ဧပြီလခေါင်းစဥ် | ခွင့်လွှတ်ခြင်း

နာကျည်းခါးသီးမှုနှင့် ကျွန်မ မကြီးပြင်းလိုခဲ့ပါ။ သို့သော် ကျွန်မအသားအရောင်က ကျွန်မကို ပစ်မှတ်ဖြစ်စေခဲ့သည်။ ဆရာတစ်ဉီးဆိုလျှင် ကျွန်မကို “လူမဟုတ်သူ” ဟုပင်ခေါ်သည်။ ရလဒ်ကား နာကျည်းရပြီပေါ့။ ရှင်ယေရှုကို ကျွန်မသိသည်။ သို့သော် နာကျင်မှုကိုလည်း ကျွန်မခံစားရသည်။ “ခါးစွာသောပင်မြစ်ပေါက်၍ … နှောင့်ယှက်” သကဲ့သို့ (ဟေဗြဲ ၁၂:၁၅) ထိုအဆိပ်က ကျွန်မ၏နာကျည်းမှုမြေဆီကို အားဖြည့်ပေးသည်။

ထို့ကြောင့် ကျွန်မ ဘုရားကို ချစ်ပြီး၊ ကိုယ်တော် ကျွန်မကိုချစ်ကြောင်း ယုံကြည်နေစဥ်မှာပင် ကျွန်မ၏နာကျည်းမှုကလည်း အပြိုင်ရှိနေခဲ့သည်။ “လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကိုလည်းကောင်း၊ သန့်ရှင်းခြင်းပါရမီကိုလည်းကောင်း မီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ” (:၁၄)ဟု ကျမ်းစာ၏ နှိုးဆော်ချက်ကို ကျွန်မမေ့နေခဲ့သည်။

နှိုးဆော်ချက်ကို လိုက်နာမည့်အစား ကျွန်မ၌ လူမျိုးရေးမုန်းတီးမှုက လွှမ်းမိုးနေပြီး၊ “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း …၊ ခပ်သိမ်းသော မနာလိုခြင်းကို … သင်တို့မှ ပယ်ရှားကြ‌လော့” (ဧ ၄:၃၁) ဟူသည့် ရှင်ပေါလု၏တိုက်တွန်းချက်ကိုလည်းလျစ်လျူရှုခဲ့သည်။ သို့သော် နာခံလိုက်လျှောက်နိုင်ရန် နည်းလမ်း (၃) ခုကို ဘုရားသခင်ဖော်ပြသည်။

နာကျည်းမှုများကို ဘုရားရှင်ထံ ဆောင်ယူခဲ့ပါ။ ၎င်းကိုဖယ်ရှားပေးရန် တောင်းလျှောက်ပါ။ “ခွင့်လွှတ်လိုက်ပါ” ဟု ဘုရားရှင်ဖြေသံကို ကျွန်မကြားခဲ့ရသော်လည်း မည်သို့ခွင့်လွှတ်ရမည်နည်း။

ဘုရားသခင်သွန်သင်ပါဟု တောင်းလျှောက်ပါ။ ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြုအမူတစ်ရပ်မဟုတ်ဘဲ ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ ပညာရှင် Lewis Smedes (လူးဝစ်စမစ်) ရှင်းပြသကဲ့သို့ ခွင့်လွှတ်ခြင်းဆိုသည်မှာ ပြစ်မှားကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းမဟုတ်ပါ။ “နှစ်ဉီးနှစ်ဘက်လုံး ကျေအေးလိုက်ရန် အသင့်ဖြစ်ခြင်း” ဖြစ်သည်။ မည်သို့ ကျေအေးရမည်နည်း။

သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သောတန်ခိုးတော်၌ အမှီပြုပါ။ ကျွန်မတို့အထဲ၌ ဝိညာဉ်တော်၏လုပ်ဆောင်မှုက သူ၏သက်သေဖြစ်လာပါသည်။ “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ … မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်”မှာ (တ ၁:၈) အမှန်ပင်ဖြစ်သည်။

ထိုအခါ ခရစ်တော်အားဖြင့် ခါးသီးသောပင်မြစ်မှ လှသောပန်း ဖူးပွင့်လာနိုင်သည်။ စင်စစ် ကျွန်မ၏ “နှလုံးသားမြေဆီ”တွင် အစဉ်ပေါင်းရှင်းပေးရန်လိုသည်။ သို့သော် ဘုရားသခင်၏မေတ္တာတော်က ကျွန်မ၏ခါးသီးသောအပြစ်ဒုစရိုက်ကို ကျေးဇူးတော်သို့ ပြောင်းလဲပေးခြင်းပင်ဖြစ်တော့သည်။

<<ယခင်လစာမူ ပြန်ဖတ်ရန်