သူခိုးလူဆိုးနှစ်ယောက်

ကားစင်တင်သတ်ခြင်းသည် နှိပ်စက်ညှင်းပန်းခြင်းဖြစ်သည်။ ကြိုးတိုက်ကျလူအား တိုင်ပေါ်ချိတ်ဆွဲရန် သားရေသိုင်းကြိုး (သို့) ဆူးချွန်များကို အသုံးပြုသည်။ အကူအညီမဲ့ တိရစ္ဆာန်သည် သံဆူးကြိုးခြံစည်းရိုးတွင် ငြိမ်နေသကဲ့သို့၊ ရက်အတော်ကြာ ဒုက္ခကြီး ဝေဒနာပြင်းစွာ နာကျင်နေမည်ဖြစ်သည်။ ကားစင်သတ်ခံရသူသည် အသက်ရှုရမွန်းကျပ်ကာ အားအင်ကုန်ခမ်းပြီး၊ အသက်ထွက်သွားလေ့ရှိသည်။

ကားတိုင်သုံးခုပေါ်မှ လူသုံးယောက်

အေဒီ ၃၃ နွေဦးကာလ … ယေရုရှလင်မြို့ နံရံများအပြင်ဘက်တွင် လူသုံးဦးကို ကားစင်တင်သတ်ခဲ့ခြင်းက ကမ္ဘာ့သမိုင်း၏လမ်းကြောင်းကို ပြောင်းသွားစေခဲ့ပါသည်။ ရောမအာဏာသားတို့သည် ကားစင်သတ်ခံရသူ သုံးဦး၏ လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်များကို သံနှင့်ထုရိုက်သွင်းလိုက်ကြသည်။ ဤသို့ စီရင်မှုမျိုးသည် ရှေးခေတ်အာရှအလယ်ပိုင်းဒေသတွင် ဖြစ်နေကျဖြစ်ရပ်ဖြစ်ပါသည်။ သို့သော် နှစ်ပေါင်း နှစ်ထောင်ကျော်လာသည့်တိုင် ဤကားစင်တင်သတ်မှုကို လူအများပြောဆိုနေကြဆဲဖြစ်သည်။

ကျမ်းစာအုပ်အဟောင်းတစ်အုပ်၏ ရေခံစာရွက်အလွတ်ပေါ်တွင် ရေးထားသော ကားတိုင်သုံးခုပေါ်မှ လူသုံးဦးသေဆုံးခြင်း၏ ထူခြားမှုအား ရှင်းပြထားချက်ကို တွေ့ရှိခဲ့သည်။ မမေ့နိုင်စရာ ရေးထားသည်မှာ “တစ်ဦးသည် သူ၌အပြစ်ရှိပြီး၊ သူ့အပေါ်သို့ အပြစ်ကျရောက်၍ သေဆုံးသည်။ နောက်တစ်ဦးမှာ သူ၌အပြစ်ရှိသော်လည်း သူ့အပေါ်သို့ အပြစ်မကျရောက်ဘဲ သေဆုံးသည်။ တတိယတစ်ဦးမှာမူ သူ့အပေါ်သို့ အပြစ်ကျရောက်သော်လည်း သူ၌ အပြစ်မရှိပါ။” ဟူ၍ဖြစ်သည်။ ထိုရှင်းပြချက်ကို တွေ့ရှိသည့်အချိန်မှစ၍ ကျွန်ုပ်သည် အလွန်လေးနက်ပြီး ကျွန်ုပ်တို့ နားလည်ရန်လိုအပ်သော မတူကွဲပြားမှုအချို့ကို ရိုးရိုးလေး ဖော်ပြရှင်းလင်းချက်ကို မြဲမြဲကိုင်စွဲထားတော့သည်။

