ဇူလိုင်လခေါင်းစဥ် | ဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းပြမှု

သုံးပါးတစ်ဆူဖြစ်တော်မူသောဘုရား၏ တတိယပုဂ္ဂိုလ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း သွန်သင်ချက်သြဝါဒသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကအချက်ဖြစ်သည်။ ဤသွန်သင်ချက်တွင် ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်ရှင်မှုကို ပို့ဆောင်လမ်းပြခြင်းကြောင့် ဝိညာဉ်တော်၏ဉီးဆောင်မှုအကြောင်းကို ထည့်သွင်းထားခြင်းဖြစ်သည်။

ရောမသြဝါဒစာ ၈ တွင် ဝိညာဉ်တော်အကြောင်း (၂၁) ကြိမ် ဖော်ပြထား သည်။ အခန်းငယ် ၁၄ တွင် “ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏” ဟုဆိုထားသည်။ သခင်ယေရှုကို ယုံကြည်သူများသည် လူ့သဘာဝ ဇာတိ၏အပြစ်ဒုစရိုက်များနှင့် လုံးပမ်းနေရကြောင်း ဖော်ပြထားသည် (:၁၂-၁၃)။ ဝိညာဉ်တော်၏ဉီးဆောင်မှုကို မမြင်ရပါ။ ၎င်းသည် အတွင်းမှလာသောအရာဖြစ်ပြီး နှုတ်ကပတ်တော်အားဖြင့် တို့ထိဖော်ပြပါသည်။ ဧဖက်သြဝါဒစာ ၆:၁၇ တွင် “ဝိညာဉ်တော်၏ဓား”ဟူ၍ ဖော်ပြထားပါသည်။

သခင်ယေရှုကို ယုံကြည်သူများက ၎င်းတို့၏လောကီအသက်တာဖြင့် ဘုန်းထင်ရှားစေရေးရှာကြံသည်တွင် ၎င်းတို့အတွက် ဘုရားသခင်၏မစမှု ကင်းမဲ့မည်မဟုတ်ပါ။ “အဗ္ဗအဘဟု ခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို”ရပြီး (ရော ၈:၁၅) မိသားစုဝင်ဖြစ်ခြင်း၏ တန်ခိုးနှင့်အခွင့်အရေးကို ရရှိပါသည်။

ဝိညာဉ်တော်၏လမ်းပြမှုသည် ဘုရားသားသမီးတိုင်း ခံယူရရှိသည့် အမွေတော်ဖြစ်သည်။

သီးသန့်အစုအဖွဲ့၏ အခွင့်ထူးဖြစ်ခြင်းထက် ဝိညာဉ်တော်၏လမ်းပြမှုသည် ဘုရားသားသမီးတိုင်း ခံယူရရှိသည့် အမွေတော်ဖြစ်သည်။ လက်တွေ့ကျကျ ဆိုရပါလျှင် ဝိညာဉ်တော်၏ဉီးဆောင်မှုသည် ဆာလံကျမ်း ၂၃:၃ ၌ပါရှိသည့် သူ့သိုးတို့ကို ချစ်မြတ်နိုးမှုဖြင့် ပို့ဆောင်သည့် သိုးထိန်းနှင့် တူပါသည်။ “ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။” ဝိညာဉ်တော်ဘုရားသည် ‘ဖြောင့်မတ်သောလမ်း၊ တရားမျှတသောလမ်း’၌ ကျွန်ုပ်တို့ကို ပို့ဆောင်ပါသည်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ရှုခြင်းဖြင့် အချိန်ယူသောအခါ ဝိညာဉ်တော်၏ ဉီးဆောင်မှုဖြင့် မည်သို့ဘဝရှင်သန်ရမည်၊ ဝိညာဉ်တော်နှင့်လျော်ညီစွာ မည်သို့လျှောက်လှမ်းရမည်ကို သိရှိမည်ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏အလင်း ထွန်းလင်းပြီး ဝိညာဥ်တော်ဘုရား၏ဘုန်းတော် ထင်ရှားလိမ့်မည်။

Arthur Jackson ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်