နိုဝင်ဘာလခေါင်းစဥ် | တပည့်တော်ဖြစ်စေခြင်း

သခင်‌ယေရှုကို ယုံကြည်သူလူသစ်တစ်ဉီးက “ကျွန်မကို တပည့်တော်ဖြစ်အောင် လေ့ကျင့်ပေးမလား” ဟု Barb (ဘာ့ပ်) အား မေးခဲ့သည်။ ဘာ့ပ် က မည်သို့ လုပ်ဆောင်ရမည်ကို သေချာမသိပါ။ အတူတူ လေ့လာသင့်လား။ သို့ဆိုလျှင် မည်သည့်သင်ခန်းစာခေါင်းစဉ်က အကောင်းဆံုးဖြစ်မည်နည်း။ ဘာ့ပ် သည် ဆုတောင်းလျက် သူမနှင့်အတူလေ့လာနိုင်မည့်စာစဉ်တစ်ခုကို ရွေးချယ်ခဲ့ပြီး၊ သခင်ခရစ်တော်အကြောင်း တိုး၍ နားလည်လာအောင် သူ့မိတ်ဆွေသစ်ကို ကူညီပေးရင်း ဝမ်းမြောက်ပျော်ရွှင်ခဲ့ရသည်။

စူး၏အိမ်နားဝန်းကျင်သို့ နိုင်ငံရပ်ခြားမှပြောင်းရွေ့လာသည့် လူသစ်များရောက်လာသည်။ မိသားစု (၇) ဉီးပါဝင်သည့် မိသားစုတစ်စုကို သူမိတ်ဖွဲ့ပြီး ကလေးများကို သူ့သားသမီးတို့နှင့်အတူ ဆော့ကစားရန် ဖိတ်ခေါ်ခဲ့သည်။ ထိုမိသားစုမှ မိခင်ဖြစ်သူကို သူ၏ကယ်တင်ရှင်နှင့် မိတ်ဆွေဖြစ်သည့် သခင်ယေရှုအကြောင်းပြောပြပြီး ထိုမိသားစုကို အသင်းတော်သို့ ဖိတ်ကြားခဲ့သည်။

ဂျယ်ရီသည် သူ၏လုပ်ဖော်ဆောင်ဖက်များနှင့် စကားပြောသည့်အခါတိုင်းတတ်နိုင်သမျှ သခင်ခရစ်တော်၌ သူ၏ယုံကြည်ခြင်းအကြောင်း ပြောပြလေ့ရှိသည်။ သူ့ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အတင်းတိုက်တွန်းခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်က စူးစမ်းလာပါက မျှဝေခြင်းသာဖြစ်သည်။ ရှင်‌ယေရှုအကြောင်း ပို၍သိလိုသူများအတွက် နေ့လည်စာစားချိန်၌ အဖွဲ့ငယ်ဖြင့် ဆွေး‌နွေးသည့်ပုံစံမျိုး လုပ်သည်။

အထက်ပါ လူတစ်ဉီချင်းစီတို့သည် “လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်း” (လု ၁၉:၁၀) ဟု မိန့်ကြားသည့် ခရစ်တော်၏ စံနမူနာကို လိုက်လျှောက်ခြင်းပင်ဖြစ်သည်။ ရေတွင်း၌ ရှမာရိ အမျိုးသမီးတစ်ဉီးနှင့် သခင်ယေရှုတွေ့ရာ၊ သူသည် မေရှိယဖြစ်နိုင်ကြောင်း သူမယုံကြည်သွားအောင် သူတို့၏ အပြန်အလှန်စကားဝိုင်းက နှိုးဆွပေးခဲ့သည် (ယော ၄:၄-၂၆)။ ထိုနောက် သူမသည် ရွာသို့အပြေးပြန်ပြီး အခြားသူတို့အား သခင့်အကြောင်း ပြောပြရာ (:၂၉)၊ ရလဒ်အနေဖြင့် “ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏” (:၃၉)။

သခင်ယေရှုသည် ကျွန်မတို့ကို မေတ္တာဖြင့် အနောက်မှလိုက်နေသည်။ လောကကမ္ဘာသို့ သခင်၏သတင်းကောင်းကို ဆောင်ယူရန် သခင်၏သာသနာ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် ကျွန်မတို့ အခွင့်အရေးရရှိထားသည် (မ ၂၈:၁၉-၂၀)။ အကောင်းဆုံးလုပ်နိုင် မလုပ်နိုင်ကို ကျွန်မတို့ပူစရာမလိုပါ။ အခြားသူများနှင့်အတူ လျှောက်လှမ်းလျက် သူ့အား တိုး၍သိကျွမ်းအောင်၊ ရှာဖွေနိုင်အောင် ဘုရားရှင်မစလိမ့်မည်။ ၎င်းသည် ကျွန်မ တို့အား ကိုယ်တော်စေခိုင်းသောအမှုဖြစ်သည်။

Anne Cetas ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်