အပြစ်ရှိပြီး၊ သူ၏အပေါ်သို့ အပြစ်ကျရောက် သေဆုံးသူ

ထိုသူသည် ထိုနေ့၌ အစီရင်ခံရသူ လူဆိုးနှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ဆိုင်ရာ တရားဥပဒေအရ ထိုက်သင့်သော အပြစ်ဒဏ်ပေးခံရသူဖြစ်သည်။ ရောမပြည် ကဲသာဘုရင်၏အခွင့်အာဏာအရ တရားသူကြီးက သူ့အား နေထိုင်ရန်မသင့်တော်တော့သော အိမ်စုတ်တစ်လုံးပမာ ပြစ်ဒဏ်ချမှတ်၊ စီရင်ခဲ့သည်။

၎င်းသည် ဒေါသထွက်လျက် သေဆုံးသွားပုံရှိသည်။ သူအဖမ်းခံရခြင်းအတွက်၊ တရားစီရင်ခံရခြင်းအတွက်၊ ကားတင်သတ်ရာနေရာသို့ လာရာလမ်းတစ်လျှောက် သူ့အား စိတ်အားညှိုးငယ်ကျဆင်းစေခြင်းအတွက်၊ အထူးသဖြင့် ၎င်း၏နံဘေး၌ အပြစ်ကင်းစွာ ကားတင်ခံနေရသော ယေရှုဟုခေါ်သောသူအပေါ်တွင် ထိုသူ စိတ်ဆိုး ဒေါသထွက်ခဲ့ပုံပေါ်သည်။ ထို ပထမသူခိုးကဲ့သို့ပင် သခင်ယေရှုကို အထင်သေး ကဲ့ရဲ့သူများစွာရှိပါသည်။ လောက၏အလင်း၊ လောက၏ မျှော်လင့်ခြင်းဟု မိမိကိုယ်မိမိ ပြောဆိုခဲ့သူကိုယ်တိုင် ရာဇဝတ်သားကဲ့သို့ ကားတင်သတ်ခံရကာ၊ ကိုယ့်ကိုကိုယ် သေခြင်းမှ မကယ်တင်နိုင်ခြင်းအတွက် ဘေးလူအနေနှင့် ဒေါသထွက်မိရန် လွယ်ပါသည်။

ထို ပထမသူခိုးလူဆိုးသည် မိမိကိုယ်ကိုသော်လည်းကောင်း၊ အခြားသူကိုသော်လည်းကောင်း မကူညီနိုင်ခဲ့သော သခင်ယေရှုကို စိတ်ဆိုးလျက် (လု ၂၃:၃၉)၊ သူကိုယ်တိုင်၌ရှိသောအပြစ်ကြောင့်နှင့်၊ သူအပေါ်ကျရောက်သောအပြစ်ကြောင့် သေဆုံးခဲ့သည်။

အပြစ်ရှိသော်လည်း၊ သူ၏အပေါ်သို့ အပြစ်မသက်ရောက်ဘဲ သေဆုံးသူ

ထိုနေ့၌ အစီရင်ခံရသူနောက်တစ်ဦးရှိပါသည်။ အစအဦး၌ ထိုသူသည် အခြားသူများကဲ့သို့ သခင်ယေရှုကို ကဲ့ရဲ့အပြစ်တင်ခဲ့သည်။ ယေရှုကို ကိုယ်ကိုကိုယ်ကယ်တင်ရန်နှင့် ကတိထားတော်မူသော ကယ်တင်ရှင်မေရှိယ အမှန်ဟုတ်မဟုတ် စိန်ခေါ် ပြက်ယယ်ပြု၍ ပြောဆိုခဲ့သည် (မ ၂၇:၃၇-၄၄)။

သို့သော်လည်း အမှောင်ထုနီးလာချိန်တွင် ထို ဒုတိယလူဆိုးသည် စိတ်ထားပြောင်းလဲကာ ပထမလူဆိုးကို “သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသော အပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြု” ဟု ပြောကြားသတိပေးခဲ့သည်။ သခင်ယေရှုကိုမူ “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်ရန် ကြွလာတော်မူသောအခါ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟု လျှောက်ဆိုခဲ့ပါသည်။ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏” (လု ၂၃:၃၂-၄၃)။

