ဥပဒေ – ကမ္ဘာဉီးကျမ်း
ကျွန်ုပ်တို့ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ ကမ္ဘာလောကကြီးတွင် မကောင်းမှုဒုစရိုက်များ အဘယ်ကြောင့် များပြားနေရသနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် ငြိမ်းချမ်းသက်သာရာ မရနိုင်ဖြစ်နေရသနည်း။ ဘဝ၏ အကြီးမားဆုံးသော မေးခွန်းအချို့၏အဖြေများကို ကမ္ဘာဦးကျမ်း၌ တွေ့ရှိရသည်။၊
ကမ္ဘာဦးကျမ်းသည် ကျွန်ုပ်တို့၏ကမ္ဘာလောကအကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်၏ ပြီးပြည့်စုံသော ဖန်ဆင်းခြင်း၊ ဘုရားသခင်အား လူသားတို့ မနာခံပုန်ကန်ခြင်းနှင့် နောက်ဆက်တွဲအပြစ်သို့ကျဆင်းခြင်း၏ရလဒ်အနေဖြင့် ကမ္ဘာ့ပထမဆုံးသောလူသတ်မှု၊ လိမ်လည်လှည့်ဖြားမှု၊ လူအုပ်စုအလိုက်စစ်ပွဲများနှင့် ရုန်းရင်းဆန်ခတ်မှုများ၊ ညီအစ်ကို အချင်းချင်းတစ်ဦးကိုတစ်ဦး သစ္စာဖောက်လှည့်ဖြားမှုများ ဖြစ်ပေါ်လာသည်။
ကမ္ဘာဦးကျမ်းသည် တစ်ကိုယ်ကောင်းဆန်မှု အတ္တများနှင့် ပြည့်နှက်လျက်ရှိသည့် ကမ္ဘာကြီးအကြောင်းကို ဖော်ပြထားသည်။ သို့ရာတွင် ထိုအကြောင်းများသာမက မျှော်လင့်ခြင်းအကြောင်းကို ဖော်ပြထားသည့် ကျမ်းစာစောင်လည်းဖြစ်သည်။
ကမ္ဘာလောကကြီး၏ ပထမဆုံးမှားယွင်းချိန် အစမှာပင် အရာအားလုံးကို တည့်မတ်မှန်ကန်စေလျက်၊ နေသားတကျဖြစ်အောင် လုပ်ဆောင်ပေးမည့် ကယ်တင်ရှင် သူရဲကောင်းတစ်ဦးအား စေလွှတ်ပေးမည်ဖြစ်ကြောင်း ဘုရားသခင်ကတိတော်ပြုထားသည်။ ထူးခြားသည့်လူမျိုးတစ်မျိုး၏ဖခင်အဖြစ် အာဗြံဟံအား ဘုရားသခင် စတင်ရွေးကောက်ကာ တိုလူမျိုးမှ ကယ်တင်ရှင် ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် အာဗြံဟံသည် သူတော်စင်တစ်ဦးမဟုတ်သလို သူ၏မိသားစု၌လည်း ပြဿနာပေါင်းများစွာရှိနေသည်။
ဘုရားသခင်သည် ခြောက်ပြစ်ကင်းသဲလဲစင်သည့် လူများကို မလိုအပ်ဘဲ မည်သူမည်ဝါကိုမဆို သူအသုံးပြုနိုင်ကြောင်း ကမ္ဘာဦးကျမ်း၌ပါသည့် ဇာတ်လမ်းအကြောင်းအရာများက သက်သေထူလျက်ရှိသည်။
ကမ္ဘာဦးကျမ်း၌ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းပြီး တစ်ခါတရံအံ့သြမှင်သက်ဖွယ်ဇာတ်လမ်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထို့အပြင် ကမ္ဘာဦးကျမ်းသည် ကျန်ရှိသည့် သမ္မာကျမ်းစာအစိတ်အပိုင်းအားလုံး၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ကမ္ဘာဦးကျမ်းသည် အရာခပ်သိမ်း၏အစအဦး – ဘုရားသခင်ဖန်ဆင်းသည့် ကမ္ဘာကြီး၏အစ၊ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်လုပ်ငန်း၏ အစနှင့် ကျွန်ုပ်တို့အား ကယ်တင်နိုင်ပြီး ကမ္ဘာကြီးအား ပြန်လည်ပြုပြင်နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်အား ရှာဖွေမှုခရီးစဥ်အစပင်ဖြစ်သည်။
