ကျွန်ုပ်သေကြောင်းကြံစည်ခြင်းအတွေးများနှင့် တိုက်ပွဲဝင်ရစဥ် ကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို ပြန်လည်ထိန်းသိမ်းပေးသော သခင်ယေရှု၏နည်းလမ်း
မူရင်းအင်္ဂလိပ်စာမူ ။ ။ HOW JESUS RESTORED MY JOY WHILE I BATTLED SUICIDAL THOUGHTS
စာရေးသူ ။ ။ Jacq So (ဂျက်ဆို)
ဤခေါင်းစဥ်တွင် သေကြောင်းကြံစည်ခြင်းကို ရည်ညွှန်းချက်များ ပါဝင်ပြီး စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ အကယ်၍ သင်သို့မဟုတ် တစ်စုံတစ်ယောက်သည် အကူအညီလိုအပ်သည်ဟု သိရှိရပါက ဒေသဆိုင်ရာ အသက်ကယ်ဆယ်ရေးဌာနသို့ အကူအညီတောင်းခံပါ။
ငါဒီမှာ မရှိသင့်ဘူး။
အကယ်၍ သခင်ယေရှုခရစ်တော်မရှိသော ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အသက်ရှင်နေရပါက ကမ္ဘာ့ဆယ်ကျော်သက်များ သေကြောင်းကြံစည်သည့်စာရင်းတွင် ကျွန်ုပ်သည် နောက်ထပ်ပါဝင်သူတစ်ဦးသာ ဖြစ်သွားလိမ့်မည်။ သူ၌ဒုက္ခလုံလောက်ပြီး အားလုံးကိုအဆုံးသတ်ရန် တစ်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့သော တိတ်တဆိတ် ဒုက္ခခံစား ပေးဆပ်နေရသူတစ်ဦးပင် ဖြစ်ပေလိမ့်မည်။
အသက်ငယ်ရွယ်သည့်အချိန်မှစ၍ ကျွန်ုပ်တို့အိမ်ထောင်မိသားစုသည် ခံစားမှုပိုင်းဆိုင်ရာတွင် လုံခြုံမှုပေးနိုင်သော အိမ်ထောင်မဟုတ်ကြောင်း ကျွန်ုပ်နားလည်ခဲ့သည်။ ကျွန်ုပ်၏မိဘများသည် မကြာခဏ အချင်းပွားကြပြီး သူတို့ရန်ဖြစ်သည့်အချိန်တိုင်းတွင် ကျွန်ုပ်၏မိခင်သည် အိမ်မှယာယီ ထွက်ခွာသွားလျှက်ရှိသည်မှာ သူမ၏လုပ်ရိုးလုပ်စဥ်ပင်ဖြစ်သည်။ ကျွန်ုပ်၏မိခင်သည် သူမ၏ ခက်ခဲကြပ်တည်းသော အိမ်ထောင်ရေးနှင့်ပတ်သက်၍ အာပေါင်အာရင်းသန်သန်ဖြင့် တပြစ်တောက်တောက်ပြောကာ ကျွန်ုပ်၏အစ်ကိုနှင့် ကျွန်ုပ်ကို ကျွန်ုပ်တို့၏အဘိုးအဘွားများထံသို့ ခတ္တခေါ်ဆောင်သွားလေ့ရှိသည်။
မိဘများ ပြန်လည်ပြေလည်သွားသည့်အခါတွင် ကျွန်ုပ်တို့အိမ်သို့ပြန်ကြသည်။ သိပ်မကြာပါ။ နောက်တစ်ဖန် ရန်ဖြစ်ကြပြီး အိမ်မှထပ်မံထွက်ခွာကြရပြီး ပြန်လည်သင့်မြတ်ကာ အိမ်သို့ပြန်ရောက်လာကြသည်။ ဤသံသယာ အဖန်ဖန်လည်နေသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ကျွန်ုပ်၏အခန်းဂဏ္ဏမှာ လူတိုင်းကို အောက်ခြေမှပင့်တင်ထားရသော ဒေါက်တိုင်ဖြစ်သည်ဟု မိမိကိုယ်မိမိ အခိုင်အမာယုံကြည်လာခဲ့သည်။ ကျွန်ုပ်ဤအရာနှင့်ပတ်သက်၍ ဝမ်းမနည်းနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်းနည်းသူများ လုံလောက်စွာရှိသွားကြခြင်းကြောင့် ဖြစ်သည်။