ဤမှတ်တမ်းတင်ချက်သည် အရေးကြီးဆုံးသောစကားပြောဆိုချက်များကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ ဤစကားလုံးအနည်းငယ်သည်၊ ကျန်ရှိသော ဓမ္မသစ်ကျမ်းစာမှ အခန်းကြီးများက ထုတ်ဖော်ကြေညာသော အပြစ်မှခွင့်လွှတ်ခြင်းနှင့် ထာဝရအသက်သည် သူတို့၏အပြစ်မှခွင့်လွှတ်ခြင်းအတွက် သခင်ယေရှုအား စိတ်ချယုံကြည်သူ မည်သူမဆိုထံ ပေးနေကြောင်း ပြသနေပါသည်။ သခင်ယေရှု ခရစ်တော်၌ ကိုးစားယုံကြည်မှုကသာ ကျွန်ုပ်တို့၏ ထာဝရလမ်းဆုံးပန်းတိုင်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ (ယော ၃:၁၆-၁၈တ ၁၆:၃၁ရော ၄:၅ဧ ၂:၈-၉တိ ၃:၅)

ဤသူခိုးလူဆိုးမှာ သူ့ဘဝကို ပြန်လည်ထူထောင်တည့်မတ်ရန် အချိန် မရှိပါ။ ထိုဖြစ်စဉ်တွင် သခင်ယေရှု၌ အပ်နှံယုံကြည်ရန်သာရှိပြီး၊ ဘုရားရှင်၏ ထာဝရမိသားစုအတွင်း ဝင်ရောက်ရန် ရုပ်ပုံကားချပ်တစ်ခုကို ကျွန်ုပ်တို့အားလုံးအတွက် ပေးခဲ့ပါသည်။

အရိုးရှင်းဆုံးသော ယုံကြည်ချက်ထုတ်ဖော်မှုကို တုံ့ပြန်ရာ၌ သူ့အတွက် ခွင့်လွှတ်အပြစ်လွှတ်မှုကို သခင်ယေရှု သေချာခိုင်မာစေခဲ့ပါသည်။ ဤလူဆိုးသည် ပြုမိသော အပြစ်အတွက် သေရသော်လည်း၊ အပြစ်က သူ၏အပေါ်သို့ မသက်ရောက်နေပါ။ ကောင်းကင်ဘုံ၏တရားသူကြီးဖြစ်သော ထာဝရအရှင်ဘုရားသခင်က ဤလူဆိုးမှ အပြစ်ဒုစရိုက်များကို အပြစ်ဆောင်ယူသူ သခင်ယေရှု၏အပေါ်သို့ တင်ထားနေရာချခဲ့သည်။

သူ၏အပြစ်ကြောင့်မဟုတ်၊ သူ့အပေါ်သက်ရောက်သော အပြစ်ကြောင့် သေဆုံးသူ

ကမ္ဘာလောက၏အပြစ်ကို ထိုနေ့က သခင်ယေရှုတာဝန်ယူ ထမ်းခဲ့ပါသည်။ ကမ္ဘာလောက၏ အပြစ်ဒုစရိုက်ဝန်ထုပ်နှင့် သခင်သေဆုံးခဲ့သော်လည်း သခင်ယေရှု၌ အပြစ်စိုးစဉ်းမျှ မရှိပါ။

နောက်သုံးရက်အကြာတွင် သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ခြင်းဖြင့် သခင် သေဆုံးခဲ့ခြင်းသည် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်သော်လည်း၊ မှားယွင်းမှုတစ်ခု မဟုတ်ပါ။ သံချက်ရာ အမာရွတ်ရှိသောခန္ဓာနှင့် ထမြောက်ရှင်ပြန်သောသခင်ယေရှုသည် ရာပေါင်းများစွာသော တပည့်တော်နောက်လိုက်များအား၊ သူတို့ကိုယ်စား သခင်ခံယူခဲ့ခြင်းအပေါ် ယုံကြည်လက်ခံရန် အထောက်အထားအားလုံးကို ပေးအပ်ခဲ့ပါသည်။ ထာဝရဘုရား၏တရားစီရင်ခြင်းသည် ကျွန်ုပ်တို့ကိုယ်စား သခင်ယေရှုအပေါ် ကျရောက်ခဲ့ပါသည်။

