ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ (ယော ၁၃:၁၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၁၃:၁-၁၇

ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။ ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။ ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။ ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ ၁၀ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ၁၁ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။ ၁၂ ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ ၁၃ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။ ၁၄ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ ၁၅ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။ ၁၆ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။ ၁၇ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။

ပုဝါဇာတ်လမ်း

ကျွန်ုပ်တက်ရောက်ခဲ့သည့် အားသစ်လောင်းအစည်းအဝေးတစ်ခု၌ သခင်‌ယေရှုက တပည့်တော်များ၏ခြေကို ဆေးပေးသောပုံပါသည့်အမှတ်တရ လက်ချုပ်ပုဝါလေးတစ်ခုကို ရရှိခဲ့သည်။ ထိုပုဝါလေးသည် နှစ်အတန်ကြာမျှ အလှပြပစ္စည်းအဖြစ် တည်ရှိခဲ့သော်လည်း ကျွန်ုပ်သမီးတစ်ယောက်က ကားသန့်ရှင်းရေးလုပ်ရာတွင် အမှတ်တမဲ့ သုံးပြုမိလိုက်သဖြင့် ပုဝါလေးကို ချွတ်ဆေးသုံး၍ အဝတ်လျှော်စက်ဖြင့် လျှော်ပါသော်လည်း ပုဝါပေါ်၌ ချွတ်၍မရသောစက်ဆီ အစွန်းအကွက်မဲများက ထင်ကျန်သွားသည်။

ထိုအမှတ်တရ ပုဝါလေးဖြင့် ကားဘီးအဖုံးများ၊ ကားဘန်ဘာများကို သုတ်သည်ကို သိသောအခါ စိတ်မကောင်းဖြစ်မိသည်။ နောက်မှ ပုဝါလေးသည် ကျွန်ုပ်အသက်တာနှင့်တူကြောင်းကို မြင်လာမိသည်။ “အစေခံအမှုဆောင်ရန် လိုအပ်လာချိန်တွင် ကျွန်ုပ်သည် သာမန်အပြုအမူ လုပ်ရပ်လေးကို ယနေ့ပြုရမည့်အစား အထူးအပြုအမူလုပ်ရပ်ကိုမှ လုပ်ရန် မိမိကိုယ်ကို ကြိုတင် ပြင်ဆင်သတ်မှတ်ထားပါသလား” ဟု မိမိကိုယ်ကို မေးခွန်းထုတ်မိ၏။ သခင်‌ယေရှုက တပည့်တော်များ၏ခြေကို ဆေး၍သုတ်ပေးခဲ့စဉ်က သူ၏ပုဝါညစ်ပေခဲ့သည် မဟုတ်လား။ ပုဝါသည် အလှပြထားရန်အတွက်လော။ လက်တွေ့အသုံးချရန် အတွက်လော။

သခင်ယေရှုက “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်” (‌ယော ၁၃:၁၄) ဟု မိန့်ကြားခဲ့၏။

ကျွန်ုပ်အသက်တာကို သူတစ်ပါးအတွက် အသုံးမပြုပါက ညစ်နွမ်းစွန်းထင်မှု ကင်းနေမည် ဖြစ်သော်လည်း ထိုအခြေအနေမျိုး၌ ခရစ်တော်အတွက် အစေခံခြင်းအတွက်မူ လုံးဝအသုံးမဝင် တော့ကြောင်း ပုဝါလေးက သတိပေးနေတော့၏။ စစ်မှန်သောအစေခံမည်သည်ကား နေ့စဉ် ညစ်နွမ်းပေကျံနေမည်သာ။ – David C. McCasland

အလှဆင်ယင်ထား သန့်ရှင်းနေငြား အသုံးမဝင်အလကား၊ ညစ်ထေးစွန်းထင်းမလှ တပည့်တော်ဘဝ အသုံးခံရ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။