကြောက်မှုကို ဝန်ခံကာ အလျှော့ပေးလိုက်ပါ။
ကျွန်ုပ်ကြီးပြင်းလာသည့်တစ်လျှောက်တွင် ငိုယိုခြင်းကို အားနည်းချက်ဟုယူဆကာ၊ လက်လျှော့နှုတ်ထွက်ခြင်းကို ပြင်းရိခြင်းဟုထင်ပြီး၊ ရှုံးနိမ့်ခြင်းကို ယှဥ်ပြိုင်နိုင်စွမ်းမရှိဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်ဘဝ အသက်တာတစ်လျှောက်တွင် မည်သူမျှမသိအောင် တစ်ယောက်တည်း ကြိတ်ငိုခဲ့သည်။ ကျွန်ုပ်အသက် (၂၀) ကျော်ကာလမတိုင်ခင်အထိတွင် ကျွန်ုပ်သည် မည်သည့်အဓိကအရာကိုမျှ လက်လျှော့နှုတ်ထွက်ခြင်း၊ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ထိုအရာကို အဆုံးသတ်နိုင်မည်ဟု အပြည့်အဝအသေအချာ မသိရှိရပါက အစမပြုတတ်သောကြောင့်ဖြစ်သည်။
သို့သော် ကျွန်ုပ်၏စိုးရိမ်ကြောက်ရွံ့စိတ်သည် အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိချိန်တွင် ကျွန်ုပ်ချက်ချင်းသိလိုက်ရသည်မှာ ငိုကြွေးခြင်းသည် ထွက်ပေါက်ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုတ်ထွက်ခြင်းနှင့် အရှုံးပေးခြင်းကို ခွင့်ပြုလိုက်ခြင်းသည် သက်သာပြေလျော့မှုကို ခံစားရစေပါသည်။
ထို့ကြောင့် ကျွန်ုပ်ငိုကြွေးသည်။ အခြားသူများ ကျွန်ုပ်အကြောင်း မည်သို့ထင်မြင်မည်ဟူသည့် ကြောက်ရွံ့စိတ်များကို ကျွန်ုပ်စွန့်လွှတ်လိုက်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏မျက်ရည်များနှင့် ကြောက်ရွံ့စိတ်များကို လက်ခံပြီး (ဆာလံ ၁၁၆:၁-၆)၊ ကျွန်ုပ်သည် ကိုယ်တော်၏ ချစ်ဖွယ်ကောင်းသော ဆက်လက်မွမ်းမံခံနေရသူ ဖြစ်သည်ကို ကိုယ်တော် ကျွန်ုပ်အား အသေအခြာသိစေပါသည်။
အခြေအနေအမျိုးမျိုးကြားတွင် စာရေးသားခြင်းအားဖြင့် ရှင်ပေါလု၏ စကားများသည် ယခုထက်တိုင် ကျွန်ုပ်ကို အလွန့်အလွန် နှစ်သိမ့်မှုပေးသည်။ “အမျိုးမျိုးသောနှောက်ယှက်ခြင်းကို ခံရသော်လည်း အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်” ၊ “ထို့ကြောင့်ငါတို့သည် အားလျှော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏” (၂ ကော ၄:၈၊ ၁၆)။ ကျွန်ုပ်အားနည်းခြင်းအားလုံးအတွက် ဘုရားသခင်သည် ကျွန်ုပ်ကို သူ၏သာလွန်ထူးကဲသော တန်ခိုးတော်ကိုပေးသည် (အခန်းငယ် ၇)။ ထို့ကြောင့် ကျွန်ုပ်လဲကျသောအချိန်တွင် ကျွန်ုပ်ခြေပေါ် ပြန်လည်ရပ်တည်နိုင်ရန် ကိုယ်တော်ပြန်ဆွဲထူ ဆောင်မတော်မူသည်။
(၂) လွတ်လွတ်လပ်လပ် ငြင်းပယ်ပါ။ မဖြစ်နိုင်သော အလုပ်ပြီးဆုံးချိန် သတ်မှတ်ချက်နှင့် တောင်းဆိုမှုများကို ဖြတ်တောက်ပစ်လိုက်ပါ။
တစ်ချိန်ပြီးတစ်ချိန်တွင် ကျွန်ုပ်သည် အရိုးကြေကြေအရည်ခမ်းခမ်း လုပ်ဆောင်မည့် လူများကိုအမှတ်တမဲ့တွေ့မိသည်။ သူတို့ပြောသည်မှာ “ငါတို့တတ်နိုင်တယ်။ ငါတို့လုပ်ရမယ်”။ ဟူ၍ဖြစ်သည်။ သူတို့မြိန်ရည်ရှက်ရည် ပြောနေသည်မှာ လှုံ့ဆော်မှုစွမ်းအား ကောင်းသော်လည်း သူတို့ဆောင်ရွက်သကဲ့သို့ ကျွန်ုပ်လုပ်ဆောင်ရန် ဆောင်ရွက်လျှက်ရှိသည့်ပုံကို မိမိကိုယ်မိမိ ပုံဖော်ကြည့်သောအခါ စိတ်သက်သာရာမရဘဲ မပျော်ရွှင်နိုင်ပါ။