ထူးဆန်းအံ့သြဖွယ် ကျွန်ုပ်တွေ့ရှိခဲ့သည်မှာ ဤဇာတ်လမ်းသည် ကျွန်ုပ်တို့၏အဖြစ်အပျက်ဇာတ်လမ်း ဖြစ်နေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ ထိုကွပ်မျက်ရာနေရာတွင် ရှိနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အပြစ်အမှားများကို သခင်ယေရှုဘုရားက ခံယူထမ်းဆောင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ထိုနေရာတွင် ရှိနေခဲ့ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံး ပထမ သူခိုးလူဆိုးကဲ့သို့ (သို့) ဒုတိယ သူခိုးလူဆိုးကဲ့သို့ တုံ့ပြန်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ပြောသောစကားက ထူးခြားကွဲပြားမှုမပြုသော်လည်း ယုံကြည်ခြင်းက ထူးခြားမှုကိုပြုပါသည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက၊ ယုံကြည်လိုပါက ဘုရားသခင်ထံ သင့်အား ယုံကြည်ခြင်းကိုပေးရန် တောင်းလျှောက်ပါ။ “အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစ တော်မူပါဟု” တောင်းလျှောက်သူများထဲတွင် သင်သည် ပထမဆုံးသောသူ မဟုတ်ပါ (မာ ၉:၂၄)။

ကောင်းကင်ဘုံ၌ရှိတော်မူသောအဘ၊ ကိုယ်တော်၏ဇတ်လမ်းကို ကျွန်ုပ်တို့ မြင်တွေ့နိုင်အောင် ကူညီစောင်မတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော့်သားတော်၏ ခံစားမှုဝေဒနာ၌ ကိုယ်တော်၏ခံစားရမှုနှင့် ကျွန်ုပ်တို့အတွက်ထားရှိသော သခင့်ချစ်မေတ္တာတော်ကို ကျွန်ုပ်တို့မြင်ရပါသည်။ သခင်ယေရှု၏ အသေခံတော်မူခြင်း၌ ကျွန်ုပ်တို့ကျူးလွန်မိသော အမှားများအတွက် ကိုယ်တော်၏ပေးဆပ်မှုနှင့် ခွင့်လွှတ်တော်မူခြင်းကို မြင်တွေ့ရပါသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်တော်မှုခြင်းအားဖြင့် ကိုယ်တော်သည် သူ၏ပေးဆပ်မှု၌ အပြည့်အစုံ ကျေနပ်နှစ်သက်တော်မူကြောင်း အာမခံချက်ကို တွေ့ရှိရပါ၏။

အဘဘုရား၊ ဤဇတ်လမ်းသည် ကျွန်ုပ်တို့၏ဇတ်လမ်းဖြစ်ကြောင်းကို သိမြင်စေသည့်အတွက်လည်း ကျေးဇူးတင်ပါ၏။ ပထမလူဆိုး၏အဖြစ်အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို မုန်းတီးလိုခြင်း၊ ကိုယ်တော့်မေတ္တာတော်ကို လက်မခံလိုခြင်း၊ ကျွန်ုပ်တို့၏ဒေါသအမျက်ကြောင့် ကိုယ်တော်နှင့် အခြားသူများနှင့် ဝေးကွာလာစေခြင်းတို့ကို တွေ့မြင်ရပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏နှလုံးသားများကို နူးညံ့လာစေပြီး ဒုတိယလူဆိုးကဲ့သို့ အလွန်နောက်မကျခင် မိမိအမှားကို သိမြင်လာစေသည့်အတွက်လည်း ကျေးဇူးတော်ချီးမွမ်းပါသည် ဘုရား။

<<ပြန်ဖတ်ရန်

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။