ကရာနီ အမည်ရှိသောအရပ်သို့ ရောက်ကြသော် ကိုယ်တော်ကို . . . လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ (လု ၂၃:၃၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၃:၄၄-၅၆

၄၄ ထိုအချိန်တွင် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ ၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ၄၆ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။ ၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူ မှန်ပေ၏ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။ ၄၈ ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြားအရာကို မြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။ ၄၉ ဂါလိလဲပြည်မှ နောက်တော်သို့ လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးက ကြည့်ရှုရပ်နေကြ၏ ၅၀ ထိုအခါ ယုဒပြည် အရိမသဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊ ၅၁ ဘုရားသခင်၏ နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊ ၅၂ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ၅၃ အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ် ၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ထားသည်ကို လည်းကောင်း အကြည့်အရှု လိုက်လာကြ၏။ ၅၆ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။

၀မ်းနည်းဖွယ် နိဂုံးမှ အောင်မြင်ခြင်းသို့

`Good Friday´ – ကောင်းသော သောကြာကြီးနေ့ဟု ကျွန်ုပ်တို့ခေါ်ဆိုသော်လည်း ထိုနေ့ထိုအချိန်က ထိုအရပ်၌ ရှိနေသူတို့က ထိုသောကြာနေ့ကို ကောင်းသောနေ့ဟု ခေါ်ဆိုမည် မဟုတ်ပါ။ အကောင်းဆုံး လူသားအဖြစ် သမိုင်းက မှတ်တမ်းတင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးကို ရောမတို့၏ ကားတိုင်ထက်၌ သံမှိုနှင့် ရိုက်နှက်စွဲကာ သတ်ဖြတ်ခဲ့ကြသည်။ ကိုယ်တော်၏ ရန်သူများအတွက် ၎င်းသည် အောင်မြင်မှုတစ်ရပ်ဖြစ်မည်။ စစ်သားများအတွက် ၎င်းသည် တာဝန်တစ်ရပ်မျှသာဖြစ်သည်။ နောက်တော်လိုက် တပည့်တော်များအတွက် ၎င်းတို့၏ အတောက်ပဆုံးမျှော်လင့်ချက်၊ အကြီးမားဆုံး အိမ်မက်များ သေဆုံးသွားခြင်း ဖြစ်သည်။ သို့သော် ၎င်းကို မည်သူကမျှ ကောင်းသောသောကြာကြီးနေ့ ဟု မခေါ်ဝေါ်ခဲ့ပါ။

ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနေ့နှင့် ကင်းကွာပြီး ဆင်ခြင်လျှင် ဆိုးဝါးသော သောကြာနေ့များဖြစ်မည် ဧကန်ပင်။ ၎င်းတို့က ရည်ရွယ်ချက်မဲ့ အဓိပ္ပာယ်မဲ့လျက် ဘဝကို အချည်းနှီးဖြစ်စေသည်။ သို့သော် ဘုရားသခင်၏ အထူးမြတ်ဆုံးသော အောင်ပွဲသည် ချေမှုန်းခံရပုံပေါ်နေသည့် သင်္ချိုင်းတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဆရာကြီး ဟားဘတ် စခရှူးလော့စ်ဘတ် (Herbert Schlossberg) ရေးသားသည့် Idols For Destruction စာအုပ်တွင် “ကျွန်ုပ်တို့သည် သမိုင်းကြောင်းကို အစိုးမရ၊ ဖြစ်ပေါ်လာမည့် ရလဒ်ကို မထိန်းချုပ်နိုင်ပါ။ သို့သော် သမိုင်းကို အစိုးရသည့် သခင်ဘုရား ရှိတော်မူပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ထိန်းချုပ်ထားကြောင်း ကျွန်ုပ်တို့ စိတ်ချယုံကြည်သည်။ ဘုရားသခင်သည် ဖမ်းသွား ချုပ်နှောင်ခံရသူ၊ ချေမှုန်းခံရသူ၊ ကားစင်တင်သတ်ခံရသူအဖြစ် လုပ်ဆောင်ခဲ့ကြောင်း အသိအမှတ်ပြု လက်ခံရမည့် အနိဋ္ဌာရုံဖြစ်ရပ်အတွက် ဓမ္မကြောင်း ဆိုင်ရာ အနက်ဖွင့်ဆိုခြင်းကို ကျွန်ုပ်တို့လိုအပ်သည်။ အနိဋ္ဌာရုံအဖြစ်ဖုံးကွယ်ထားသည့် ဘုရားရှင်၏ အောင်မြင်မှု အစီအရီကို သမ္မာကျမ်းစာက အနက်ဖွင့်ပေးနိုင်သည်” ဟု ရေးသားဖော်ပြထားသည်။

သခင်ယေရှုခရစ်တော်ကို ကိုးစားယုံကြည်ခြင်းဖြင့် နေ့ရက်အစဉ်တိုင်းကို ရင်ဆိုင်ပါ။ ဘုရားရှင်၏ အကြီးမားဆုံးသော အောင်မြင်မှုများသည် တစ်ခါတစ်ရံတွင် ရှုံးနိမ့်မှု၏အောက်၌ ဖုံးကွယ်လျက်ရှိနေတတ်ပါသည်။ — Haddon Robinson

ကျွန်ုပ်တို့ မမြင်ရလည်း ဘုရားသခင်၏ အကြံအစည်တော်သည် မှန်ကန်ပေ၊
အရာခပ်သိမ်းကို အကျိုးအလို့ငှာ ကိုယ်တော် ပြုနေ၊
ဝမ်းနည်းဖွယ်နိဂုံးကို ပြောင်းလဲစေပေ။ — Sper

ဘုရားသခင်၏အထူးမြတ်ဆုံးသော အောင်ပွဲသည် ချေမှုန်းခံရပုံပေါ်နေသည့် သင်္ချိုင်းတွင်းမှ ထွက်ပေါ်ခဲ့သည်။


ထင်ဟပ်ဖော်ပြချက်

ဗိမာန်တော် ကုလားကာ နှစ်ခြမ်း ဖြာကွဲထွက်ခြင်းက ထူးခြားမှုဖြစ်သည်။ သန့်ရှင်းရာဌာနသို့ မဝင်အောင် ထိုကုလားကာဖြင့် ကွယ်ထားလျက် တားမြစ်ထားခဲ့ရာ၊ ယခုတွင် လူတိုင်းဝင်ရောက်နိုင်ရန် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။