ဇူလိုင်လခေါင်းစဥ် | ဂုဏ်ပြုပွဲဆင်နွဲခြင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာက မြို့တစ်မြို့၌ နံစော်နေသည့် အမှိုက်ပုံကြီးများက ဧရိယာ ကြီးမားစွာ ရာနှင့်ချီရှိနေပြီး၊ ကျန်းမာရေးနှင့် မညီညွတ်မှုကို မြို့ခံလူထုက သတိပြုအာရုံစိုက်မိသဖြင့် ဖိအားပြင်း အနံ့အသက်ပျောက်ဆေးဖြန်းစက် အလုံး (၁၀၀)ကို တပ်ဆင်အသုံးပြု ခဲ့သည်။ ဆေးဖြန်းစက်မှ တစ်မိနစ်လျှင် ပေ (၁၆၀)ကျော် အကွာအဝေးနှုန်းဖြင့် ပုပ်သိုးနံစော်သော အမှိုက်ပုံကြီးကို အမွှေးရနံ့များဖြင့် ရွှဲစိုသွားအောင် ပက်ဖြန်းပေးခဲ့သည်။ အနံ့အသက်ပျောက်ဆေး မည်မျှပင် ပက်ဖြန်းသော်လည်း ထိုပြဿနာကို အရှင်း မဖြေရှင်းနိုင်ခဲ့ပါ။

အနံ့အသက်ပျောက်ဆေးဖြန်းစက်ကို အသုံးပြုသကဲ့သို့ ဒါဝိဒ်မင်းသည် သူ့အပြစ်အနံ့ဆိုးကြီးကို ဖုံးကွယ်ဖယ်ရှားရန် ကြိုးစားခဲ့ပါသည်။ ဗာသရှေဘနှင့် ဖောက်ပြန်မှားယွင်းပြီး သူမ၏ခင်ပွန်းကို သေကြောင်းကြံစည်ခဲ့ပြီးနောက် (၂ ရာ ၁၁:၁-၁၇)၊ ဒါဝိဒ်သည် ရေငုံနှုတ်ဆိတ်နေခြင်း၊ လှည့်စားခြင်း၊ သူ့လုပ်ရပ်ကို ဖုံးကွယ်ရန် အပြင်ပန်း ဘုရားတရားကြည်ညိုခြင်း စသည့် “အနံ့ပျောက်ဆေး”ကို သုံးခဲ့သည်။ သို့သော် အပြစ်ရှိခြင်းအသိကို မလွန်ဆန်နိုင်ဘဲ၊ ဘုရားသခင်၏စီရင်ခြင်းမှ နာကျင်ခြင်းကို မခံစားနိုင်ဘဲ နောက်ဆုံး၌ သနားကရုဏာနှင့် စိတ်ဝိညာဉ်ကိုသန့်စင်ပေးရန် ဘုရားသခင်ထံ သူတောင်းလျှောက်ရတော့သည်။ “အိုဘုရားသခင်၊ … အကျွန်ုပ်ကို သနားတော်မူပါ။ … ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ” ဟု တောင်းလျှောက်ခဲ့သည် (ဆာ ၅၁:၁၊ ၄)။

ဘုရားသခင်၏ရှေ့မှောက်၌ ဒါဝိဒ် သူ့အပြစ်ကို ဖွင့်ပြခဲ့သည်။ သိမှတ်ဝန်ခံခဲ့သည်။ နောင်တရခဲ့သည် (၃၂:၅)။ မင်းကြီး၏မနာခံမှုကို ဘုရားသခင်ခွင့်လွှတ်ခဲ့ပြီး သူ့အား ဝမ်းမြောက်ခြင်းကို ပြန်လည်ပေးသနားခဲ့သည် (:၅၊ ၇၊ ၅၁:၁၂-၁၅)။ လှုပ်ခါလိုက်သည့် အချိုရည်ပုလင်းပမာ ဒါဝိဒ်၏ချီးမွမ်းခြင်းများက အရှိန်ပြင်းပြင်းထွက်ပေါ်ခဲ့ပြီး တစ်ပါးသူတို့အား ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို သင်ပြပေးနေတော့သည်။ မင်းကြီး၏ အပြစ်ဝန်ခံခြင်းနှင့် နောင်တနောက်တွင် ပွဲခံခြင်းက လိုက်ပါလာခဲ့သည်။

ကျွန်ုပ်တို့အပြစ်ပြုမိသောအခါ ကြိုးစားဖုံးကွယ်ခြင်းက အချည်းနှီးဖြစ်ပါသည်။ မနာ ခံမှု အနံ့အသက်ဆိုးကြီးကို ဖုံးဖိ၍ မရနိုင်ပါ။ သို့သော် အပြစ်ဝန်ခံပြီး နောင်တရသောအခါ အပြစ်ကို ဘုရားရှင်ဖယ်ရှားပေးပြီး သူ၏ကျေးဇူးတော်နှင့်ခွင့်လွှတ်ခြင်းရနံ့ကို နှံ့ပြားစေပါသည်။ သူ့မျက်မှောက်တော်၌ တစ်ဖန်ပွဲဝင်ရသောအခွင့်ကိုပေးလျက် ကယ်တင်ခြင်းနှင့်ဆိုင်သော ဝမ်းမြောက်ခြင်းကို ပြန်လည်ပေးသနားလိမ့်မည်။

MARVIN WILLIAMS၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်