အရာရာကို အဆုံးသတ်ရန် သွေးဆောင်ဖျားယောင်းခြင်း
ကျွန်ုပ်ကောလိပ်ကျောင်း ဒုတိယနှစ်တွင်ဖြစ်သည်။ ကျွန်ုပ်၏မိဘများသည် နောက်တစ်ဖန် “စစ်အေးစစ်ပွဲ”ကို ဆင်နွှဲလျှက်ရှိသည်။ အဓိပ္ပာယ်မှာ လပေါင်းများစွာ တစ်ဦးနှင့်တစ်ဦး စကားမပြောကြခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်ကိုမိဘသဖွယ်အုပ်ထိန်းသည့် အဖွားသည် အယ်ဇိုင်းမား (မေ့ပျောက်ခြင်းရောဂါ) ခံစားရနေပြီး အနည်းဆုံး တစ်နေ့ကို တစ်ကြိမ် ဒေါသူပုန်ထကာ ဝုန်းဒိုင်းကြဲတတ်သည်။ ထိုအချိန်တွင် သူမသည် ကျွန်ုပ်တို့နှင့်အတူ နေထိုင်လျက်ရှိသည်။
ကျွန်ုပ်သည် ယေဘုယျအားဖြင့် စိတ်ရှည်သောသူဖြစ်သော်လည်း တချို့သောအခြေအနေတွင် အသေးအမွှားဆုံးသော ရန်စမှုကိုပင် အကြီးအကျယ်ပေါက်ကွဲတတ်ပြီး ထိုအချိန်တွင် ကြုံတွေ့ခံစားရသော စိတ်အနှောက်အယှက်များနှင့် ပတ်သက်သည့်အကြောင်းကို ကျွန်ုပ်၏ မိတ်ဆွေများနှင့် အတန်းဖော်များအား အာပေါင်အာရင်းသန်သန်ဖြင့် တပြစ်တောက်တောက် ပြောနေမိတော့သည်။ အိမ်မှာတွင်တော့ ချွင်းချက်ဖြစ်သည်။ အိမ်တွင် ဒေါသူပုန်မထနိုင်ပေ။
တစ်နေ့တွင် ကျွန်ုပ်၏ဖခင်သည် မနက်စာစားရန် ကျွန်ုပ်ကိုထိုင်ခိုင်းပြီး ကျွန်ုပ်၏ဖခင်နှင့်မိခင်သာ အတူတကွ အိမ်တွင်ရှိနေသင့်ပါသလား ဆိုသည်နှင့်ပတ်သက်၍ “အတတ်ပညာနှင့်ဆိုင်သော အမြင်”ကို ကျွန်ုပ်အားမေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် စိတ်ပညာကို အထူးပြုယူထားသော ကျောင်းသူတစ်ဦးဖြစ်သောကြောင့်ပင်။ ထိုအချက်သည် လွဲမှားမှုဖြစ်သည့်အတွက် မိဘများ မိမိဘာသာဆုံးဖြတ်ချက်ချသင့်ကြောင်း ကျွန်ုပ်အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ပြောခဲ့သည်။ ထိုကဲ့သို့ အပြန်အလှန် စကားပြောခဲ့ပြီးနောက် မကြာမီတွင် ကျွန်ုပ်၏အထဲ၌ တစ်စုံတစ်ရာသည် မာကြောကြွပ်ဆတ်လာခဲ့သည်။
အရာရာသည် မည်သို့တိုးတက်လာကြောင်း ကျွန်ုပ်မမှတ်မိတော့ပေ။ ပျော်ရွှင်ခြင်းဆိုသည့် အရာသည် မည်သည့်အရာနှင့်တူကြောင်း ကျွန်ုပ်မမှတ်မိတော့ပေ။ မိတ်ဆွေကောင်းများနှင့် အပြင်ထွက်သော်လည်း ကျွန်ုပ်မပျော်ရွှင်ခဲ့ပေ။ အိမ်သို့ပြန်ရောက်လျှင် အိပ်ရာထဲတွင် တစ်နာရီ သို့မဟုတ် ထို့ထက်ပို၍ကြာအောင် စောင်ခြုံကာ မျက်နှာကြက်ကို ငေးကြည့်နေပြီး ကျွန်ုပ်နောက်တာဝန်တစ်ခု လုပ်ဆောင်ရန် ကျွန်ုပ်ကိုလာမခေါ်ခင်အထိ ထိုကဲ့သို့နေနေမိသည်။
