သဘာဝကပ်ဘေးအလွန် (စူနာမီကပ်ဘေးအလွန်)

“ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခရစ်ယာန်များက မည်သို့တုံ့ပြန်ရမည်ကို သမ္မာကျမ်းစာဖြင့် ဆင်ခြင်ခြင်း”

ဤစာစောင်ကိုရေးသားသူ ဆရာကြီး Ajith Fernando သည် သမ္မာကျမ်းစာသင်ကြားပို့ချသူ ဆရာတစ်ပါးဖြစ်ပြီး လူအများ၏ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ “သီရိလင်္ကာနိုင်ငံ ခရစ်တော်အတွက်လူငယ်အဖွဲ့” ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး Our Daily Bread Ministries ၏ ဒေသန္တရသာသနာ့လုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်အစေခံနေ၏။

Ajith သည် သီရိလင်္ကာကျွန်းနိုင်ငံကို ချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်သည်။ ထိုကျွန်းကို “စူနာမီ” ဟုခေါ်သည့် ဧရာမလှိုင်းလုံးကြီးများက ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရက်စက်စွာ ရိုက်ခတ်ဖျက်ဆီးသွားခဲ့သည်။ ဤစာအုပ်ပါအကြောင်းအရာများမှာ ထိုကပ်ဘေးကြီးခံရပြီးနောက် စူနာမီကို တုံ့ပြန်သောသဘောနှင့် ရေးသားခဲ့သည့် Ajith ၏ ခံစားချက်များဖြစ်သည်။