ဥပဒေ – ထွက်မြောက်ရာကျမ်း
ထွက်မြောက်ရာကျမ်း၌ ကမ္ဘာ့သမိုင်းရှိ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်လမ်းများထဲမှတစ်ခုကို ဖော်ပြထားသည်။
ကမ္ဘာဦးကျမ်းသည် လောကတစ်ခုလုံးကို ကယ်တင်နိုင်မည့်သူရဲကောင်းအား ရှာဖွေခြင်းအကြောင်းဖြင့် ကျွန်ုပ်တို့ကို သဲလွန်စပေးခဲ့သည်။ သို့သော် ပထမဦးစွာ ဘုရားသခင်သည် သူ၏လူမျိုးတော် ဣသရေလလူမျိုးတို့အား ကျွန်ပြုလျက် မိမိကိုယ်မိမိ ဘုရားသခင်ထက်ကြီးမြတ်သည်ဟု ထင်မြင်သည့် အဲဂုတ္ထုရှင်ဘုရင်၏ လက်မှ ၎င်းတို့ကို ကယ်နှုတ်ရန် လိုပါသည်။
ဇာတ်လမ်းအစက ကမ္ဘာ့သမိုင်း၏ အကြီးမားဆုံးသောထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တန်ခိုးအာဏာအကြီးမားဆုံးပုဂ္ဂိုလ်နှင့် ကောင်းကင်ဘုံရှင် ဘုရင်မင်းတို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး၊ ထိုအားပြိုင်မှုတွင် ရေကိုသွေးဖြစ်စေခြင်း၊ အနာဆိုး၊ မိုးသီး၊ ကျိုင်းကောင်ကျခြင်း၊ အမှောင်ထုနှင့် သေခြင်းတို့ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ ဘုရားသခင်သည် ပင်လယ်ကို ခွဲပြီး၊ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပြီးနောက်၊ ပင်လယ်ကို ပြန်စီးစေခြင်းဖြင့် အဲဂုတ္တုစစ်တပ်ကြီး နစ်မြှုပ်ပျက်စီးစေသည်အထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။ လမ်းမရှိတော့သည့်အခါ ထွက်မြောက်ရာလမ်းကို ဘုရားသခင် ပြင်ဆင်တော်မူသည်။ မျှော်လင့်စရာမရှိသော အခြေအနေ၌ ဘုရားသခင်သည် သူ၏လူမျိုးတော်အား အောင်မြင်ခြင်းသို့ ပို့ဆောင်တော်မူသည်။
ထွက်မြောက်ရာကျမ်းသည် ဘုရားသခင်က သူ၏လူမျိုးတော်အား ညှဥ်းပန်းနှိပ်စက်ကျွန်ပြုမှုမှ လွတ်မြောက်စေသည့် ကယ်တင်ခြင်းအမှုတော် အကြောင်းဖြစ်သည်။ ထိုကယ်တင်ခြင်းအမှုတော်၌ နောင်ဖြစ်လာမည့် ဘုရား သခင်၏ ကမ္ဘာလုံးဆိုင်ရာ ကယ်တင်ခြင်းအမှုတော်လုပ်ငန်း၏ အရိပ်အမြွက်များကို ကျွန်ုပ်တို့တွေ့ရသည်။ ဘုရားသခင်၏ကတိတော်နှင့်ယှဥ်သည့် သူရဲကောင်းသည် မျှော်လင့်စရာမရှိသည့်အခြေအနေ၌ ထွက်မြောက်ရာလမ်းကို ပြင်ဆင်ပေးမည်ဖြစ်ပြီး၊ သူသည် ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်၏ ပညတ်တရားတော်ကို ပြီးပြည့်စုံစေမည်ဖြစ်သည်။ အပြစ်တရား၏လက်မှ ကျွန်ုပ်တို့လွတ်မြောက်ရန်အတွက် အဖိုးအခကို သူပေးဆပ်မည်ဖြစ်သည်။
ထွက်မြောက်ရာကျမ်းသည် ကျွန်အဖြစ်မှ လွတ်မြောက်စေသည့် စိတ်လှုပ်ရှားဖွယ် စွန့်စားခန်း ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် သူ၏လူများကို ကယ်တင်ရန်နှင့် သူပိုင်ဆိုင်သည့် လူမျိုးအဖြစ် ပြန်လည်သိမ်းပိုက်ရန် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်မည်ကို ပြသသည့် ဇာတ်လမ်း/အကြောင်းအရာ ဖြစ်သည်။