ပထမဦးဆုံးအကြိမ် မိမိကိုယ်ကိုသေကြောင်းကြံစည်သည့် အချိန်သည် ကျောင်းမှအိမ်သို့ ပြန်လာသည့် တစ်နေ့တွင်ဖြစ်သည်။ ကျွန်ုပ်၏အဖွားသည် သူမ၏ကျန်းမာရေး ကောင်းမွန်သင့်လျော်ကာ အခြေတကျဖြစ်ပြီးနောက်တွင် အိမ်သည် တတ်ဆိတ်လျှက်ရှိပြီး ကျွန်ုပ်သည် သရေစာစားရန်အတွက် မီးဖိုချောင်ထဲသို့ လျှောက်သွားခဲ့သည်။ ကျွန်ုပ်ကော်ဖီဖျော်ရန် ဇွန်းကိုအံဆွဲထဲတွင် ရှာသောအခါ ဓားများကိုတွေ့သည်။
ထိုနေ့တွင် မည်သည့်အမှုကိုမျှမပြုပဲ ကျွန်ုပ်အံဆွဲကို ပိတ်လိုက်သည်။ သို့သော်လည်း ထိုအတွေးသည် ကျွန်ုပ်၏စိတ်ထဲတွင် ပြန်ပေါ်လာနေခဲ့သည်။
ကျွန်ုပ်၏စိတ်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှမသိပေ။ ကျွန်ုပ်ဘုရားကျောင်းသို့ သွားမြဲသွားခဲ့သည်။ ကျွန်ုပ်၏မိဘများက ကျွန်ုပ်ဘုရားကျောင်းပုံမှန် တက်ရောက်သည်ကို သိသည့်အတွက် ကျွန်ုပ်၏စိတ်ထဲတွင် မကျန်းမမာ တစ်စုံတစ်ရာ ဖြစ်နေကြောင်း သူတို့အား မသိစေချင်ပေ။ သို့သော် ကျွန်ုပ်သည် အသင်းတော်၏ လှုပ်ရှားလုပ်ဆောင်မှုများဖြစ်သော တပည့်တော်ဖြစ်ခြင်းအဖွဲ့၊ သမ္မာကျမ်းစာ လေ့လာခြင်းနှင့် မိတ်သဟာရဖွဲ့ခြင်းများမှ နှုတ်ထွက်ခဲ့ပြီးဖြစ်သည်။ အသင်းတော်တွင် ဒေသနာတော်ကို နားထောင်ရန် ပုံမှန်သွားရောက်ပြီး ဝတ်ပြုခြင်းပြီးပါက မနက်စာစားရန် တစ်နေရာရာသို့ များသောအားဖြင့် တစ်ယောက်တည်း သွားလေ့ရှိသည်။
ဝမ်းမြောက်ခြင်းရရန်အတွက် ရင်ဆိုင်တိုက်ခိုက်ရန် သင်ယူခြင်း
ကျွန်ုပ်အလျှော့ပေးနေသော်လည်း သခင်ယေရှုသည် အစအဆုံးမရှိသော ကရုဏာတော်ဖြင့် ကျွန်ုပ်ကိုကယ်တင်နေဆဲဖြစ်သည်။ ကျွန်ုပ်မိမိကိုယ်ကို သေကြောင်းကြံသည့် အချိန်တိုင်းတွင် ကျွန်ုပ်အဘယ့်ကြောင့် ဤသို့ မလုပ်သင့်ကြောင်း အကြောင်းပြချက်မျိုးစုံ ကျွန်ုပ်၏စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းအကြောင်းပြချက်များသည် ကလေးကလားဆန်သော “ဒီလိုလုပ်လိုက်လို့ရှိရင် ဘယ်လောက်အထိ ရှုပ်ထွေးသွားမလဲ စဥ်းစားကြည့်“ ဟူသည့်အတွေးမှအစ ပိုမိုလေးနက်သော အတွေးအထိဖြစ်သည့် “မင်းအမေကိုငဲ့ညှာပြီး အခုဒီလိုမလုပ်နဲ့” ဟူသောအတွေးအထိ အတွေးပေါင်းများစွာ အစီအရီပေါ်လာသည်။
