ဧပြီလခေါင်းစဥ် | နိုင်ငံသားဖြစ်ခြင်း
ငါတို့ကျင့်သောအကျင့်မူကား ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ – ဖိလိပ္ပိသြဝါဒစာ ၃:၂၀
သခင်ယေရှု၏နောက်တော်လိုက်များသည် လောကကမ္ဘာနှစ်ခု၏နိုင်ငံသားများဖြစ်သည်။ ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် “ကောင်းကင်ဘုံနှင့် စပ်ဆိုင်”ကြပြီး ယခုတွင်မူ ဤလောကနှင့်စပ်ဆိုင်သူများ ဖြစ်သည်။ သို့သော် ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်ခြင်းကြောင့် ဤလောက၏တာဝန်ဝတ္တရားများ မထမ်းဆောင်အောင် အဟန့်အတား မဖြစ်ရပါ။ ဤလောက၌ ကျွန်ုပ်တို့ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်မှုကို မည်သို့ဖော်ပြအသက်ရှင်မည်နည်း။
ခေါင်းဆောင်များအတွက် ဆုတောင်းပေးခြင်း – “ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကို ပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်း ပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။” (၁ တိ ၂:၁-၂)
အုပ်ချုပ်သူမင်းအာဏာပိုင်များကိုဝန်ခံခြင်း – “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်း ကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင်၊ မင်း အာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။” (ရော ၁၃:၁)
ကဲသာနှင့်ဆိုင်သောအရာကို ကဲသာအားပေးပါ – “ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။” (မ ၂၂:၂၁)
အသရေတင့်တယ်သော အသက်တာဖြင့် ဘဝရှင်သန်ပါ – “ခပ်သိမ်းသောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။” (၁ ပေ ၂:၁၇)
သခင်ယေရှု၏နောက်တော်လိုက်များသည် လောကကမ္ဘာနှစ်ခု၏နိုင်ငံသားများဖြစ်သည်။
ဆင်းရဲသားများကို စောင့်မခြင်း၊ အားနည်းသူကို မစခြင်း၊ ဖိနှိပ်ခံရသူအတွက် တရား မျှတမှုကို တောင်းဆိုခြင်းစသည့် သခင့်စိတ်နှလုံးကို ကိုယ်စားပြုဖော်ပြသည့် အမှုအရာများ ကြောင့် မိမိနေထိုင်သည့်နိုင်ငံ၌ သခင်ယေရှုကဲ့သို့ အသက်ရှင်ရန်မှာ စိန်ခေါ်မှုဖြစ်သည်။
သို့သော် တစ်မူထူး၍ အောင်မြင်စေသည့်အရည်အသွေးတစ်ရပ်သာလိုသည်။ ဣသရေလဘာသာရေးခေါင်းဆောင်များ၏ ခြိမ်းခြောက်မှုကို ခံရသောအခါ ရှင်ပေတရုက “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏” (တ ၅:၂၉)ဟု အမြော်အမြင်နှင့် တုံ့ပြန်ခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် သူ့နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းက ကျွန်ုပ်တို့၏ပထမဉီးစားပေးဖြစ်သည်။
BILL CROWDER၊ နေ့စဉ်ခွန်အားစာရေးသူ