မေလခေါင်းစဥ် | ယုံကြည်ခြင်းကို ကာကွယ်ခြင်း

ကျွန်ုပ်သည် Li Jun (လီဂျွန်) အား ဘုရားသခင်တည်ရှိကြောင်း တစ်နှစ်ကြာမျှ ပြောပြကာ ယုံကြည်လက်ခံစေခဲ့သည်။ လှပသောကမ္ဘာတွင် ဖန်ဆင်းသူရှိပြီး လောကနိယာမများ ပညတ်ပေးသူ လိုအပ်ကြောင်း ပြောပြရာ သူမက ဘာမှမတုံ့ပြန်ပါ။ နောက်ပိုင်းတွင် ရောမသြဝါဒစာ ၁ ကို ဖတ်ရှုစဉ် ဘုရားသခင်၏ “‌ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်”တို့သည် ထင်ရှားလျက်ရှိပြီး လူတိုင်းသိကြောင်း၊ မသိဟု ပြောသူများသည် “‌ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ” (:၂၀) ဟု ဖော်ပြထားကြောင်း ကျွန်ုပ်မှတ်သားခဲ့ရသည်။ စိတ်ဝင်စားစရာဟု ကျွန်ုပ်တွေးမိသည်။ နောက်တစ်ဖန် လီဂျွန် နှင့် ဤအကြောင်းပြောဖြစ်သောအခါ ကျွန်ုပ်အဆင်သင့်ရှိနေပါပြီ။

“‌ပါမောက္ခ ဝစ်မာ၊ ဆရာက ဘာလို့ ဘုရားသခင်ကို ယုံကြည်တာလဲ” ဟု သူမက မေးရာ “ပြောပါအုံး၊ လီဂျွန်၊ မင်းကကော ဘာလို့ ယုံတာလဲ” ဟု မေးခွန်းကို မေးခွန်းနှင့် တုံ့ပြန်လိုက်သည်။ သူမထံမှ “အို” ဟု အာမေဋိတ်သံကြားလိုက်ရပြီး၊ ရုတ်တရက်ဆိုသလို သူ့စိတ်နှလုံးနက်ရှိုင်းရာတွင် ဘုရားသခင်ရှိသည်ကို သူယုံကြည်ကြောင်း သူသဘောပေါက်သွားသည်။ နောက်လအတန်ကြာပြီးနောက် လီဂျွန်သည် သခင်ယေရှုနောက်တော်လိုက်ရန် ရွေးချယ်ခဲ့တော့သည်။

လူတိုင်း ဤသို့ တုံ့ပြန်ကြမည် မဟုတ်ပါ။ သမ္မာတရားကို ဆီးတားခြင်းအား ရပ်တန့်ပြီး မိမိစိတ်နှလုံးကို သခင်ယေရှုထံဖွင့်ပြရန် သန့်ရှင်းသောဝိညာဉ်တော်၏မစမှုကို လိုအပ်သည် (ယော ၁၆:၇-၁၁)။ သို့သော် ဘုရားသခင် အမှန်ရှိပြီး၊ တန်ခိုးတော်နှင့် ဖြောင့်မတ်ခြင်းနှင့် ပြည့်စုံကြောင်း လူတိုင်း အလိုလိုသိသည် (ရော ၁:၂၀၊ ၃၂)

ဤသို့ သိခြင်းက အငြင်းပွားမှုများကို ရှောင်ကွင်းစေနိုင်ပါသည်။ လူတို့ သိပြီးသားအရာကို ကျွန်ုပ်တို့ ထူးပြီးသက်သေပြစရာ မလိုပါ။ ထိုသို့ပြုရန် ဖိအားများမှ ကျွန်ုပ်တို့ လွတ်မြောက်ပြီး၊ ၎င်းတို့၏သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ မေးနိုင်သည်။ စကားအဆက်မပြတ်စေရန် ကော်ဖီဝယ်တိုက်ပြီး ဆက်ပြောနိုင်သည်။ ကျွန်ုပ်တို့၏ ဆွေးနွေးပြောဆိုမှုက ၎င်းတို့စိတ်၌ ခိုးလို့ခုလုဖြစ်ကောင်းဖြစ်စေနိုင်ပြီး၊ တစ်ချိန်ချိန်တွင် ထိုသို့ ခိုးလို့ခုလုဖြစ်စေမှုများကို ခါထုတ်ပြီး သူတို့အသက်တာကို ခရစ်တော်ထံ အပ်နှံကောင်းအပ်နှံလိမ့်မည်။ လူတို့သိပြီးသားဖြစ်ကြောင်း ကျွန်ုပ်တို့သတိရလျှင် ကျွန်ုပ်တို့ ငြင်းခုံနေစရာမလိုတော့ကြောင်း သဘောပေါက်လာမည်။ သူတို့နှင့် ကျွန်ုပ်တို့ လွတ်လပ်စွာမိတ်ဖွဲ့နိုင်ပြီဖြစ်သည်။

MIKE WITTMER ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်