သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏။ (ဟေရှာ ၅၃:၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေရှာယအနာဂတ္တိကျမ်း ၅၃:၁-၈

ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။ ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။ ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။

ဘုရားရှင် နားလည်သည်၊ ဂရုလည်း စိုက်သည်

“မသိနားမလည်မှုနှင့် စိတ်မဝင်စားမှုများသည် ယနေ့ခေတ်လူမှုဆက်ဆံရေး၏ ပြဿနာ ဟုထင်ပါသလား”ဟု လူတစ်ဦးကိုမေးရာ၊ သူက “ကျွန်တော် မသိဘူး၊ ဂရုမစိုက်ဘူး” ဟု ဟာသဖောက်သည်။

ထိုသူနည်းတူ အားလျော့စိတ်ပျက်နေသူ များစွာတို့သည် ယနေ့ခေတ်နှင့် ဤခေတ်ကြီးထဲ နေထိုင်ရှင်နေကြသူများနှင့် ပတ်သက်၍ ထိုနည်းနှင်နှင် ခံစားရကြသည်။ သို့သော် ဘဝ၏ ရှုပ်ထွေးမှုနှင့်သောကပူပန်စရာများနှင့် ပတ်သက်၍ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အပြည့်အဝနားလည်ပြီး အလေးအနက်ဂရုစိုက် သည်။ ဓမ္မဟောင်းကျမ်းမှ ဟေရှာယအနာဂတ္တိကျမ်း ၅၃ တွင် လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော် ကားစင်တင်သတ်ခံရမည့် နိမိတ်လက္ခဏာအားဖြင့် ကျွန်ုပ်တို့အတွက် ယေရှုရှင် နာကျင်ခံစားခဲ့ရသည့် ဝေဒနာပုံရိပ်ကို မြင်ယောင်စေပါသည်။ “ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ … သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲနေ၏” (:၇)။ “ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏” (:၈)။ “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍ နာစေ တော်မူ၏။ အပြစ်ဖြေသောယဇ်ကို ပူဇော်ပြီးမှ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏အကြံအစည်တော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်” (:၁၀)။

ယေရှုရှင်သည် ကျွန်ုပ်တို့၏အပြစ်နှင့် မကောင်းမှုဒုစရိုက်များကို လိုလားစွာ လက်ဝါးကပ်တိုင်ပေါ်သို့ ယူတင်ဝတ်ဆောင်သွားရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်တို့၏သခင် ကျွန်ုပ်တို့အတွက် ပေးဆပ်သလောက် မည်သူကမျှ မပေးဆပ်ပါ။ ကျွန်ုပ်တို့ကို အပြစ်များမှကယ်တင်ဖို့ရန်အတွက် မည်သည့်အဖိုးအခ ပေးဆပ်ရမည်ကို သခင်သိသော်လည်း ချစ်ခြင်းမေတ္တာအားဖြင့် သခင်စိတ်လိုအားရစွာ ပေးဆပ်တော်မူသည် (:၄-၆)

သေခြင်းမှ ရှင်ယေရှုထမြောက်ခြင်းကြောင့် ကိုယ်တော်သည် အသက်ရှင်လျက် ယနေ့တွင် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူပေ၏။ကျွန်ုပ်တို့ မည်သည့် အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ရှင်ယေရှု နားလည်ပြီး ဂရုပြုသည်သာမက ကျွန်ုပ်တို့ကို ယင်းအခြေအနေများကြားတွင် ပွေ့ချီဖြတ်ကျော်သွားပါမည်။ – David C. McCasland

ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ (လု ၂၄:၆)

<<ပြန်ဖတ်ရန်

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။