စက်တင်ဘာလခေါင်းစဥ် | သာသနာပြုခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ်

မျှော်လင့်ခြင်းကို အမှန်တကယ်ရရှိရေးအတွက် အသင်းတော်အနေဖြင့် သေခြင်းနှင့် ဆိုးညစ်မှု၏ အစိုးရမှုနှင့်တန်ခိုးကို ဘုရားသခင် ချေမှုန်းအောင်မြင်ခြင်းဖြစ်သည့် ကားတိုင်နှင့် ခရစ်တော်၏ ထမြောက်ရှင်ပြန်ခြင်းတရား၌ ပြန်လည်တည့်မတ်ဗဟိုပြုရန် လိုအပ်ပြီဟု အသင်းတော်ခေါင်းဆောင်များက သဘောပေါက်လာကြောင်း ပြောဆိုခဲ့ကြသည်ကို တစ်လောက ကျွန်မကြားခဲ့ရသည်။ အသင်းတော်အချို့မှာမူ ဤအရာကို အလေးထားခြင်းထက် ခွင့်လွှတ်ခြင်းခံစားရသည့် လူတစ်ဉီးချင်းစီ၏ အတွေ့အကြုံနှင့် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ကောင်းသော အသက်တာ ရရှိ‌ရေး အကြံဉာဏ်ပေးခြင်း၌ အဓိကထားလာခြင်းက ဝမ်းနည်းစရာဖြစ်သည်။

သို့သော် ကိုဗစ်ရောဂါအတွင်း ချစ်ခင်သူများဆုံးပါး၍ ကြေကွဲခံစားရသူများ၊ မိမိဝန်းကျင်၌ မြင်ရသည့် ဆင်းရဲဒုက္ခများကြောင့် စိတ်ဖိစီးနေသူများအတွက် လူတစ်ဉီးချင်းစီ၏ဝမ်းမြောက်မှုကို အဓိကထားသည့် တရားဟောချက်များက အနှစ်သာရမဲ့ကြောင်း အသင်းတော်ခေါင်းဆောင်တို့ နားလည်လာကြသည်။

အပြစ်ဝန်လေး၍ သေခြင်းဒဏ်ရာသင့်နေသည့် လောကကြီးအတွက် မှန်သော မျှော်လင့်ခြင်း၊ သေခြင်းထက် သာ၍မြဲသောမျှော်လင့်ခြင်းကို ကျွန်မတို့ လိုအပ်သည်။ ဧဝံဂေလိတရားသည် ဒဏ်ရာရနေသောလောကအား သဘာဝဖြစ်စဥ်ကို ပြောင်းလဲစေသော ဖြစ်ရပ်ဖြစ်သည့် ကားတိုင်တော်နှင့် သခင်ယေရှု၏ ထမြောက်ရှင်ပြန်ခြင်းအားဖြင့် ဘုရားရှင်ရွေးနုတ်ခြင်းအကြောင်း ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လောကတစ်ခုလုံးနှင့် ကျွန်မတို့ မျှဝေခံစားရသည့်တရားဖြစ်သည်။

အပြစ်တရား၏ဖိစီးပြင်းထန်မှု၊ ဖန်ဆင်းခြင်းတစ်ခုလုံးအပေါ် သေခြင်း၏ ချုပ်ကိုင်မှုသတင်းဆိုးကို လက်ခံမှသာ သတင်းကောင်း၏အံ့ဖွယ်ရာများကို ကျွန်မတို့ ဆုပ်ကိုင်နိုင်လိမ့်မည်။ “တစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှလွတ်မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကို ခံစားခွင့်ရရှိလိမ့်မည်” (ရော ၈:၂၁- ခေတ်သံုး)။

ကျွန်မတို့သည် “ညည်းတွား၍ဆင်းရဲခြင်းဝေဒနာ”ကို ခံရသည့်တိုင် (:၂၂) သခင်‌ယေရှုအသက်ရှင်ကြောင်း သတင်းကောင်းကို ခံစားရနိုင်ပါသည်။ သခင်ဘုရားသည် ကျွန်မတို့ကို သေခြင်းမှသည် ဘုန်းအသရေနှင့်ပြည့်သော ထမြောက်သည့် ဘဝအသက်တာဆီသို့ ပို့ဆောင်ပေးပေသည်။

Monica La Rose ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်