သူတို့သည် သင်္ချိုင်းတော်ကို လည်း‌ကောင်း၊ အလောင်းတော်ကို အဘယ်သို့ထားသည်ကိုလည်းကောင်း အကြည့်အရှုလိုက်လာကြ၏။ (လု ၂၃:၅၅)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၃:၅၀-၂၄:၁၂

၂၃:၅၀ ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊ ၂၃:၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင်၍၊ ၂၃:၅၂ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ၂၃:၅၃ အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ၂၃:၅၄ ထိုနေ့ကား အဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။ ၂၃:၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။ ၂၃:၅၆ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။

၂၄:၁ ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။ ၂၄:၂ ရောက်သောအခါ တွင်းဝ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင်၍ အတွင်းသို့ ဝင်သော်၊ ၂၄:၃ သခင်ယေရှု၏အလောင်းတော်ကို မတွေ့ကြ။ ၂၄:၄ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။ ၂၄:၅ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင် ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။ ၂၄:၆ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ ၂၄:၇ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊၂၄:၈ ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊ ၂၄:၉ သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။ ၂၄:၁၀ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သောမာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။ ၂၄:၁၁ သူတို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။ ၂၄:၁၂ သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။

သင်္ချိုင်းဂူတွင် ခေတ္တရပ်တန့်ခြင်း

ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ ရက်သတ္တပတ် အနည်းငယ်တွင် ကျွန်ုပ်၏အငယ်ဆုံးသမီးလေးနှင့် ကျွန်ုပ်တို့ စတိုးဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်ခဲ့ကြသည်။ “ဒီပစ္စည်းတွေကို ကြည့်ပါအုံး။ ချိုချဥ်တွေနဲ့ ကလေးကလားအရာတွေကလွဲပြီး ဘာမှမရှိဘူး။ ဒီဆိုင်ရဲ့ ဘယ်နေရာမှာမဆို သင်္ချိုင်းဂူရောင်းဖို့ ရှိမှာမဟုတ်ဘူးဆိုတာကို သမီးသေချာပြောရဲတယ်“ ဟု သူက ဆိုသည်။

ရှင်ပြန်ထမြောက်ရာနေ့ သင်္ကေတအဖြစ် သူမသည် ကားတိုင် သို့မဟုတ် နှင်းပန်းကို မဖော်ပြဘဲ သင်္ချိုင်းကို ဖော်ပြသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ကျွန်ုပ်ထင်မိသည်။ ရှင်ပြန်ထမြောက်ခြင်းကို ဆင်နွှဲရန် ကျွန်ုပ်အနေဖြင့် ယခင်က အလောတကြီး ဆောင်ရွက်ခဲ့ခြင်းများရှိခဲ့ပြီး၊ ကျွန်ုပ်မကြာခဏ ကမန်းကတန်း လုပ်ခဲ့သည့် တစ်စုံတစ်ရာကို သူမ မှတ်မိနေခြင်း ဖြစ်နိုင်သည်။ သခင်ယေရှုကို ဂူသင်္ချိုင်းတွင် နေရာချကြပြီးနောက်၊ သခင်နှင့်အကျွမ်းဝင်ဆုံးသူများ၏စိတ်၌ ၎င်းသည် သူရှိနေရမည့်နေရာဟုပင် တွေးမည်ဖြစ်သည်။

ရှင်လုကာခရစ်ဝင် ၂၃ နှင့် ၂၄ တို့တွင် သခင်ယေရှု၏ ခန္ဓာကိုယ်နှင့် ဂူသင်္ချိုင်းတို့ကို အကြိမ်မည်မျှ ဖော်ပြထားသည်ကို သတိပြုမှတ်သားပါ။ ပထမဦးဆုံး ရှင်ပြန်ထမြောက်ရာနေ့ မနက်စောစောတွင် ဆီလျော်မှန်ကန်သော သင်္ဂြိုလ်ခြင်းထုံးစံအတွက် အမျိုးသမီးများသည် အလောင်းကို နံ့သာဆီများဖြင့် လိမ်းကျံပေးရန် သင်္ချိုင်းဂူသို့ ရောက်လာခဲ့ကြသည်။ ဤဆိုးရွားသော အဆုံးသတ်ကြောင့် သူတို့ အလွန်ဝမ်းနည်းနေကြစဥ် “ဤအရပ်၌မရှိ ရှင်ပြန်ထမြောက်တော်မူပြီ။” (လု ၂၄:၆) ဟူသည့် မမှန်၊ မဖြစ်နိုင်ဟု ထင်ရသည့် အံ့ဩဖွယ်သတင်းကြောင့် သူတို့ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။

ဂိတ်ဆုံးပြီဟု ထင်ရသော ကျွန်ုပ်တို့၏ဝမ်းနည်းမှုများနှင့် ကျိုးပဲ့ကြေမွသွားသော အိမ်မက်များကို သခင်ယေရှု၏ ဗလာသင်္ချိုင်းဂူက ထာဝရပြောင်းလဲပေးသည်။ ထိုဗလာသင်္ချိုင်းသည် အပြစ်နှင့် သေခြင်းကို အောင်နိုင်ခြင်းနှင့် သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့ရရှိသည့် အသက်ရှင်သော မျှော်လင့်ခြင်း ကို ကြွေးကြော်နေတော့သည်။

အကြီးမြတ်ဆုံးသော ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်သည် ပုံပြင်တစ်ခု၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ သင်္ချိုင်းဂူတွင် ကျွန်ုပ်တို့ ခေတ္တရပ်တန့်ဆင်ခြင်သောအခါ ၎င်း၏ ပြီးပြည့်စုံသောသွင်ပြင် လက္ခဏာ ပေါ်လာတော့သည်။ – David C. McCasland

သခင်ခရစ်တော်၏ ဗလာဂူသင်္ချိုင်းသည် ကျွန်ုပ်တို့၏သေခြင်းအပေါ်အောင်ပွဲကို အာမခံလျက်ရှိသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။