(ယေရှုသည်). . . မိမိ အသက်ရှင်သည် အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။ (တ ၁:၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ တမန်တော်ဝတ္ထု ၁:၁-၁၁

အို သောဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မှီ ကာလတွင်၊ ပြုမူသွန်သင်တော်မူသမျှတို့ကို ထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။ အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သော အရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။ ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှ မထွက်မသွားဘဲ၊ ခမည်းတော်၏ ကတိကို ငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုကတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည် ကြားသိရကြပြီ။ ကတိတော်အချက်ဟူမူကား၊ ယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုတမန်တော်တို့သည်လည်း စုဝေး၍ သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို သိရှိရသောအခွင့်သည် သင်တို့၌ မရှိ။ ထိုသို့ မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။ ၁၀ ထိုသို့ ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့စေ့စေ့ကြည့်မျှော်လျက်နေစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သော အဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့ အနားမှာ ပေါ်လာ၍၊ ၁၁ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့် ခွာ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့ မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တဖန် ကြွလာတော်မူလတံ့ဟု ပြောဆို၏။

မမှားနိုင်သော သက်သေများ

သခင်ယေရှုုသည် “မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏” (တ ၁:၃) ဟူ၍ သမ္မာကျမ်းစာ၌ ဖော်ပြပါရှိသည်။ ရှင်လုကာ ရေးသားခဲ့သည့် ဤအဆိုသည် သမိုင်းဝင် အဆိုဖြစ်ခြင်းထက် သာလွန်ပါသည်။ သခင်ယေရှုခရစ်တော် ခန္ဓာအားဖြင့် ထမြောက်ကြောင်းကို ငြင်းပယ်သည့် ဝေဖန်ရေးဆရာများအားလုံးကို ၎င်းအဆိုက စိန်ခေါ်နေသည်။ သခင်ယေရှုသည် အသက်ရှင်ကြောင်း၊ လူများစွာက သူ့ကို တွေ့မြင်ခဲ့ကြောင်း၊ စိတ်ချသေချာသည့် သက်သေများစွာသည်သခင်၏ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုပေးကြောင်း စိတ်လှုပ်ရှား ထိတ်လန့်အံ့ဩဖွယ်အဆိုကို ရှင်လုကာက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

ယခုတွင် နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ သမ္မာကျမ်းပါ သခင်ဘုရား၏ ခန္ဓာနှင့်တကွ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ သွန်သင်ချက် ဩဝါဒလောက် အဆက်မပြတ် တိုက်ခိုက်ခံရသည့် ဩဝါဒ မရှိပါ။ ထိုမျှမက ၎င်းသည် ခရစ်ယာန်သွန်သင်ချက် တရားတော်၏ အခရာ အထွတ်ကျောက် ဖြစ်နေခြင်းက အံ့ဩစရာ မဟုတ်ပါ။

ခရစ်ယာန်သွန်သင်ချက်တရားတော်အားလုံး၏ တည်ရှိခြင်း/ ပြိုလဲခြင်းသည် သခင်ယေရှု၏ ထမြောက်ခြင်းအပေါ်၌ တည်နေသည်။ သခင်၏ ထမြောက်ရှင်ပြန်ခြင်းကို မှားသည်ဟု သက်သေပြနိုင်လျှင် ခရစ်ယာန်တရားတော်သည် မြေသို့ ပြိုလဲပျက်စီးသွားပြီး ရှေးဟောင်း ဂရိနှင့် ရောမတို့၏ ဒဏ္ဍာရီလောက်ပင် ယုံကြည်နိုင်စရာ မရှိပါ။

မာရ်နတ်က ဤအချက်ကို ကောင်းကောင်းသိပါသည်။ ထို့ကြောင့် ခရစ်တော်သည် ခန္ဓာနှင့်တကွ ရှင်ပြန် ထမြောက်ကြောင်း သမ္မာတရားကို အရင်ဦးဆုံး ထိုးနှက်ကြသည်။ မကြာခဏ ဆန့်ကျင်ထိုးနှက်သည်။ သခင်ယေရှု အသက်ရှင် တော်မူကြောင်း မမှားနိုင်သော၊ ခိုင်ခံ့သော သက်သေများပေါ်၌ ကျွန်ုပ်တို့၏ ခရစ်ယာန်ယုံကြည်ခြင်း တည်နေပါ၏။ — M.R. DeHaan M.D

ခရစ်တော်သည် အသက်ဖြစ်ကြောင်း
အလောင်းမဲ့ဂူမှ သခင်၏အောင်ခြင်းကို ကြွေးကြော်၊
သခင့်အား ကိုးစားယုံသူတိုင်းကို
သေခြင်း၊ ငရဲ ဘယ်အရာမှ မထိခိုက်နိုင်။ — Anon.

ခရစ်တော် အသက်ရှင်တော်မူခြင်းကြောင့် သေခြင်းအရိပ်ကို ကျွန်ုပ်တို့ ကြောက်စရာမလို။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။