မတ်လခေါင်းစဥ် | ဧဝံဂေလိတရား ဝေမျှခြင်း

ကျွန်ုပ်တို့၏ဘုရားကျောင်းဆောက်လုပ်ခြင်း စီမံကိန်းတွင် ဂျက်သည် စကားပြောကြမ်းသည့် ပိုက်ပြင်သမားဖြစ်သည်။ သူ့အတွက် ကျွန်ုပ် ဆုတောင်းပေးနေကြောင်း သူသိပြီးနောက် ရံဖန်ရံခါ၌ သူ့မိတ်ဆွေများအတွက်ပါ ဆုတောင်းပေးရန် ပြောလာသည်။ ဂျက်ကို အထံတော်ပါးသို့ဆွဲခေါ်ကာ ကယ်တင်ရန် ဘုရားရှင်ထံ (၇) နှစ်တာမျှ ကျွန်ုပ်နေ့စဉ် ဆုတောင်းခဲ့သည်။

တစ်ခုသော စနေနေ့မနက်ပိုင်း၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ဝတ်ပြုနေစဉ် ကျွန်ုပ်တို့အသင်းတော်သို့ လူများများရောက်လာရန် လိုသည်ဟု စိတ်၌ခံစားရပြီး “ဘုရားရှင်၊ လူတစ်ဦးကို ပို့ဆောင်ပေးပါ”ဟု ရိုးရိုးလေး ဆုတောင်းခဲ့သည်။ ထိုနေ့နေ့လည်ပိုင်း၌ ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ ဂျက်ဖြစ်နေသည်။ “ကျွန်တော်အခု ပန်ကရိယ ကင်ဆာဖြစ်နေတယ်။ သေခြင်းတရားကိုရင်ဆိုင်ဖို့ ကျွန်တော်အဆင်သင့် မဖြစ်သေးဘူး”ဟု သူဆိုသည်။ သို့နှင့် တွေ့ဆုံရန်ချိန်းဆိုလိုက်ပြီး အခြားသူများလည်း သူ့အတွက် ဆုတောင်းပေးခြင်းကို သူခွင့်ပြုခဲ့သည်။ ထိုနောက် တနင်္ဂနွေညပိုင်း အသင်းတော်၏ ဆုတောင်းစည်းဝေးတွင် ဂျက်ရောဂါပျောက်ကင်းရန်နှင့် သူ၏ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ဆုတောင်းပေးကြသည်။ နောက်တစ်ပတ်တွင် ဂျက်သည် သခင်ယေရှုကို သူ၏ကယ်တင်ရှင်နှင့် သခင်အဖြစ် လက်ခံ ယုံကြည်ခဲ့ပြီး ထိုအပတ်တနင်္ဂနွေနေ့၌ ဂျက်သည် ဗတ္တိဇံ(နှစ်ခြင်းမင်္ဂလာ) ခံယူခဲ့သည်။

ဆုတောင်းခြင်းသည် အမှုအရာများဖြစ်ပျက်လာအောင် လုပ်ဆောင်နိုင်သည့် ဘုရားသခင်၏အစွမ်းတန်ခိုးကို အလေးအနက်ပြု မျက်မှောက်ပြုသည်။ ခရစ်တော်ထံသို့ သူတစ်ပါးတို့ ရောက်လာအောင် ကျွန်ုပ်တို့ အတင်းအကြပ်တွန်းပို့၍ မရကြောင်း နှိမ့်ချမှုဖြင့် ဝန်ခံသောအခါ၊ ကျွန်ုပ်တို့ဘယ်သောအခါမှ မလုပ်ဆောင်နိုင်သည့်အမှုကို ဘုရားရှင် ပြီးစီးစေပါမည့်အကြောင်း ကိုယ်တော်အား အခွင့်ပေးခြင်းဖြစ်သည်။ တစ်ပါးသူတို့ကို အထံတော်သို့ဆွဲခေါ်ရန် ဘုရားသခင်၏ဝိညာဉ်တော်အား ဆုတောင်းသောအခါ ကိုယ်တော်၏တန်ခိုးတော်ကို ဖိတ်ခေါ်ခြင်းဖြစ်သည်။

ဆုတောင်းခြင်းသည် အမှုအရာများဖြစ်ပျက်လာအောင် လုပ်ဆောင်နိုင်သည့် ဘုရားသခင်၏အစွမ်းတန်ခိုးကို အလေးအနက်ပြု မျက်မှောက်ပြုသည်။

သခင်ယေရှုအားဖြင့်ဖြစ်သော ဘုရားသခင်၏ သနားခြင်းကရုဏာကြောင့် “ရဲရင့်သောစိတ်နှင့် (ဘုရားသခင်၏)ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်”နိုင်ပြီး (ဟေဗြဲ ၄:၁၆)၊ အပြစ်အမှောင်၌ ပျောက်ဆုံးလျက် ကိုယ်တော်နှင့် ထာဝရကွဲကွာနေရသူများအတွက် သနားခြင်းကရုဏာပြပါရန် တောင်းလျှောက်နိုင်ပါသည်။ ထို့အပြင် အခြားသူများအား ဆုတောင်းပေးခြင်း၊ ချစ်မေတ္တာပြခြင်းဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေကြောင်း (ရော ၈:၃၄) ကျွန်ုပ်တို့ စိတ်ချထားနိုင်ပါသည်။

James Banks ရေးသားသော PRAY FIRST: THE POWER OF PRAYER IN SHARING THE GOSPEL, © OUR DAILY BREAD MINISTRIES စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်