အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ။ (လု ၂၃:၃၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၃:၂၆-၃၄

၂၆ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှလာသည်ကို သူတို့သည် တွေ့လျှင်၊ ဘမ်းဆီး၍၊ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ ၂၇ နောက်တော်၌လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။ ၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့ သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။ ၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသော ဝမ်းနှင့် သူငယ်မစို့ဘူးသော သားမြတ်သည် မင်္ဂလာရှိ၏ ဟု ပြောရသော နေ့ရက်ကာလ ရောက်လိမ့်မည်။ ၃၀ ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အို ကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။ ၃၁ အကြောင်းမူကား စိမ်းသောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်း ဟု မိန့်တော်မူ၏။ ၃၂ ထိုအခါ ကိုယ်တော်နှင့် အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ ၃၃ ကရာနီ အမည်ရှိသော အရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့သည် လကျ်ာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ၃၄ ယေရှုကလည်း အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။

သဘာဝလွန် ခွင့်လွှတ်ခြင်း

လူသတ်မှုတစ်ခုတွင် လူသတ်သမားကို ၁၀ နှစ်နီးပါးကြာပြီးမှ ဖမ်းမိပြီး တရားစွဲခဲ့သည်။ အသတ်ခံရသူလူငယ်၏ အစ်ကိုမှာ တရားရုံး၌ တုန်ရီသောအသံဖြင့် “ငါ့ညီက အခုအချိန်မှာ ရှိနေပြီး မင်းကိုခွင့်လွှတ်တယ် ဆိုရင်တောင် ငါက မင်းကို ခွင့်မလွှတ်ဘူး” ဟု ပြောလိုက်သည်။

နားလည်နိုင်ပါသည်။ ပြစ်မှားခံရသူ၊ မတရားခံရသူ ဓားစာခံအနေဖြင့် တရားခံကို ခွင့်လွှတ်ရန် ခက်လှသည်။ နက်ရှိုင်းစွာ ရှိနေသော ဒဏ်ရာကို ပျောက်စေမည့်၊ နှလုံးသားမှ နာကျင်မှုကို သက်သာစေမည့် စကားကို အစပြု ပြောဆိုရန် ခက်လှပါသည်။ ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့ သဘာဝအလျောက် ချက်ခြင်း တုံ့ပြန်နိုင်သော အရာမဟုတ်ပါ။ ထို့ကြောင့် ရလဒ်အနေဖြင့် မိသားစုချင်းတို့ပင် အရင့်အရင်က နာကျင်မှုများကြောင့် တစ်ဦးနှင့်တစ်ဦး ဖယ်ကြဉ် စိမ်းကားကြသည်။

မည်သို့ပင်ဖြစ်စေ ကားတိုင်ထက်၌ သခင်ယေရှုမိန့်ကြားသည့်စကားကို ဆင်ခြင်ကြည့်ပါ။ သခင်သည် ဖျားနာသူကို အနာငြိမ်းစေသည်။ ဆာလောင်သူကို ကျွေးမွေးသည်။ လမ်းလွဲသူများကို သွန်သင်ပဲ့ပြင်သည်။ သခင်သည် အပြစ်နှင့် ကင်းစင်သူ ဖြစ်သော်လည်း ကဲ့ရဲ့ရှုံ့ချခြင်း၊ လှောင်ပြောင်ခြင်း၊ ရိုက်နှက်ခြင်း ဒဏ်ရာများကို ခံယူခဲ့သည်။ ထိုသို့ ဘ၀ အမှောင် ကျနေသည့်အခိုက်အတန့်တွင် သူ၏နှုတ်မှ “အိုအဘ၊ သူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိကြ” (လု ၂၃:၃၄) ဟု မြွက်ဆိုလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပါ။ ၎င်းသည် ကားတိုင်ထက်တွင် သခင် ပထမဆုံး မိန့်မြွက်သော စကားဖြစ်သည်။ ထိုစကားက ကြားရသူတို့အပေါ် မည်သို့ သက်ရောက်မှု ဖြစ်စေမည်ကို စဉ်းသာစဉ်းစားကြည့်ပါ။ သခင်ယေရှုသည် အမျက်ဒေါသကို မပြ၊ မုန်းတီးမှုကိုလည်း မဖော်ပြခဲ့ဘဲ လူသားတစ်ဦးက ပေးနိုင်သော ချစ်စရာအကောင်းဆုံး ခွင့်လွှတ်ခြင်း စကားကို သခင်ဖော်ပြခဲ့သည်။

ဘုရားသခင်၊ မိမိ မတရားခံရစဉ် သူတစ်ပါးကို ခွင့်လွှတ်ခြင်းအရာ၌ သားတော်သခင်နှင့် တူစေပါ။ — Dave Branon

ခရစ်သခင်သည် ကျွန်ုပ်တို့အပြစ်ကြွေးများ ဆောင်ယူပြီ၊
သခင်အသေခံ၍ ကျွန်ုပ်တို့ ယနေ့အသက်ရှင်၏။
ထိုမေတ္တာတော် သိခဲ့ရ၍ ဘာပြောနိုင်အံ့။
သခင်ယေရှု ခွင့်လွှတ်နိုင်ရန် ကူမမူပါ။ — D. DeHaan

အကောင်းကို အဆိုးဖြင့် တုံ့ပြန်တတ်ခြင်းက လူ့သဘာဝ၊ အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းက သဘာဝလွန် အံ့ဖွယ်ရာပင်။


ထင်ဟပ်ဖော်ပြချက်

ကယ်တင်ခြင်း အမှုတော်တွင် သခင်ယေရှုသည် ဆင်းရဲသူ၊ လိုအပ်သူများနှင့် မပြတ်ထိတွေ့ဆက်ဆံသည်။ ၎င်းသည် သခင်၏ အမှုတော်တစ်လျောက်လုံးတွင် အမှန်ပင်ဖြစ်သည်။ ကရာနီကုန်းသို့ သွားသော ခရီးတွင်လည်း ခရစ်တော်ရှင်သည် စိတ်ဝိညာဉ်ပိုင်း၌ လိုအပ်သူများကို တွေ့ဆုံခဲ့ခြင်းက အံ့ဩစရာဖြစ်သည်။ ကုရေနေပြည်သား ရှိမုန်သည် သခင်ယေရှု၏ ကားတိုင်ကို ကူ၍ ထမ်းခဲ့ရပြီး (:၂၆)၊ နောက်ပိုင်းတွင်း သခင်ခရစ်တော်ကို သူ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့သည်မှာ ထင်ရှားသည် (မာ ၁၅:၂၁ တွင် သွယ်ဝိုက်ဖော်ပြထားသည်)။ ယေရုရှလင်သမီးတို့သည် သခင်ယေရှု၏ သေခြင်းအတွက် ငိုကြွေးကြသောအခါ သခင်က ၎င်းတို့ကို သွန်သင်ခဲ့သည် (:၂၇-၃၁)။ သူ့နံဘေး၌ ကားတင်သတ်ခံရသည့် ဓားပြအား ကယ်တင်ခြင်းကို ပေးခဲ့သည် (:၃၉-၄၃)။ ကားတိုင်ထက်၌ ချိတ်ဆွဲခံရချိန်တွင် သခင်၏ အန္တိမဆန္ဒ စိတ်စွဲလန်းရာကား ပျောက်ဆုံးသူ၊ အပြစ်ရှိသူများ ခွင့်လွှတ်ခြင်းကို ရှာဖွေတွေ့ရှိစေရေးပင်ဖြစ်သည် (:၃၄)

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။