ကျွန်ုပ်သည် ကုသမှု သို့မဟုတ် ဆွေးနွေးအကြံပေးမှုကို အသည်းအသန်လိုအပ်နေကြောင်းကို သိသည်။ သို့သော် ကျွန်ုပ်၏ပြဿာနာများကို ဖွင့်ပြောရန် အသင့်မဖြစ်သေးပေ။ စိတ်ပညာဘာသာရပ်ကို အထူးပြုယူထားသော်လည်း ကျွန်ုပ်သည် စိတ်ကျန်းမာရေးပြဿာနာများ၏ မြင်သာထင်သာရှိသော လက္ခဏာကို စီမံထိန်းချုပ်နေဆဲဖြစ်သည်။ အကြောင်းရင်းမှာ ကျွန်ုပ်ရူးမိုက်သောသူတစ်ဦး မဖြစ်လိုပေ။ ကျွန်ုပ်အတန်းထဲတွင် သင်ယူခဲ့ရသောအရာများဖြင့် မိမိကိုယ်မိမိ ကုသရန် ကျွန်ုပ်ကြိုးစားဆောင်ရွက်သော်လည်း ကိုယ်ပိုင်ပြဿာနာကို ကျွန်ုပ်ကိုယ်တိုင်ဖြေရှင်းရန် ကြိုးစားမှုသည် မလုံလောက်ပေ။
တနင်္ဂနွေနေ့တစ်ရက်တွင် ကျွန်ုပ်တို့၏အသင်းတော်က ဝတ်ပြုစည်းဝေးခြင်းပြီးဆုံးပါက စာအုပ်ရောင်းပွဲတစ်ခုရှိကြောင်း ကြေငြာခဲ့သည်။ ကျွန်ုပ်စိတ်ဓါတ်ကျနေသောကြောင့်၊ ကျွန်ုပ်သည်စာဂျပိုးဖြစ်နေသောကြောင့် ဤအခွင့်အရေးကို အရယူခဲ့သည်။ ကျွန်ုပ်သည်စာအုပ်များကို အကြမ်းဖျင်းလှန်လှောဖတ်ရှုခဲ့ပြီး John Piper (ဂျွန်ပိုက်ပါ) ရေးသားသော “When You Don’t Desire God: How to Fight for Joy” (သင် ဘုရားသခင်ကို အလိုမရှိခြင်း – ဝမ်းမြောက်ခြင်းကိုရရှိရန် ရင်ဆိုင်တိုက်ခိုက်သည့်နည်းလမ်း) စာအုပ်ကို ဝယ်ယူခဲ့သည်။
၎င်းသည် ဝမ်းမြောက်ခြင်းကို တိုက်ခိုက်၍ရယူရနိုင်သော တစ်စုံတစ်ရာအဖြစ် တင်ပြလာခြင်းကို ကျွန်ုပ်ပထမဦးဆုံးသိရှိရခြင်းဖြစ်သည်။ ယခင်က ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်ထံသို့ သဘာဝကျကျ ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုတွင်မူ ဝမ်းမြောက်ခြင်းကို မည်သည့်နေရာတွင်မှ ကျွန်ုပ်ရှာဖွေ၍မရနိုင်ပေ။ ၎င်းသည် ဖြစ်နိုင်ပါသည်။
စာအုပ်ကိုဖတ်ရှုခြင်းသည် နှေးကွေးသောဖြစ်စဥ်ဖြစ်ပြီး နောက်တဖြည်းဖြည်းနှင့် ပြန်လည်ကောင်းမွန်ရာ လမ်းကြောင်းစတင်ပွင့်ခဲ့သည်။ ကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ပြန်လည်ဆင်ခြင်ဖတ်ရှုသောအခါ ရှင်ပေတရုဩဝါဒစာပထမစောင်ကို ဆင်ခြင်မှတ်သားရန် လှုံ့ဆော်ခြင်းခံရသည်။ တစ်သီးတစ်သန့်အနေဖြင့် ကျမ်း၏အဖွင့်ရေးသားမှုသည် ကျွန်ုပ်အတွက် ထိထိမိမိရှိလှသည်။
“အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သောကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။ အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။” (၁ ပေ ၁:၃-၇)
နှုတ်ကပတ်တော်ကို တစ်သမတ်တည်းအစဥ် ကျက်မှတ်လေ့လာကာ တရားအားထုတ်ခြင်းသည် ကျွန်ုပ်မိမိကိုယ်မိမိ သေကြောင်းကြံစည်သည့် အတွေးများကို တဖြည်းဖြည်းဖယ်ရှားပေးပြီး ထိုအတွေးများအစား ဘုရားသခင်၏ သမ္မာတရားက နေရာယူလာသည်။ ထို့အပြင် ဘုရားသခင်ရည်ရွယ်သော “အဆုံး”သည် မည်သည့်အရာဖြစ်ကြောင်း ကျွန်ုပ်အား သတိပေးလျှက်ရှိသည်။ ယနေ့ထိတိုင် ဆက်လက်အသက်ရှင်ရန် ကျွန်ုပ်ကိုတွန်းအားပို့နေသော ရိုးသားပြီး၊ တိကျကာ၊ စိတ်နှလုံးသားကိုဖွင့်ဟသော ဆုတောင်းချက်ကို ကျွန်ုပ်ပြန်လည်တွေ့ရှိခဲ့သည်။
အတောမသတ်နိုင်အောင် တိုးတတ်လာသည့် စိတ်ဓတ်ကျဆင်းမှု သုံးနှစ်ပြီးနောက်တွင် ကျွန်ုပ်သည် ကျွန်ုပ်တစ်စုံတစ်ရာကို ပြန်လည်သတိရလာပြီး သူငယ်ချင်းမိတ်ဆွေ၏အိမ်သို့ အလာပသလာပပြော၍ အချိန်ကုန်ရန် အိမ်မှထွက်လာခဲ့သည်။ နောက်ဆုံးတွင် ကျွန်ုပ်သည် မည်ကဲ့သို့ပျော်ရွှင်ရမည်ကို ထပ်မံသတိရလာခြင်းကြောင့် ဖြစ်ပါတော့သည်။
အခြားသူများကိုနှစ်သိမ့်ရန် တန်ဆာဆင်ခံရခြင်း
ကျွန်ုပ်စိတ်ဓါတ်မကျခင်က ပုဂ္ဂိုလ်အတိုင်း ပြန်ဖြစ်သွားသည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သည်။ ယခုတွင် အပျက်သဘောဆောင်သော ခံစားချက်များ ပို၍လိုလိုလားလား အသင့်ရှိနေသည်ကို ကျွန်ုပ်သတိထားမိသောအခါ ကျွန်ုပ်အရင်က ပြုနေကျနည်းလမ်းအတိုင်းမပြုပဲ ၎င်းတို့သည် မကျန်းမာသည့် နည်းလမ်းအဖြစ်ခံယူကာ ထည့်သွင်းစဥ်းစားခြင်း မပြုတော့ပေ။ ကျွန်ုပ်သည် ထိုခံစားချက်များကို စိတ်နှလုံးထဲတွင် တစ်ဝဲလည်လည် ရှိမနေစေဘဲ ထိုအစား ထိုခံစားရသောအရာကို ဘုရားသခင်ထံတော်သို့ ဆုတောင်းဆက်ကပ်အပ်နှံလိုက်သည်။
ပညာရှိ၍ ယုံကြည်စိတ်ချရသော ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ကုသမှုခံယူခြင်းအားဖြင့် ကျွန်ုပ်ခံစားနေရသောရောဂါ ဝေဒနာကို ဆက်လက်၍သက်သာ ပျောက်ကင်းစေရန် သခင်ဘုရား တံခါးဖွင့်ပေးခဲ့သည်။ ကျွန်ုပ်၏ပြဿာနာများကို ပြောပြရာတွင် သက်တောင့်သက်သာရှိကြောင်း ကျွန်ုပ်သိရှိလာသည်။ ကျွန်ုပ်မိသားစု၏ အခြေအနေသည် ပြောင်းလဲခြင်းသိပ်မရှိသော်လည်း ဘုရားသခင်သည် သူ၏သစ္စာရှိမှုကို