လူတို့သည် လက်တွေ့မကျသော မျှော်မှန်းချက်များနှင့် အချိန်ဇယားများဖြင့် ဝင်ရောက်လာချိန်တွင် ကျွန်ုပ်၏ ကန့်သတ်ချက်များရှိသော အချိန်၊ အရင်းအမြစ်များနှင့် ကျွန်ုပ်၏ကိုယ်ခန္ဓာကို ကျွန်ုပ်လက်ခံအသိအမှတ်ပြုသောအခါ လွတ်လပ်ငြိမ်းချမ်းမှု ဝင်ရောက်လာသည်။ ကျွန်ုပ် မတတ်နိုင်သောအရာကို ကျွန်ုပ်မလုပ်ဆောင်ဘူးဟု ငြင်းပယ်သောအခါ လွတ်လပ်မှုကိုရရှိသည်။ ထို့ကြောင့် အမှန်တကယ် အရေးကြီးသောအရာကို ဟုတ်ကဲ့လုပ်ပါ့မယ် ဟုပြောကာ ဦးစားပေး စီစဥ်ဆောင်ရွက်နိုင်သည်။
ကျွန်ုပ်တို့သည် အဆုံးရှိသော၊ အကန့်အသတ်ရှိသော တစ်ကိုယ်ရည် တစ်ကာယသမားများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကန့်အသတ်မရှိသော ဘုရားသခင်၏တန်ခိုးတော်ဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင်က ဂရုပြုနေသောကြောင့်ဖြစ်ပါသည် (ဆာလံ ၇၃:၂၆)။ ကျွန်ုပ်တို့သည် လူအတွက်မဟုတ်ပဲ သခင်ဘုရားအတွက် လုပ်ဆောင်ကြသောအခါ (ကော ၃:၂၃) အခြားသူများ ကျွန်ုပ်တို့ပေါ်ထားရှိသော မျှော်မှန်းချက်များထက် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့် အလိုဆန္ဒတော်များကို ဦးစားပေးတတ်လာကြကြသည်။
(၃) လွတ်လွတ်လပ်လပ် နောက်ဆုတ်ပါ။ တစ်နေ့တာ၏နောက်ဆုံးတွင် အနားယူပါ။
ကျွန်ုပ်၏ခန္ဓာကိုယ်သည် အလုပ်လုပ်ခြင်းနှင့် စိုးရိမ်ပူပန်မှုကြောင့် ပင်ပန်းနွမ်းနယ်လာသောအခါတွင် အချက်တစ်ချက်ကို ကျွန်ုပ်သိရှိလာရသည်မှာ ကျွန်ုပ်၌ဘာမျှပေးစရာ မရှိတော့ဘူးဟူသည့် ခံစားချက်ဖြစ်သည်။ ဤကဲ့သို့ဖြစ်နေပါသော်လည်း ကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်စိတ်သည် မည်ကဲ့သို့အနားယူရမည်ကို အလိုအလျှောက် သိသည်ဟု လိုလိုလားလား ဆိုလိုနေခြင်းမျိုး မဟုတ်ပေ။
နှစ်ပေါင်းများစွာ ကျွန်ုပ်သည် ဘုရားသခင်ကို လုပ်နိုင်စွမ်းရှိရန် ခွန်အားကိုတောင်းခံခဲ့ပြီး ယခုထက်ထိတိုင် ဘုရားသခင်အား မည်ကဲ့သို့အနားယူရမည်ကို သိရှိရန် သွန်သင်ပေးပါဟု ဆုမတောင်းခဲ့ဘူးပေ။ အဘယ့်ကြောင့်ဆိုသော် အနားယူခြင်း၏ အဓိပ္ပာယ်မှာ ထိန်းချုပ်ထားမှုကို လက်လွှတ်လိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိသော်လည်း မည်သည့်အချိန်တွင် မည်သို့ရပ်တန့်ရမည်ကို သိရှိခြင်းဖြစ်သည်။
ဒေသနာဆရာ၏ မှန်ကန်တိကျသော စကားများမှာ –
လူသည်နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလန်းသောအမှု အလုံးစုံတို့၌ အဘယ်အကျိုးရှိသနည်း။ သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံးမငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ စားသောက်ခြင်းငှာလည်းကောင်း ၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း၊ လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။ ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူခံစားရသနည်း။ (ဒေ ၂:၂၂-၂၅)
