ဇွန်လခေါင်းစဥ် | ဝိညာဉ်ရေး၌ ကြီးထွားရင့်ကျက်ခြင်း

သခင်ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ကျွန်ုပ်တို့ ယုံကြည်လက်ခံပြီးနောက်တွင် ခရစ်တော်နှင့်မိတ်သဟာယကို ကျွန်ုပ်တို့မည်သို့ တိုးတက်ကြီးထွားစေနိုင်မည်နည်း။

သူ့နောက်တော်သို့လိုက်လျှောက်သူများကို သခင်ယေရှုက ပို့ဆောင်လျက် ကြည့်ရှု နေခြင်းကြောင့် သူ့ကို “ကောင်းသောသိုးထိန်း” ဟုခေါ်ပါသည်။ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏” ဟု သခင်မိန့်မြွက် သည် (ယော ၁၀:၂၇)။ သို့ရာတွင် သိုးထိန်းအသံကို ကျွန်ုပ်တို့မည်သို့ ကြားနိုင်မည်နည်း။ သူ့အသံကို ချက်ချင်းသိနိုင်ကြားနိုင်စွမ်းက ဆက်သွယ်မှုကဏ္ဍ လေးခု၌ မူတည်ပါသည်။

(၁)ဘုရားသခင် ကျွန်ုပ်တို့ကို စကားပြောသည်။ ကျွန်ုပ်တို့ကျမ်းစာဖတ်သောအခါ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့်၊ သူ့ကိုယ်ကို ဖွင့်ပြခြင်းအားဖြင့် ကျွန်ုပ်တို့ကို စကားပြောသည် (၂ တိ ၃:၁၆-၁၇)။

(၂) ကျွန်ုပ်တို့ ဘုရားသခင်ကို စကားပြောသည်။ ဘုရားသခင်ထံမှ နားလည်နိုင်သောဉာဏ် ရရှိသောအခါ ကိုယ်တော့်ကို ချစ်စိတ်နှင့်၊ မိမိစိတ်နှလုံးလိုအင်များကို ဖော်ပြလျက် ကျွန်ုပ်တို့ တုံ့ပြန်ပါသည် (ယော ၁၅:၇)။

(၃) မိသားစုအသစ်နှင့် ကျွန်ုပ်တို့ စကားပြောမိတ်သဟာယဖွဲ့သည်။ ခရစ်တော်၌ ယုံကြည်သူချင်းတို့နှင့် ကျွန်ုပ်တို့ ချိတ်ဆက် ဆက်သွယ်ကြသောအခါ မိမိအချစ်ခံရသည့်နည်းတူ အခြားသူကိုချစ်ရန် အချင်းချင်း၏ အပြန်အလှန်အားပေးမှုကို ခံစားရပါသည် (ဟေဗြဲ ၁၀:၂၄-၂၅)။

(၄) ကျွန်ုပ်တို့ အခြားသူများနှင့် သခင်ခရစ်တော်အကြောင်း မျှဝေသည်။ မယုံကြည်သေးသူများရှေ့၌ ကျွန်ုပ်တို့သည် ခရစ်တော်ကို ကိုယ်စားပြုသူများဖြစ်ရန် သခင်အလို ရှိသည် (မ ၄:၁၉)။ ထိုသို့ဖြစ်ရန်မှာ ၎င်းတို့အပေါ် ရိုးသားစွာ ဂရုပြုမှု စိတ်ရင်းမှန်ကိုပြခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ပြောင်းလဲသောအသက်တာကို သူတို့မြင်ပြီး၊ သူတို့ကို အမှန်စိတ်ဝင်စားကြောင်း တွေ့ရလျှင် ကျွန်ုပ်တို့၌ မြင်ရသည့်ခြားနားမှုကို သူတို့ စူးစမ်းလာနိုင်ပါသည်။ ကယ်တင်ရှင်နှင့် မိတ်သဟာယဖွဲ့မှု တစ်ပုံစံတည်းဖြစ်ရမည် မဟုတ်သော်လည်း စစ်မှန်သောယုံကြည်သူသည် ဘုရားသခင် ၏အသံကြားလိုစိတ်၊ ကိုယ်တော်အား တုံ့ပြန်လိုစိတ်၊ အခြားသောယုံကြည်သူများနှင့် မိတ်သဟာယဖွဲ့လိုစိတ်၊ ခရစ်တော်ကို မသိသေးသူများအား မိမိ၏ယုံကြည်ခြင်းကို မျှဝေလိုစိတ်ရှိလိမ့်မည်။ သခင်ယေရှုကို ယုံကြည်သူအဖြစ် ဘဝခရီးစတင်သောအခါ ဘုရားရှင်နှင့်သင်၏မိတ်သဟာယဆက်ဆံမှု တိုးတက်ရေး ဆန်းသစ်သောနည်းလမ်း များဖြင့် လမ်းပြပါမည့်အကြောင်း ကိုယ်တော်အား တောင်းလျှောက်လိုက်ပါ။

<<ယခင်လစာမူ ပြန်ဖတ်ရန်