အောက်တိုဘာလခေါင်းစဥ် | ဉာဏ်ပညာ

ပညာပိုရှိခဲ့ရင်ကောင်းသားဟု ကျွန်ုပ်တို့ တောင့်တမိသောနေ့များ ရှိသည်။ အီးမေးလ်စာပြန်ရန် အခက်တွေ့နေခြင်း၊ မိမိကလေးက မလျော်မကန်ပြုမူနေ၍ မည်သို့ပြုရမှန်းမသိ ဖြစ်နေခြင်း စသည်ဖြင့် လုပ်ငန်းခွင်၌ ဆုံးဖြတ်ချက်ချရန်၊ ကိုယ်ရေးကိုယ်တာအမှုများဖြေရှင်းရန် တစ်ချိန်ပြီးတစ်ချိန် ဉာဏ်ပညာလိုကြောင်း ဖိအားကို ကျွန်ုပ်တို့ခံစားရသည်။

ထိုကြောင့် ဘဝအသက်တာနှင့် ဆက်ဆံရေးများကို ပို၍ကောင်းမွန်စွာ စီမံနိုင်ရန်၊ အကြံကောင်းများရရန် မျှော်လင့်ကာ စာအုပ်များ ဖတ်ကြသည်၊ အခြားသူများထံမှ အကြံ ဉာဏ်တောင်းသည်၊ သင်တန်းတက်ကြသည်။ ဗဟုသုတပညာများက အထောက်အကူဖြစ်သော်လည်း တစ်စုံတစ်ခု လိုနေသေးသည်။ လောကမှပေးသော အသိပညာထက် သာလွန်သည့်ပညာ၊ ဘုရားပေးသော အထက်မှလာသည့်ပညာကို ကျွန်ုပ်တို့လိုပေသည်။

ဤပညာကို မည်သည့်အရပ်၌ ရှာဖွေတွေ့ရှိနိုင်သနည်း။ သမ္မာကျမ်းစာ၌ “ထာဝရ ဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာ” ဟုဆိုထားသည် (ဆာ ၁၁၁:၁၀၊ သု ၁:၇)။ ဘုရားရှင်ကို ကြောက်ရွံခြင်းသည် ကိုယ်တော်၏တန်ခိုးတော်နှင့် သန့်ရှင်းတော်မူခြင်းအတွက် ဘုရားကို ရိုသေစွာ ချီးမြှောက်ခြင်းဖြစ်သည်။ စစ်မှန်သောဉာဏ်ပညာကို ကျွန်ုပ်တို့ရှာဖွေတွေ့ရှိသောအခါ ပညာသည် အဘယ်ကြောင့် ထာဝရဘုရား၌ အစပြုသည်ကို နားလည်လာလိမ့်မည်။

ရှင်ယာကုပ်သြဝါဒစာ ၃:၁၇ တွင် အထက်အရပ်မှလာသောပညာ၏ အရည်အသွေး (၇) ချက်ကို ‘စင်ကြယ်၏၊ အသင့်အတင့်နေတတ်၏၊ ဖြည်းညင်းသောသဘော ရှိ၏၊ သွေးဆောင်လွယ်၏၊ ကရုဏာ၊ ကောင်းကျိုးနှင့် ပြည့်စုံ၏၊ လျစ်လျူသောစိတ်ရှိ၏၊ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏’ ဟုဖော်ပြထားသည်။ ယေရှုခရစ်တော်ကို ယုံကြည်သူအပေါင်းတို့ ရှာဖွေအပ်သောပညာသည် ခရစ်တော်၏သဏ္ဌာန်တူသည့် အရည်အသွေးနှင့် ဆက်စပ်သည်။ ၎င်းသည် ဖြောင့်မတ်ခြင်းနှင့်နာခံခြင်းဖြင့် အသက်ရှင်ရန် ရွေးချယ်ပြီး ဘုရားနှင့်အတူလျှောက်လှမ်းသူ၌ တွေ့ရသည့် ရလဒ်ဖြစ်သည်။ လိုရင်းကိုပြောရလျှင် ၎င်းသည် ဘုရားသခင်ကို ကြောက်ရွံ့သူထံမှ ထွက်ပေါ်လာသည့် အကျိုးကျေးဇူးဖြစ်သည်။

ဘုရားဘုန်းတော်ထင်ရှားပြီး၊ တစ်ပါးသူတို့အတွက် ကျေးဇူးပြုသော ဆုံးဖြတ်ချက်များ ဖြင့် ဘဝအသက်တာကို ရှင်သန်လိုပါသလား။ ရှင်ယာကုပ်က “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကို လိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ” (ယာ ၁:၅) ဟု မိန့်ကြားထားသည်။ ကိုယ်တော်အတွက် တင့်တယ်လှပသောဘဝကို ရှင်သန်နိုင်အောင် လိုအပ်သောပညာဉာဏ်ရရှိရန် စေတနာစိတ်နှင့် ပြည့်ဝသောဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ ရိုသေနိုင်အောင် မစတော်မူလိမ့်မည်။

Poh Fang Chia ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်