ထို့ကြောင့် တစ်နေ့တာကုန်ဆုံးချိန်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏ဆောက်ရွက်ရန်စာရင်းများကို ပြန်ကြည့်သောအခါ ဖြစ်မြောက်အကောင်အထည်ပေါ်သော ပြီးစီးသွားသောအလုပ်အချို့နှင့် ဆောင်ရွက်ရန်ကျန်နေသေးသော မလုပ်ဆောင်ရသေးသည့် အလုပ်အချို့ကို အရှိကိုအရှိအတိုင်း ကျွန်ုပ်လက်ခံလိုက်သည်။ ဤသည်မှာ အဆင်ပြေပါသည်။ ဘုရားသခင်က နေ့နှင့်ညကို ဖန်ဆင်းသည်မှာ ကောင်းသည်ဟုမြင်သည်ကို ကျွန်ုပ်ကျေးဇူးတင်ပြီး၊ ကိုယ်တော်၏အနားယူခြင်းကို ဝမ်းမြောက်စွာ လက်ခံတတ်ရန် ကျွန်ုပ်ကိုကူမမည့်အကြောင်း ဆုတောင်းခဲ့သည်။
ရှင်ပေတရုဩဝါဒစာပထမစောင် ၅:၆-၇ တွင် ဆိုထားသည်မှာ –
ထို့ကြောင့်ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
သို့သော်ဤကျမ်းချက်များသည် စိုးရိမ်ကြောက်ရွံ့မှုကိုပပျောက်သွားစေမည့် မျက်လှည့် ဂါထာမန္တန်တရားများ မဟုတ်ပေ။ ထို့ထက်ပို၍ ဤကျမ်းချက်များသည် စိုးရိမ်ကြောက်ရွံ့ခြင်းနှင့် နှိမ့်ချခြင်းတို့သည် မည်ကဲ့သို့ တွဲလက်ညီလျှက်ရှိသည်ကို ဖော်ပြခြင်းအားဖြင့် အဓိက အရေးကြီးသည့်အရာကို ညွှန်ပြနေခြင်းဖြစ်သည်။
ဘုရားသခင်၏ တန်ခိုးတော်အလင်းအောက်တွင် ကျွန်ုပ်တို့၏အနေအထားကို ကျွန်ုပ်တို့သိရှိသောအခါ ရှုံးနိမ့်ခြင်း၊ အရှက်ကွဲခံရခြင်းများအတွက် စိုးရိမ်ကြောက်ရွံ့မှုများကို ဖယ်ရှားပေးရန်နှင့် ၎င်းတို့ကို နှိမ့်ချခြင်းသို့ပြောင်းလဲပေးရန် ကျွန်ုပ်တို့ကို ဘုရားသခင်အား ယုံကြည်စေပါသည်။ ကျွန်ုပ်တို့သည် မလုပ်ဘူး၊ မသွားဘူးဟု ငြင်းပယ်ခြင်းနှင့် နောက်ဆုတ်ခြင်းအားဖြင့် အရှုံးပေးခြင်း၏လွတ်လပ်မှုကို လေ့ကျင့်သင်ယူကြသည်။
စိုးရိမ်ပူပန်မှု ကြီးစိုးသည့်အချိန်တိုင်းတွင် ၎င်းအချိန်သည် ကျွန်ုပ်ဘုရားသခင်နှင့်အတူ “ယုံကြည်ခြင်း လေ့ကျင့်ခန်း”ကို လုပ်ဆောင်ရန် နှိုးဆော်ချက်ပင်ဖြစ်သည်။ ကိုယ်တော်၏အဆုံးမရှိသော ကျေးဇူးကရုဏာတော်၌ တည်မှီရန်၊ ကိုယ်တော်၏ထမ်းပိုးကိုထမ်းရန်၊ ကိုယ်တော်၏နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်နှလုံးကို သင်ယူရန်ဖြစ်ပါတော့သည် (မ ၁၁:၂၈-၃၀)။
စာရေးသူအကြောင်းသိကောင်းစရာ
ဂျိန်းလင်းသည် သူမကိုယ်သူမ ဇီဇာကြောင်သော်လည်း စာဖတ်သူတစ်ဦးအနေဖြင့် ရှေးဦးစွာ တွေးရသည်ကို နှစ်သက်သည်။ ဘွဲ့လွန်သင်တန်းကြောင့် သူမသည် စိတ်ကူးယဥ်မှ ဖြစ်ရပ်မှန်များ ရေးသူအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဤနေ့ရက်ကာလများတွင် သူမအကြိုက်ဆုံးစာပေသည် ရှင်းလင်းပြီး လွှမ်းမိုးမှုအားကောင်းကာ ဆွဲဆောင်မှုပြည့်ဝသော စာရေးသူများက ရေးသားထားသည့် ရှည်လျှားသော စာစီစာကုံးများဖြစ်သည်။ ဘဝအတက်အကျ၊ အနိမ့်အမြင့် များစွာကိုဖြတ်သန်းကာ သူမသည် နှုတ်ကပတ်တော်၏ ပြန်လည်ထိန်းသိမ်းပြုပြင်ပေးသော တန်ခိုးတော်ကို တွေ့ကြုံခံစားခဲ့ရပြီး၊ ဆက်လက် တွေ့ကြုံခံစားရနေဆဲ ဖြစ်သည်။ သူမသည် ခရစ်ယာန်စာရေးသူများ၊ ခရစ်ယာန်ပုံနှိပ်တိုက်များနှင့် အလုပ်လုပ်ဆောင်ရန် မျှော်လင့်လျှက်ရှိပြီး YMI တွင် တစ်စိတ်တစ်ဒေသပါဝင်ရသည်ကို အလွန်ကျေးဇူးတင်လျှက်ရှိသည်။