သြဂုတ်လခေါင်းစဥ် | ဘုရားသခင်၏မိသားစု

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လူ (၃၀) ထက် မစုဝေးရန် ကန့်သတ်ချက်အရ Pamela (ပဲန်မလာ)၏ အောက်မေ့ဖွယ်ဝတ်ပြုခြင်း အစီအစဉ်ကို လူကိုယ်တိုင်မတက်ရောက်နိုင်ဘဲ အွန်လိုင်းမှ ကျွန်မကြည့်ရှုစဉ် သူမကို မြှုပ်နှံသည့် မာလာဝီနိုင်ငံမှ သူ့မိသားစုများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူအများက ရွှင်မြူးသော၊ နှစ်သက်ဖွယ် ရယ်ရွှင်ဖွယ်ကောင်းသော ပဲန်မလာအတွက် ကျေးဇူးတော်ချီးမွမ်းနေကြမည်ဟု ကျွန်မတွေးမိသည်။

သူမသည် ကျွန်မနည်းတူ အခြားနိုင်ငံတစ်ခုမှ ပြောင်းရွှေ့လာသူဖြစ်ပြီး၊ လန်ဒန်မြို့ မြောက်ပိုင်းရှိအသင်းတော်တစ်ခု၌ ပါဝင်နေသူများစွာထဲမှ တစ်ဦးဖြစ်ကာ သူ့ကို ခရစ်တော်၌ညီအစ်မအဖြစ် ကျွန်မမှတ်ယူခဲ့သည်။ ကျွန်မတို့သည် ကောင်းကင်ဘုံရှင် ခမည်းတော်ဘုရားသခင်၏ သားသမီးများဖြစ်ခြင်းကြောင့် ဘုရားသခင်၏ မိသားစုသည် လူမျိုးနှင့် အခြားသောကွဲပြားမှုများထက် ထူးကဲသာလွန်သည်။ ဘုရားရှင်သည် ခရစ်တော်အားဖြင့် ကျွန်မတို့ကို စုစည်းပေးသည်။

တမန်တော်ရှင်ပေါလုက ဧဖက်အသင်းတော်သို့ မိသားစုဆိုင်ရာပတ်သက်မှုကို အလေးထားရေးသားခဲ့သည်။ ဂျူးနှင့် တစ်ပါးအမျိုးသားယုံကြည်သူများကြား ကွဲပြားမှုအပေါ် သူပူပန်လျက် “သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏အမျိုးသားချင်းဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်းဖြစ်ကြ၏။ … တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်မှာ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း” (ဧဖက် ၂:၁၉-၂၁)ဟု ရေးသားခဲ့သည်။ ဘုရားလူတို့သည် “သခင်ဘုရားအဖို့အလိုငှာ သန့်ရှင်းသောဗိမာန်တော်ဖြစ်၏။ … ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ … တည်ဆောက်လျက်” (:၂၁-၂၂) မိသားစုသဖွယ် အတူပေါင်းစည်းကြကြောင်း ရှင်ပေါလုသိပေသည်။

ကွဲပြားမှုမည်သို့ပင်ရှိရှိ ကိစ္စမရှိပါ။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် တစ်ဉီးနှင့်တစ်ဉီး ညီညွတ်ပေါင်းစည်းအောင် မစပေးရန် ဘုရားသခင်အား မျှော်ကြည့်နိုင်ပါ သည်။ သူ၏ဝိညာဉ်တော်အားဖြင့် လူတစ်ဉီးချင်းအလိုက် ထူးခြားမှုများစွာကို ပြေလည်စေသည်သာမက နက်နဲသော ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်အောင် စောင်မတော်မူလိမ့်မည်။ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟူသည့် ကျွန်မတို့ကို ညီညွတ်စုစည်းပေးသောပုဂ္ဂိုလ်တော်သည် ကျွန်မတို့ကို ကွဲပြားစေသည့်အရာများထက် သာလွန်မြင့်မြတ်ပေ၏။

Amy Boucher Pye ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်