ကျွန်ုပ်အားသတိပေးပြီး ကျွန်ုပ်ကိုဆက်လက်တည်ရှိနေစေရန် ထိန်းသိမ်းထားကာ ကျွန်ုပ်၏မိသားစုအတွက် ဆုတောင်းပေးရာတွင် ဇွဲလုံလဝီရိယရှိရန် ကျွန်ုပ်အားပြောင်းလဲပေးခဲ့သည်။ အကယ်၍ ကျွန်ုပ် သူတို့အားဆုမတောင်းပေးနိုင်ပါက ကျွန်ုပ်နှင့်အတူ အခြားသူများကို သူတို့အတွက်ဆုတောင်းပေးရန် ကျွန်ုပ်အား ကိုယ်တော်ပြောင်းလဲပေးလျှက်ရှိပါသည်။
ကျွန်ုပ်သည် အသင်းတော်အစီအစဥ်ထဲတွင် အပြည့်အဝ ပြန်လည်ပါဝင်ခဲ့သည်။ ကျွန်ုပ်ကဲ့သို့ ရုန်းကန်နေရသောသူများကို သနားကရုဏာထားသည့် စိတ်ထားကို ဘုရားသခင် ကျွန်ုပ်အားပေးထားပြီး ကျွန်ုပ်ကို ကိုယ်တော်နှစ်သိမ့်ပေးသကဲ့သို့ အခြားသူများကိုလည်း နှစ်သိမ့်နိုင်ရန် ကျွန်ုပ်ကို တန်ဆာဆင်ပေးထားသည် (၂ ကော ၁:၃-၄)။
ခံစားရနေကျဖြစ်သော စိတ်ဓတ်ကျခြင်း၏ထုံထိုင်းမှုများ တစ်ခါတစ်ရံ ကျွန်ုပ်ထံ တွားသွားတတ် လာတတ်သော်လည်း ဘုရားသခင်၏ ကရုဏာတော်အားဖြင့် ၎င်းတို့သည် ကျွန်ုပ်ကို မချုပ်ကိုင်ထားနိုင်တော့ပေ။ ကိုယ်တော်၏နှုတ်ကပတ်တော်မှ ပြောထားသည့်အတိုင်း “ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်” (၁ ပေ ၅:၁၀-၁၁)ဟု ကိုယ်တော်သည် ဆက်လက်၍ အမှန်အကန်ပင် တည်ရှိတော်မူ၏။
စာရေးသူအကြောင်းသိကောင်းစရာ
ဂျက်၏အဓိကအခရာမှာ ကော်ဖီနှင့်လူထုရေးရာဖြစ်ပြီး စီးပွားရေးအဖြစ် ဝင်ငွေရရှိစေရန် စာပေ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွင် ဂျာနယ်ဇင်းသမားတစ်ဦးအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ သူမသည် ထူးခြားသော ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး မျက်လှည့်ပညာ၊ နပန်းသတ်ပွဲနှင့်၊ ရောခ့်ဂီတကို နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်ကာ စိတ်ကူးယဥ်ဇတ်လမ်းများစွာကို ရေးသား၍ လူမှုပြန်ကြားဆက်သွယ်ရေးကို ရှိတ်စပီးယားကဲ့သို့ ခွဲခြမ်းစိစစ်သူတစ်ဦးဖြစ်သည်။ ကောလိပ်ကျောင်းသူတစ်ဦးအဖြစ် သူမ၏အသက်တာကို ဘုရားသခင် ကယ်တင်ခဲ့ပြီး သူမသည် ကိုယ်တေ့ာ်ထံ ဆုတောင်းခြင်းအားဖြင့် ဆက်သွယ်ပြောဆိုရန် နှစ်သက်မြတ်နိုးသည်။ သူမ၏နေ့စဥ်ပန်းတိုင်မှာ သူမကြည့်လေရာရာတွင်၊ မြင်လေသမျှတွင် ဘုရားသခင်၏ ကူညီမစမှုကို ရှာဖွေခြင်းအားဖြင့် ဘုရားသခင်၏တည်ရှိမှုကို လက်တွေ့ကျကျ ဖော်ဆောင်ရန်ဖြစ်သည်။