ဩဂုတ်လခေါင်းစဥ် | မိသားစု

မည်သည့်နေရာရောက်ရောက်၊ မည်မျှပင် ပင်ပန်းပြီးအလုပ်များနေပါစေ၊ ဂျိုအန်းသည် အသက်ကြီးပြီးဖြစ်သည့် သူ့မိခင်ထံသို့ ညစဉ် (၇)နာရီတွင် ဖုန်းခေါ်သည်။ အကြောင်းကြောင်းကြောင့် ထိုအချိန်တွင် စကားပြောရန်အဆင်မပြေလျှင် အမေသိအောင် အမေ့ထံ စာပို့ဖြစ်အောင် ပို့ထားသည်။ တစ်နေ့ပြီးတစ်နေ့ ဤသို့ လုပ်ဆောင်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း အမေ့ကို ချစ်သောကြောင့်၊ အမေစိတ်မပူစေချင်သောကြောင့် ဂျိုအန်းက ဝမ်းမြောက်စွာ လုပ်ဆောင်ပါသည်။

ကျွန်မ၏ကလေးများငယ်စဉ်က အတန်ငယ်လှမ်းသည့်နေရာ၌ ကျွန်မတို့ အိမ်ဝယ်ခဲ့သည်။ အိမ်အပြောင်းအရွှေ့အတွက် အချိန်ယူရမည်ဖြစ်သလို ကျောင်းကလည်း ဖွင့်တော့မည်။ ကျောင်းနှစ်ကြိမ်ပြောင်းရွှေ့ရလျှင် ကလေးများအတွက် စိတ်ဖိစီးမှုဖြစ်မည်ကို သိသောကြောင့် အိမ်သစ်နှင့်နီးသည့်ကျောင်းသို့ တစ်ခါတည်းကျောင်းပြောင်းခဲ့ပြီး၊ အိမ်မှကျောင်း၊ ကျောင်းမှအလုပ်သို့ ရက်သတ္တပတ် (၂)ပတ်တာမျှ ကျွန်မအသွားအပြန် သွားခဲ့ရသည်။ သူတို့လေးများ၏စိတ်ဖိစီးမှုကိုလျှော့ချပြီး သက်သာလို သက်သာငြားပေါ့။

အိမ်ထောင်ရှင်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ကလေးရှိရှိ၊ မရှိရှိ – ကျွန်မတို့ အသက်တာ၌ ဘုရားသခင်ပေးထားသည့် အဘိုးအဘွား၊ မိဘ၊ ညီအစ်ကို မောင်နှမ၊ တူ၊ တူမများကို မေတ္တာပြရန် ကျွန်မတို့၌အခွင့်အရေးရှိသည်။ ဘုရားသခင်သည် ကျွန်မတို့ကို ရှေ့ဉီးစွာ ချစ်သောကြောင့် သူ၏ဝိညာဉ်တော်အားဖြင့် မိမိ၏မိသားစုဝင်များနှင့် အခြားသူတို့ကို ချစ်နိုင်အောင် မစသည်၊ တန်ခိုးပေးသည် (၁ ယော ၄:၇-၂၁)။ ထို့ပြင် ကောရိန္သုဩဝါဒစာ ပထမစောင် ၁၃:၄-၇ ၌လည်း လမ်းညွှန်မှုများ ချမှတ်ပေးထားပါသည်။

  • မေတ္တာသည် စိတ်ရှည်တတ်၏။
  • မေတ္တာသည် ကျေးဇူးပြုတတ်၏။
  • မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ။
  • မေတ္တာသည် ကိုယ့်အကျိုးကို မရှာတတ်။
  • မေတ္တာသည် ဒေါသအမျက်မထွက်တတ်။
  • မေတ္တာသည် အပြစ်ရှိသည်ဟု မထင်တတ်။

မိသားစု၏လိုအပ်ချက်များအတွက် ထောက်ပံ့ပေးလျက် မေတ္တာပြခြင်းသည်လည်းဘုရားပေးတာဝန်တစ်ရပ် ဖြစ်ပါသည် (၁ တိ ၅:၈)။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားမှုပိုင်းနှင့် ဝိညာဉ်ရေးပိုင်းကို ပြုစုထောက်ပံ့ပေးရန် အားလုံးအကြုံးဝင်ပါသည်။

ဤလအတွင်း သင်ခံစားရသည့် ဘုရားသခင်၏မေတ္တာကို မည်သည့်ဆွေမျိုး (သို့) မိတ်ဆွေအား မျှဝေပေးနိုင်မည်နည်း။ အခြားသူများကို မည်သို့အားပေးမစနိုင်မည်ကို ဆင်ခြင် နည်းလမ်းရှာပါ။ ပြီးလျှင် လက်တွေ့လုပ်ဆောင်ပါ။

ALYSON KEIDA၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်