မတ်လခေါင်းစဥ် | အနားယူခြင်း

အိပ်ယာထဲ ဟိုဘက်ဒီဘက်လူးလွန့်ရင်း တစ်ပတ်တာလုပ်ရမည့် အလုပ်များကြောင့် ကျွန်မသောကရောက်နေသည်။ မိသားစု၊ မိတ်ဆွေများနှင့် ကျွန်မနှင့်မရင်းနှီးသူများပင်လျှင် ကျွန်မအပေါ်အမှီပြုကြသည်။ မနက် (၃) နာရီထိ အိပ်မပျော်ဘဲ နောက်မှ အိပ်ပျော်သွားပြီး မနက် (၆) နာရီ နှိုးစက်သံက တစ်နေ့တာကို အစပြုရန် တပ်လှန့်လိုက်သည်။ ခင်ပွန်းကို ဆူပူ၊ သားကို အမိန့်ပေးဟိန်းဟောက်ပြီး သူ့ကို ကားပေါ်တွန်းတင်ခဲ့သည်။ သား၏ကျောင်းသို့ မည်သို့ ရောက်သွားမှန်းပင်မသိ၊ အတန်းပိုင်က စာသင်ခန်းတံခါးပိတ်လိုက်သည်ကိုကြည့်ရင်း နွမ်းနယ်မှုဖြင့် ကျွန်မပုံကျသွားသည်ကိုတော့ မှတ်မိသည်။

မိတ်ဆွေတစ်ဉီးက ကျွန်မကို ကားမောင်းပြီး အိမ်ပြန်ပို့ကာ၊ ကျွန်မခင်ပွန်း အလုပ်မှ ပြန်လာချိန်ထိ သားကို ကြည့်ရှုစောင့်ရှောက်ပေးမည်ဟု ကတိပေးခဲ့သည်။ ကျွန်မအိမ်နီးချင်းကလည်း ကျွန်မအတွက် ဆုတောင်းပေးပြီး၊ နောက် (၈) နာရီ အကြာ ကျွန်မနိုးလာချိန်အထိ ကျွန်မနှင့် အနီးကပ်ရှိနေပေးခဲ့သည်။

သူ၏သားသမီးများ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တစ်ခါတစ်ရံ အလုပ်ကို မနိုင်မနင်းလုပ်ခြင်းစသည်တို့ကို ဘုရားသခင်သိပါသည်။ ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်း၊ စိတ်ခံစားမှုပိုင်း ပြန်လည်နုပျိုလန်းဆန်းလာအောင် ကျွန်မတို့ အနားယူချိန် မဖြစ်မနေ မည်မျှလိုအပ်သည်ကိုလည်း ကိုယ်တော်သိသည်။

ဆာလံကျမ်း ၆၂ တွင် ဒါဝိဒ်က “ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏” (:၁) ဟုဆိုခဲ့သည်။ လုံးဝပြန်လည်အားပြည့်လန်းဆန်းစေရေး ဒါဝိဒ်အနေဖြင့် စုံလင်သောမျှော်လင့်ခြင်းကိုပေးသူ၊ ရွေးနုတ်ကယ်တင်သူ၊ ကွယ်ကာသူ (:၅-၇) ဘုရား သခင်၏ သူ့အား ကိုးစားထိုက်ကြောင်းသက်သေများကို အမှီပြုလျက် ငြိမ်ဝပ် တိတ်ဆိတ် စွာ နေရန် လိုအပ်သည်။ ရိုးသားစွာစိတ်ရင်းဖြင့် ဆုတောင်းပြီး ထံတော်ပါးချဉ်းကပ်ကာ “ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြ”ရန် လူတို့ကို တိုက်တွန်းလျက် ကိုယ်တော်နှင့် သူ၏တန်ခိုးတော်အပေါ် ရဲရင့်စွာ အမှီပြုကြောင်း ဒါဝိဒ်ပြသခဲ့သည် (:၈၊ ၁၂)။

သောကဖိစီးမှု၊ လူတကာ၏လိုအပ်မှုကို ဖြည့်ဆည်းပေးရမည့်ဝန်တာ စသည့် အမှုများအားဖြင့် ကျွန်မတို့ဝန်ပိနေရန် ကျွန်မတို့ကို ဘုရားသခင် ပြင်ဆင်ဖန်ဆင်းထားခြင်းမဟုတ်ပါ။ သို့သော်လည်း သူ့အပေါ်အမှီပြုနိုင်ခြင်းကို သက်သေထူပါသည်။ ကိုယ်တော်၏အစဉ်အမြဲတည်ရှိမှုနှင့် သူ၏တန်ခိုးတော်ကို ယုံကြည်ကိုးစားသောအခါ အနားယူခြင်းဖြင့် သူ့အား ကိုးကွယ်နိုင်ပါသည်။ ၎င်းသည် ဘုရားသခင်ထံမှလာသည့် အဖိုးမဖြတ်နိုင်သည့် လက်ဆောင်ပေတည်း။

<<ယခင်လစာမူ ပြန်ဖတ်ရန်